jp Ulmuka_ဇီးကွက်: ဇီးကွက် ပြားသွားခြင်း

Sunday, February 24, 2008

ဇီးကွက် ပြားသွားခြင်း

အလည် လာတဲ့ သူငယ်ချင်း တွေ အားလုံး မင်္ဂလာပါ။ ဒီတစ်ခါ ခရီးထွက်တာ နည်းနည်း ကြာသွားတယ်။ ပြန်ရောက်တာနဲ့ စီပုံးကို ဖွင့်တော့ ရေးထားပေးကြတာတွေ ဖတ်ပြီး အမောကို ပြေသွားတာပဲ။
ဒီတစ်ခါ ခရီးထွက်တာ တော့ အစကတည်းကကို အဆင်မပြေဘူး။ အစက သွားမယ်လို့ ပြင်ထားတဲ့ နေ့ကို လူကြီးလာမှာမို့ စောင့်ပေးပါဆိုပြီး စောင့်ပေးတာ လာလည်း မလာဘူး။ အဲဒါနဲ့ လေယာဉ်လက်မှတ်ချိတ်ထားတာ တွေ အကုန်တစ်လွဲ ဖြစ်ပြီး ကျိုင်းတုံမှာ နှစ်ည အိပ်လိုက်ရတယ်။ အိမ်မှာ နေရမယ့် ရက်ထဲက လျော့ သွားတာပေါ့။ ခွင့်ပြန်ပါတယ်ဆိုမှ။
ဒီတစ်ခေါက် ခရီးသွားတာ ဘာဖြစ်နေလဲ မသိဘူး။ တော်တော်ကို အဆင်မပြေဘူး။ စီးလိုက်တဲ့ ကားတိုင်းက ဘီးပေါက်တယ်။ လိုင်းကား စီးတာတောင်မှ လှည်းတန်းကနေစီးတာ မြေနီကုန်းရောက်တော့ တစ်စီးက ဘက်ထရီကုန်လို့၊ နောက်တစ်ခါကျတော့ မော်တာ ကြိုးပြတ်လို့ တဲ့ ကားပြောင်းစီးရတယ်။ သူများတွေ လည်နေတဲ့ ဖေဖော်ဝါရီ ၁၄ရက်လည်း သင်တန်းတက်နေရတယ်။ Blogintine ဂိမ်းလေးတောင် မဆော့လိုက်ရဘူး။
အပြန်ကျတော့လည်း အဲလိုပဲ။ လေယာဉ်က 20 ရက်နေ့ မှာ မှာထားပြီးသား လက်မှတ်လဲ ယူပြီးသား ဆိုမှ Flight Cancel တဲ့။ ဒါဆို ၂၁ ဖြစ်ဖြစ် ၂၂ ဖြစ်ဖြစ် သွားမယ်ဆိုတော့ တစ်လလုံး လေယာဉ်မရှိဘူးတဲ့။ သေရော။ လေယာဉ်မရှိရင် ကားနဲ့ သွား မယ်ဆိုပြီး ကားလက်မှတ် ဖြတ်တာ နောက်ဆုံး ခုံပဲရတော့တယ်။ ပစ္စည်းတွေလည်း အကုန်ထားခဲ့ရတယ်။ ကွန်ပြူတာ အပါအ၀င်ပေါ့။ (ကျွေးမယ် ဆိုပြီး ရိုက်လာတဲ့ ဓါတ်ပုံတွေ ပါကွန်ပြူတာ ထဲမှာ ကျန်ခဲ့တယ်။ အစက မန်မိုရီ စတစ်ထဲမှာ ပါလာတယ်ထင်နေတာ ရောက်မှ မပါမှန်း သိတယ်။ နောက်တစ်ခေါက်ပေါ့နော်။ ရိုက်လာတာက ၀က်သားချဉ်၊ ဟင်းထုပ်...... :P အမြည်းပေးထားတာ)
ဒါ နဲ့ နောက်ဆုံးခုံလည်း မတတ်နိုင်ဘူး ဆို ပြီးထွက်လာတာ ၂၁ ရက်နေ့ ရန်ကုန်က ထွက်လာတာ ၂၂ ရက်နေ့ လားရှိုး ရောက်တယ်။ ၂၄ နာရီ ဆက်တိုက် စီးလိုက်ရတယ်။ လေအိတ်ကား ဆိုတော့ တော်သေးတာပေါ့ ။ ကားလေးလောက်တော့ မညောင်းဘူး။ ညောင်းတော့ ညောင်းတာပေါ့။ နောက်နေ့ ကားဆက်စီးပြီး ဒီဖက်ကို လာဖို့ ချင်းရွှေဟော်ကို ဗင်နဲ့ သွားတယ်။ ဒါလဲ သိပ်တော့ မညောင်းဘူး။ ထိတာက ဒီနေ့ လိုင်းကားနဲ့ ဒီကို လာတဲ့ အချိန်မှ ထိတာ။
