သူတောင်းစား အကြောင်းပဲ ရေးဖြစ်နေသလိုလို ဖြစ်နေပြီ။ မရေးပဲလဲ မနေနိုင်ဘူးလေ။ ဟိုတစ်နေ့က ဘလော့ဂ်လျှောက်လည်ရင်း ရထားပေါ်ကနေ အလျှူလုပ်တဲ့ အကြောင်းဖတ်မိတော့ ရထားစီးတိုင်း တွေ့ရတဲ့ ရထားနောက် ကနေ ပြေးပြေးလိုက်လာတဲ့ ကလေးတွေကို မြင်ယောင်သွားမိတယ်။ တော်တော် အန္တရယ်များပါလားလို့လည်း တွေးမိသွားတယ်။
ငယ်ငယ်တုန်းက ဖတ်ဖူးတယ်။ ရထားလမ်းဘေးက ကလေးတွေ အတွက် ပိုက်ဆံမဟုတ်ပဲ စာအုပ်တွေ ပစ်ချပေးတဲ့ အကြောင်းပေါ့။ ပိုက်ဆံ ပစ်ချပေးတာနဲ့ စာရင် အများကြီး ကောင်းပါတယ်။ ဒါပေမယ့် အန္တရယ် မများပေဘူးလား။ အကူအညီလိုနေတာက ရထားလမ်းဘေးက ကလေးတွေတင် မကပါဘူး။ မြို့ထဲမှာလည်း အများကြီးပဲလေ။ ကလေးလေး တွေ ရထားပေါ်က ပစ်ချတဲ့ ပိုက်ဆံ၊ စာအုပ်၊ ရေသန့်ဘူးတွေကို လိုက်ကောက်ရင်း ရထားအောက် များ ရောက်သွားရင် မတွေးဝံ့စရာပဲ။
ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံတို့ ချိုချဉ်တို့ က ဘာမှ မဖြစ်လောက်ပေမယ့် သူတို့ ဘ၀တွေကို ပြောင်းလဲစေနိုင်ပါတယ်။ အကောင်းဖက်ကတော့ မဟုတ်ဘူးပေါ့လေ။ ရေသာခို စိတ်တွေ များလာနိုင်တာပေါ့။ တောင်းစားရတာနဲ့ အလုပ်လုပ်စားရတာ ယှဉ်လိုက်ရင် တောင်းစားရတာက သက်သာတာကိုး။ ဒီတစ်ခါ ခရီးသွားတုန်းက တွေ့ရတာလေး ပြောပြဦးမယ်။ လူငယ်လေး တစ်ယောက် အသက် ၂၀လောက်ပဲ ရှိဦးမယ်။ ခြေတစ်ဖက် မသန်ဘူး။ ကျန်တဲ့ တစ်ဖက်ကတော့ အကောင်းကြီး။ အဲဒါကို ချိုင်းထောက် သုံးပြီး မသွားပဲနဲ့ လူသနားအောင် မြေကြီးပေါ် တရွတ် ဆွဲသွားတယ်။ မခက်ပေဘူးလား။ (ကိုယ်ကလည်း အဲဒါမျိုးဆို မနေနိုင် မထိုင်နိုင် သနားလို့ ဆိုပြီး ပိုက်ဆံပေးလိုက်တယ်။ တကယ်တမ်း သူ ဂျိုင်းထောက်နဲ့ တောင်းရင် တော်ရုံတန်ရုံလူက ဘယ်ပေးချင်ပါ့မလဲ။ အခုလို ဆိုတော့ ပိုပြီး ၀င်ငွေကောင်းတာပေါ့လေ။)
စာအုပ် တစ်အုပ်ထဲ မှာ ဖတ်ဖူးတယ်။ အမေတစ်ယောက်က သားနှစ်ယောက် အတွက် ပန်းသီး၂ လုံး ၀ယ်လာတယ်။ အကြီး တစ်လုံး ၊ အသေးတစ်လုံးပေါ့။ အမေက ပြောတယ်။ သားတို့ နှစ်ယောက်မှာ အနစ်နာ ခံတဲ့ လူက ပန်းသီးအကြီး ကိုရမယ်ပေါ့။ အဲဒီမှာ အစ်ကို လုပ်တဲ့လူက “သားက အကြီးဆိုတော့ အငယ်ကို ဦးစားပေးရမယ်လေ။ ညီလေးကို အကြီးပေးလိုက်ပါ ”လို့ ပြောလိုက်တော့ အမေက သူ့ကို အနစ်နာခံတယ်ဆိုပြီး ပန်းသီး အကြီး ပေးလိုက်တယ်တဲ့။ နောက်တော့ ဒီကလေး ကြီးလာတော့ သူက လိမ်တတ်လာတယ်။ သူလိုချင်တာ ရဖို့ဆိုရင် လိမ်ဖို့ လည်း ၀န်မလေးတော့ဘူးတဲ့။
