jp Ulmuka_ဇီးကွက်: ပြန်ရောက်ပါကြောင်း

Saturday, April 19, 2008

ပြန်ရောက်ပါကြောင်း

သုံးလပိုင်း ၂၈ ရက်နေ့ကနေ စပြီးတော့ ခရီးထွက်လိုက်တာ ၁၈ ရက်နေ့ မနက်ပိုင်းမှ ပြန်ရောက်တယ်။ သေချာ ပြန်တွက်ကြည့်တော့ အဲဒီ ၂၁ ရက်မှာ ကားပေါ်မှာ နေရတဲ့ရက်က ၁၁ ရက် ရှိတယ်။ တစ်နေ့ကုန် ကားပေါ်မှာ နေတာမဟုတ်ပေမယ့် ပျမ်းမျှ တစ်ရက်ကို ခြောက်နာရီလောက်က ကားပေါ်မှာ ဆိုတော့ တော်တော့်ကို ညောင်းတယ်။ ကိုယ်တိုင်ကိုက ခရီးသွားရတာ ကို ကြိုက်လို့ တော်သေးတာပေါ့။ နို့မို့ဆိုရင် ခရီးသွားရတာ တစ်ခုထည်းနဲ့တင် ဒီအလုပ်ကို စိတ်ကုန်လောက်တယ်။ ပြောသာပြောရတာပါ ။ အမှန်ကတော့ ဒီတစ်ခါ ခရီးသွားတာ အလုပ်က တစ်ဝက် အလည်က တစ်ဝက်။ အလုပ်နဲ့ ခရီးသွားလို့လဲ ပြီးရော သင်္ကြန်ဆိုတော့ ကိုယ့်ဘာသာကိုယ် ခရီးသွားချင်တာကလည်း တစ်ကြောင်း၊ ရုံးမှာ မနေချင်ကလည်း တစ်ကြောင်း နဲ့ ခရီးသွားလိုက်တာ။

ခရီးသွားရင် ကြုံရတာလေး ပြောရဦးမယ်။ အမှန်ကတော့ ကိုယ့် အပြစ်နဲ့ကိုယ်ပါ။ ဒီတစ်ခေါက် သွားတာ တာချီလိတ်ဖက် ရောက်တယ်။ သူငယ်ချင်းတစ်ယောက်နဲ့ သွားတာပါ။ မသွားခင်ကတည်းကတော့ မေးတော့မေးတယ် ဟိုမှာ မြန်မာငွေ သုံးလို့ရလားဆိုတော့ သူက `မရဘူး.. ဒါပေမယ့် မပူနဲ့ ဟိုမှာ သူ့အသိတွေရှိတယ်။ ပိုက်ဆံဟိုမှာ လဲတာ ပို အဆင်ပြေတယ်ပေါ့။ မြန်မာငွေနဲ့ ဘတ်နဲ့ လဲချင်လဲ ရတယ်။ တရုတ်ငွေကိုလည်း ဘတ်နဲ့ လဲလို့ အဆင်ပြေတယ်တဲ့။´ ဒါနဲ့ ကိုယ့်မှာ ရှိတဲ့ တရုတ်ငွေ ကို မြန်မာငွေလဲပြီး ယူသွားရင် သယ်ရတာလေးတယ်။ ဟိုရောက်မှ လဲမယ်ဆိုပြီး တရုတ်ငွေတွေပဲ ယူသွားဖြစ်တယ်။

ဟိုရောက်တော့လည်း အဆင်ပြေပါတယ်။ ရောက်ရောက်ချင်း သူငယ်ချင်းက လာကြို ပြီး ငွေလဲ တဲ့ နေရာ ပို့ပေးတယ်။ ကိုယ်လဲ လိုမယ်ထင်သလောက်လဲတာပေါ့။ အဆင်ကိုပြေလို့ ။ နောက်နေ့ကျတော့ မယ်ဆိုင်ဖက် ရောက်တယ်။ ကျွန်တော်တို့ နှစ်ယောက်လဲ ရှိတဲ့ ဘတ်ငွေတွေကို သုံးဖြုန်းပြီး လည်တာပေါ့။ ကုန်လဲ ကိစ္စမရှိဘူးလေ။ ပိုက်ဆံလဲရတာ လွယ်တယ်မလား။ ဒါနဲ့ ဒီဖက်ကမ်းရောက်တော့ ပိုက်ဆံက မရှိတော့ဘူး။ နှစ်ယောက်ပေါင်းမှ ဘတ်၂၀ (မြန်မာငွေနဲ့ဆိုရင် ၈၀၀ နီးပါးပေါ့) ပဲကျန်တယ်။

