Forward Mails တွေကို လူတိုင်း ရဖူးကြပါမှာ။ E Mail သုံးတဲ့ လူတွေတိုင်းရဲ့ စာပုံး (Inbox) ထဲတွေမှာ Forward Mail တွေနဲ့ ပြည့်နေတာပါပဲ။ တစ်ချို့ စာတွေက တော်တော်ဖတ်လို့ ကောင်းပါတယ်။ ကောင်းတဲ့ စာတွေကို ကျွန်တော်လည်း ပြန်ပြီးတော့ ဆက်လက်ပို့ပေးတာတွေလည်း ရှိပါတယ်။ အခု က ပြောမှာ က ဒီစာကို လူ ဘယ်နှစ်ယောက်ဆီပို့ပါ။ မပို့ရင် ဘာဖြစ်မယ် ညာဖြစ်မယ်။ ဘယ်သူက ဘယ်လို ပို့ လို့ ဘယ်လောက်ကံကောင်းသွားပြီး ဘယ်သူက မပို့မိလို့ ဘယ်လို ကံဆိုးသွားတယ် ဆိုတဲ့ ရွှေပေလွှာတွေပါ။
နောက် ရေးပုံတစ်မျိုးရှိသေးတယ်။ ဒီစာကို စာရပြီး သုံးရက်အတွင်း ရှေ့ဆက် ၇ ယောက်ကို မပို့ရင် သင်ချစ်တဲ့ လူကို ဆုံးရှုံးမယ်။ ပို့ရင် သင့်ရဲ့ဖူးစာရှင်နဲ့ တစ်ပါတ်အတွင်း တွေ့မယ်ဘာညာနဲ့။ ကိုယ်က ပို့လိုက်ပါပြီတဲ့။ တကယ်ကောတွေ့လို့လား။ ပြီးတော့ တချို့သူငယ်ချင်းတွေဆို တစ်ပါတ်မှ တစ်ခါ စာစစ်တဲ့လူတွေရှိတယ်။ သူတို့ဆီရောက်သွားရင် သူတို့က သုံးရက် အတွင်းမပို့မိလို့ သူတို့ ချစ်တဲ့လူ တစ်ယောက် ဆုံးရှုံးသွားရင် ကောင်းပါ့မလား။
ဒီမျိုးစာတွေကို ငယ်ငယ်တုန်းကလည်း ရဖူးပါတယ်။ ၇စောင်ကို လက်ရေးနဲ့ ကူးပြီး ဝေခိုင်းတာပါ။ ငယ်ငယ်တုန်းကတော့ ကြောက်တာပေါ့။ လက်ရေးနဲ့ကို ကူးပြီးဝေရတာ။ ပြီးတော့ တွေ့တဲ့လူကို လိုက်ပေးတာပဲ။ အထူးသဖြင့်တော့ ကိုယ်ဒုက္ခပေးချင်တဲ့ လူတွေ၊ ကိုယ်သိပ်ကြည့်မရတဲ့ လူတွေကို ပေးတာပေါ့။ အနည်းဆုံးတော့ သူတို့ ၇စောင် ကူးရတော့မယ်လေ။
အခုကျတော့ လျှပ်စာနဲ့ဆိုတော့ ဘာမှ ကူးရေးစရာလည်းမလိုတော့ဘူး။ တစ်ခါထဲ ဆက်လက်ပေးပို့မည် ကို နှိပ်လိုက်တာနဲ့ သူများဆီရောက်သွားတော့ အားရပါးရကို ပို့ကြတော့တာပဲ။ တစ်ချို့ဆို လူ လေးဆယ်၊ ငါးဆယ်ဆီ ပို့ကြတယ်။ အခုတလော က ဘယ်လိုဖြစ်လဲ မသိ ကျွန်တော့်ဆီကို ဒီလိုမျိုး ရွှေပေလွှာတွေ တော်တော်များများ ရောက်လာတယ်။ မယုံကြည်ပေမယ့် ဖတ်ပြီးရင် တော်တော် စိတ် အနှောင့် အယှက်ဖြစ်တယ်။ ကိုယ်ပို့လိုက်ရင် သူများလည်း ကိုယ့်လို စိတ်အနှောင့်အယှက် ဖြစ်မှာပဲ ဆိုပြီးတော့ ပို့လည်း မပို့ဖြစ်ပါဘူး။