မနေ့က ရောက်ရောက်ချင်း ကားလက်မှတ် သွားဝယ်တယ်။ ထိုင်စရာ တော့ မရှိတော့ဘူးတဲ့။ အစပိုင်း တော့ ရပ်စီးရမယ်။ နောက် ခရီးမှာ လူတွေဆင်းရင် နေရာ ရမယ်ပေါ့။ ကိုယ်က လည်း ငါရန်ကုန်မှာ တောင် ဘတ်စ်ကားတွေ တိုးစီးလာတာ ဒီလောက်တော့ အပျော့ပေါ့ဆိုပြီး ရပါတယ်ဆိုပြီး ၀ယ်လိုက်တယ်။ မနက်ကား သွားစီးတော့မှ လားလား ကိုယ်တော်ချော တရုတ်တွေက ၂၁ယောက်စီး မီနီဘတ်စ် အသေးလေးကို လူ ဘယ်နှစ်ယောက်ကို ရောင်းထားတယ်မှတ်လဲ။ သုံးဆယ့် ရှစ်ယောက်ဗျို့။ ဒါက လူကြီးတွေပဲနော်။ လက်မှတ်မ၀ယ်ပဲ လူကြီးပေါ် ထိုင်စီးမယ့် ကလေး က ငါးယောက်ပါတယ်။ အားလုံးက နှစ်နှစ်၊ သုံးနှစ် အရွယ်တွေ ။ ငိုလိုက်တာများ အသုဘ ချလာသလား အောက်မေ့ရတယ်။ လူကြပ်ချက်ကတော့ ခြေထောက်ထားစရာ နေရာတောင် တစ်နေရာပဲရတယ်။ ရွေ့ရမရ ပြုမရနဲ့။ မနက်ပိုင်းကတော့ နည်း နည်း အေးတယ်ဆိုတော့ တော်သေးတယ်။ နေ့လည်လည်း ရောက်ရော နေကလည်း ပူလာတော့ ချွေးနံ့ကလေးတွေ တသင်းသင်းနဲ့ပေါ့။ ဆင်းမယ်ဆိုတဲ့ လူတွေကလည်း သုံးနာရီလောက် စီးပြီးမှ ဆင်းကြတော့ ဇီးကွက် ခမျာမှာ တောင့်တောင့်လေး သုံးနာရီ ရပ်လိုက်ရတယ်။ လမ်းကလည်း တောလမ်း ၊ အကွေ့ အ၀ိုက်တွေ၊ ချိုင့်တွေက များများနဲ့။ ဟိုဖက်တိမ်းလိုက် ဒီဖက်ယိမ်းလိုက်ပေါ့။ ဖွင့်ထားတဲ့ သီချင်းကလည်း ဒစ်စကိုတို့ တက်ကနိုတို့ ဆိုတော့ ဇီးကွက်တော့ ပြားတာပဲ။ ညောင်းရတဲ့ အထဲ အသံနဲ့ကော ၊ အနံ့နဲ့ကော နှိပ်စက်ကြတာကိုး။
ဒီရောက်ရောက်ခြင်း ရေမိုးချိုး ထမင်းစားပြီး အိပ်ချင်နေပြီ။ ဒါပေမယ့် ဘလော့ဂ် သံယောဇဉ် မပြတ်လို့ ပို့စ်လေး ကို ရိုက်ဖြစ်အောင်ရိုက်လိုက်တာ။ အခုတော့ မရတော့ဘူး။ အိပ်ပြီနော်။ ကောင်းသောည ပါဗျို့။ မလေးမ တက်ထားတာလည်း တွေ့တယ်။ လောလောဆယ်တော့ ရေးနိုင်ဦးမယ် မထင်သေးဘူးဗျ။ တစ်ပါတ်လောက်တော့ စောင့်ပါဗျာ နောက် အပါတ် စနေ၊ တနင်္ဂနွေကျရင် ရေးဖြစ်အောင် ရေးပါမယ့်။ အလုပ်တွေကလည်း တောင်လိုပုံပြီးစောင့်နေလို့ဗျ။ :(

1 comment:

ရွှန်းမီ said...

အဆင်ပြေပါစေ ကိုဇီးကွက်