အဲဒါနဲ့ ပိုက်ဆံလဲမယ်ဆိုပြီး သူငယ်ချင်းဆီဖုန်းဆက်တော့ သူက လူကြီးခေါ်လို့ မြို့ပြင်ရောက်နေတယ်တဲ့။ ဒါနဲ့ မထူးပါဘူး ကိုယ့်ဘာသာကိုယ် လဲမယ်ဆိုပြီး မြို့ထဲ လမ်းလျှောက်သွားပြီး မေးကြတယ်။ နယ်ခံ မဟုတ်လို့လား မသိဘူး။ တရုတ်ငွေနဲ့ဆို မလဲဘူး ဆိုပြီး ငြင်းကြတယ်ဗျ။ လူပုံတွေကလည်း တကယ့် ဂျစ်ပစီပုံပေါက် နေကြတာကိုး။ ဆံပင်မညှပ် မုတ်ဆိတ်မရိတ်နဲ့။ ကျောပိုးအိတ်တွေကလည်း လွယ်ထားလိုက်သေးတယ်လေ။ မိုးကလည်း ချုပ်နေတာလည်းပါတယ်။ ဆိုင်တွေလည်း တော်တော့်ကို နှံ့နေပြီ ဘယ်ဆိုင်မှ မလဲပေးကြဘူး။ ၇ နာရီလောက်ရောက်တော့ ဗိုက်က တော်တော်ဆာနေပြီ။ ဒါနဲ့ ထမင်းဆိုင်ဝင်ပြီးမေးတယ် တရုတ်ငွေနဲ့ စားလို့ ရလားပေါ့။ မရဘူးတဲ့။ သေချင်စော်ကို နံသွားတာပဲ။ နောက်ဆုံး ရှိသမျှ အိတ်တွေ နှိုက်ကြည့်တော့ မြန်မာငွေ ၈၀၀၀ လောက်ထွက်လာတယ်။ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း။ အဲဒါကို ဘတ်ငွေလဲတော့ ၂၀၀ လောက်ရတယ်။ ဒါပေမယ့် ထမင်းဆိုင်မှာ စားရင် ဘယ်လောက် ကျမလဲ မသိဘူးလေ။တစိမ်းမြို့ကို။ မလောက်ရင် အရှက်ကွဲ ဦးမယ်။ ဒါနဲ့ ကောက်ညင်းပေါင်းနဲ့ အကြော်ဝင်စားကြတယ်။ ပြီးတော့ လမ်းလျှောက်လည်ကြတာပေါ့။ တက်စီလည်း မစီးချင်ဘူး။ တက်စီခက ဘယ်လောက်ကျမလဲ မသိဘူးလေ။ သူငယ်ချင်းကလည်း ဘယ်အချိန်ပြန်ရောက်မလဲ မသိ။ သူက ဒီည မရောက်ရင် မနက်စာ စားဖို့ ပိုက်ဆံလဲ ချန်ထားရသေးတယ်လေ။ ပြီးတော့ နောက်နေ့ က မနက် အစောကြီး ကား စီးရမှာ ဆိုတော့ ပိုက်ဆံလဲဖို့က ပိုတောင် မသေချာသေးတယ်။

တော်ပါသေးတယ်။ လမ်းလျှောက်နေရင်းနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ သူက ပိုက်ဆံလဲပေးလို့ အားလုံး အဆင်ပြေသွားတယ်။ ဟူး........ အဲဒီညက စိတ်ညစ်လိုက်ပုံများ ပြောမနေနဲ့တော့။ ပိုက်ဆံ ရှိရဲ့သားနဲ့ မသုံးရတဲ့ ဘ၀။ သင်ခန်းစာလည်း တော်တော် ရသွားပါတယ်။ နောက်ဆိုရင် ပိုက်ဆံကို ပိုပိုလျှံလျှံလဲမှ မဟုတ်ရင် ဒုက္ခ ရောက်တတ်တယ် ဆိုတာပေါ့။ ပြီးတော့ တစိမ်းမြို့ကို ရောက်ရင် ဘယ်လောက်ရင်းနှီးတဲ့ လူရှိရှိ ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံးပဲ ဆိုတာ သိသွားတယ်။ သူတို့လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ ကိုယ့်ကို ဘယ်သေချာ ဂရုစိုက်နိုင်ပါ့မလဲလေ။ နောက်ဆိုရင် သင်္ခန်းစာ ရတာပေါ့လေ။ လောကကြီးက ကိုယ့်ကို သင်တန်းပေးတယ်လို့ပဲ မှတ်ယူလိုက်ပါတယ်။

1 comment:

ThinkingHoney said...

ဟီးး :P
ကြားရတာ စိတ်မကောင်းပါဘူး ဇီးလဒရယ်
အဲတာကြောင့်ပြောတာ အရှေ့ဖက်ကမ်းကကိစ္စ အရှေ့ကမ်းမှာ ထားခဲ့ပါဆို ငွေတွေသယ်လာတာကိုး
တပုဒ်ထဲနဲ့တော့ မရဘူးဗျ
နင် ဂျစ်ပစီလှည့်လည် နေတာ အကြာကြီး
ိပို့စ် ၆ခုလောက်တော့ ရေးသင့်တယ်