နောက်အမေ တစ်ယောက်ကတော့ ပန်းသီး နှစ်လုံး အတူတူ ၀ယ်လာတယ်။ ပြီးတော့ ဘယ်သူ ပန်းသီး စားချင်လဲ။ စားချင်တဲ့လူ ခြံနောက်ဖက်မှာ မြက်ရှင်းရမယ်လို့ ပြောလိုက်တယ်။ ကလေးတွေက ဘာ အသိရသွားလည်း ဆိုတော့ တစ်ခုခုကို လုပ်ချင်ရင် တစ်ခုခုပေးဆပ်မှ ရမယ် ဆိုတဲ့ အသိ ရသွားတယ်တဲ့။
အဲဒါဖတ်ပြီးတော့ ကျွန်တော်က ကလေးတွေ လာတောင်းရင် မပေးချင်တော့ဘူး။ သူတို့ကို ကြည့်လိုက်ရင်လည်း သနားတယ်။ ကိုယ်က သူတို့ ကို ဖျက်ဆီးသလို ဖြစ်မှာလဲ စိုးတယ်။ တစ်ဖက်က ပြန်တွေးတော့ လည်း ပျက်စီးနေပြီးသားပဲ၊ မထူးပါဘူး လေပေါ့ ။ အဲလိုလည်း စဉ်းစားမိတယ်။ မပေးပြန်ရင်လည်း ကိုယ်က သူတို့ အသက်မွေးဝမ်းကျောင်း ပညာတွေ ခေါ်သင်ပေးနိုင်တာလဲ မဟုတ်။ ကျောင်းထားပေးဖို့ဆိုတာက ဝေလာဝေး။ အဲလို စဉ်းစားပြီးတော့ ပေးဖြစ်သွားတာ များပါတယ်။ ဒါပေမယ့် ရထားတို့ ကားတို့ ပေါ်က ပစ်ချပေးတာ မျိုးတော့ ရှောင်ပါတယ်။ အန္တရယ် များလို့ပါ။

4 comments:
အေးဗျ ကိုဇီးကွက်နဲ့ ကျနော် ယူဆပုံတွေ အတော်တူတယ်။ ဒါနဲ့ ဘလော့ကာ က အဲဒီဖတ်စာကို မသင်ခဲ့ရဘူးလို့ ပြောပါတယ်။ ကျနော်လဲ ဘယ်အတန်းဖတ်စာ မှန်းမသိတော့လို့  ပြောပြပါအုန်း။ ကျနော်ထင်တာ ၈-၉-၁၀ ထဲက မြန်မာစာ ဖတ်စာလို့ ထင်ပါတယ်။ ကလေးတွေရဲ့ စိတ်ထား ဖျက်သလို ဖြစ်စေတာတော့ အမှန်ဘဲ။ ရထားပေါ်က ပစ်ချလို့  ကလေးတွေ ပစ္စည်းလုကြတော့ ရန်ဖြစ်ကြ ကွဲပြဲကြ သေးတယ်။
ပန်းသီးပုစ္ဆာကို သဘောမကျဘူး။ ပန်းသီး၂လုံးစလုံး ထက်ခြမ်းခွဲရင် သား၂ယောက်စလုံး ညီတူရမဲ့ ကိစ္စဘဲ။
အကြီးတခြမ်း အသေးတခြမ်း ၂ဦးစလုံး ညီတူရတာဘဲ။ တယောက်တလုံးပေးတော့ အကြီးအသေး ပြသနာ ဖြစ်တာပေါ့။ မပေးခင်စဉ်းစားဖို့ လိုပါတယ်။ တရားမျှတမှု ဆိုတာ မိခင်တွေ အုပ်ချုပ်သူတွေ အတွက် အရေးကြီးပါတယ်။
oh, author of baggers, လူမှုဘ၀ ပြုပြင်ပြောင်းလဲရေးဝါဒီကြီး :P social worker ကြီး
အောင်မြင်ပါစေ သယ်ရင်းရေ
Post a Comment