အရင်လက ကျွန်တော် တော်တော်ကံဆိုးနေတယ်။ လင်း စီပုံးမှာ လာအော်သွားသလို ခေါင်းကို ဆင်နင်းခံနေရတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်တော့် အကိုလိုခင်တဲ့ သူငယ်ချင်းက ရွှေပေလွှာ တစ်စောင် ပို့လာတယ်။ လူက ကံဆိုးနေတဲ့ အထဲ ဒီလိုမျိုးစာရောက်လာတော့ စိတ်က တော်တော်တိုသွားတယ်။ အဲဒါနဲ့ သူ့ဆီကို ချက်ချင်းပဲ စာပြန်ရေးတာပေါ့။ ငါဒီလောက်ကံဆိုးနေတာကို ဒီမျိုးစာ ပို့ရသလားပေါ့။ ပြီးတော့ ငါလည်း ဘယ်တုန်းကမှ ဒီလိုမျိုးစာတွေကို ရှေ့ဆက်မပို့မှန်းလဲ သိသားနဲ့ ပို့တယ်။ ငါ ဒီထက်ကံဆိုးရင်တော့ ဒီစာပို့တဲ့ လူကိုပဲ အလျှော်ပြန်တောင်းရမယ် ဘာညာနဲ့ တော်တော် ပြင်းပြင်းထန်ထန်ရေးလိုက်မိတယ်။
သူလဲ ချက်ချင်းပဲ တောင်းပန်ပါတယ်။ သူ့ဆီကို စာရောက်လာတော့ သူလဲ ထွက်သွားရင်ပြီးရောဆိုပြီး ရှိတဲ့ လူတွေဆီကို ပို့လိုက်တာပါပေါ့။ အမှန်ကတော့ ကျွန်တော် ကံဆိုးနေတာ သူ့အပြစ်လဲ မဟုတ်ပါဘူး။ ဒီစာတွေကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။ ဒါပေမယ့် ကံဆိုးနေတဲ့ အချိန်မှာ ဒီမျိုးစာတွေကို ဖတ်လိုက်ရရင် စိတ်ထဲမှာ ဘယ်ကောင်းပါတော့မလဲ။ အခုဆိုရင် Forward Mail တွေဆိုရင် ဖတ်ကို မဖတ်ချင်တော့ဘူး။ အကုန်လုံးကို ဖျက်ပစ်လိုက်တာပဲ။
အမှန်က Forward Mail တိုင်း မကောင်းတာ မဟုတ်ပါဘူး။ Forward Mail တွေထဲမှာလဲ သိသင့်တဲ့ သတင်းတွေတို့၊ ကြည့်သင့်တဲ့ ပုံလေးတွေတို့၊ ဟာသတွေတို့ က ဖတ်ရတာ လူကို အသိပညာတိုးတာတို့ စိတ်ပေါ့ပါးသွားတာတို့ ဖြစ်စေပါတယ်။ အခုဟာက ဘာမှ မဟုတ်တဲ့ ရွှေပေလွှာတွေ ။ လူတွေကို အကျိုး မရှိရုံမက စိတ်ကို မသက်မသာဖြစ်စေပါတယ်။ သူတို့ပြောတော့ ပို့ရင် ကံကောင်းမယ်တဲ့။ ပို့တဲ့ လူတွေကို မေးကြည့်တော့ ဘာမှ ထူးထူးခြားခြား လဲ ကံကောင်းမလာပါဘူး။ အဲဒီတော့ ဒီမျိုးစာတွေကို ပို့မယ်ဆိုရင် နည်းနည်းတော့ စဉ်းစားပြီး ပို့ပေးကြပါလို့။


2 comments:
ငါများ အရေးလုပ်ပြီးတောင် ခေါင်းထဲမထည့်ဘူး
ထည့်ခံစားမနေပါနဲ့ကွာ
ပြောလိုက်မိလို့လဲ စိတ်မကောင်းမဖြစ်နဲ့
ငါတော့ ပေါ်တင်ပြောလိုက်လို့ good byeသွားတာတောင် ၂ယောက် ၃ယောက်ရှိနေပြီ။
နားတောင်အေးသေးတယ်။
ဟုတ်တယ် ကိုဇီးကွက်..
ဒါမျိုးတွေကို လက်ပိုက်ကြည့်မနေသင့်ဘူး..
မီလဲ ပြောပစ်လွန်းလို့ မပို့ကြတော့ဘူး။ ..
တခါတလေတော့လဲ လူတွေကိုက မစဉ်းစားပဲ သူတစ်ပါးကို နှောက်ယှက်ရတာ ၀ါသနာပါကြတယ်။
"လူကို ခင်ပါသည်။ ရွှေပေလွှာကို မခင်ပါ" လို့ စာကပ်ထားရမယ် ထင်တယ်။
Post a Comment