jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၉ ) မွန်ခြောက်ဖုံနှင့် အလွမ်းဘုရင်မ

Sunday, July 20, 2008

သိုင်းလောက အပိုင်း ( ၁၉ ) မွန်ခြောက်ဖုံနှင့် အလွမ်းဘုရင်မ

သိုင်းပညာ ပြိုင်ပွဲကား စတင်လေပြီ။ ယခုပွဲက ယခင်ကဲ့သို့ သိုင်းပညာဖလှယ်သည့် ပွဲမျိုးမဟုတ်။ သူသေ ကိုယ်မရှင် တိုက်ရမည့်ပွဲမျိုး။ အဖြူနှင့် အမည်း၊ အာပုတ်နှင့် မျက်ရည် တိုက်သည့်ပွဲ။ ပွဲကြည့် ပရိဿတ်များပင် နှာခေါင်းစည်းများစည်း၊ ဒိုင်းများဖြင့် မျက်ရည်ကို ကာကာ ကြည့်ကြရသည်။

ပြိုင်ပွဲ မစမီလေးတွင် လင်းမှ “ ဒရမ်းရေ ( လိုတော့ ဒရမ်းရေတဲ့။ မလိုရင်တော့ အီးအိုးသခင် သေးဘုရင် ဆိုပဲ.. ) နှာခေါင်းစည်းလေး ဌားပါလား။ အာပုတ်သိုင်းကို ကာကွယ်ချင်လို့

ဒရမ်းမှလည်း သူ့အား အီးအိုးသခင် သေးဘုရင်ဟု အခေါ်ခံထားရသောကြောင့် ( မှန်ပင် မှန်သော်ငြားလည်း ) မကျေနပ်ပဲ “ မရှိတော့ဘူး အစ်မရေ၊ ဧရာဝတီကို ဆင်းတဲ့ အဖွဲ့ကို အကုန်ပေးလိုက်ပြီ” ဟု ညစ်လေသည်။

ခေးအော့်စ်မှ ၀င်၍ “ အစ်မတော် ရော့ နှာခေါင်းစည်း မရှိရင်လည်း အစ်မလက်ချက်နဲ့ မီးလောင်ထားတဲ့ ပုဝါ တစ်ပိုင်းကို ယူပြီး စည်းထားလိုက်။ အာပုတ်သိုင်းကို နှာခေါင်းစည်း မပါပဲ တော့ ယှဉ်လို့ မဖြစ်နိုင်ဘူး”

လင်းမှာလည်း မရှိသည့် အဆုံး ပုဝါတစ်ပိုင်းပြတ်ကို စည်းတာ တိုက်ပွဲ စည်းဝိုင်းအတွင်းသို့ ခုန်ဝင်လိုက်လေသည်။

“ ကဲ မွန်ခြောက်ဖုံ ညည်းက စိန်ခေါ်တယ်ဆိုတော့ ညည်းကို ဦးစားပေး တိုက်ကွက် သုံးကွက် ပေးတိုက်မယ်။ ငါ လုံးဝ ပြန်မတိုက်ဘူး.. တိုက်ရင် အရှုံးလို့သာ မှတ်လိုက် ဌက်ဌက်”

မွန်ခြောက်ဖုံမှာ အထင်သေးခံရ သဖြင့် စိတ်တိုကာ သူမှ ပြန်လမ်းမဲ့ ကျွန်းမှ ခိုးသင်လာသည့် မှော် နက်သိုင်းဖြင့် စတင် တိုက်ခိုက်တော့သည်။ မှော်နက်သိုင်းကား ထူးခြားလှပေ၏။ မွန်ခြောက်ဖုံမှာ လက်နက် မစွဲကိုင်ပဲ သူမ ရှည်လျားလှသော လက်သည်းများဖြင့် ကုတ်ဆွဲ တိုက်ခိုက်လေသည်။ အလွမ်းဘုရင်မ လင်းကား အပြုံးမပျက်သည့် အပြင် “ မွန်ခြောက်ဖုံ၊ ညည်းက ရေမချိုးသိုင်း၊ သွားမတိုက်သိုင်း အပြင် လက်သည်းမညှပ် သိုင်းကို ပါ ကျင့်ထားသကိုး ” ဟု ခနဲ့ တဲ့တဲ့ ပြောလိုက်ရာ အာပုတ်မယ်မှာ ဒေါသတကြီးဖြင့် မှော်နက် အယားကုတ် သိုင်းကို ထုတ်သုံးလေသည်။ အယားကုတ်သိုင်းမှာ ပီပြင်လွန်းလှ သဖြင့် ပရိဿတ်များမှာ မျက်ရည် မီးတောက် လင်း အတွက် စိုးရိမ်သွားကြလေပေသည်။ သိုင်းလောက အကြောင်းကို နှံ့နှံ့စပ်စပ် သိသော ဒိုင်လူကြီး ဒေါက်ထက်မှ ( သိမှာပေါ့လေ.. ကိုတင့်ကားတောင်မှ သိုင်းလောကမှာ တစ်ခုခုဆို အော်ဇီသခင်ကြီးက ထိပ်ဆုံးက ရောက်တယ်လို့ ၀န်ခံထားသကိုး။ အခု ရွှေခွက်မှာ လက်ဆေးပြီးတာတောင် ရောက်တုန်း။ စကားချပ်) ဘေးမှ သိုင်းမယ်တော်အား “ အဲဒီသိုင်းက မှော်နက်သိုင်းသခင်ကြီး ရေမချိုးသိုင်းကျင့်တုန်းက ၀ဲစွဲပြီး ယားလို့ ထပ်ထွင်လိုက်တဲ့ သိုင်းလေ။ အလွန့်အလွန် ရက်စက်တဲ့ သိုင်းပေါ့.. ” ဟု ပြောပြနေလေသည်။

အလွမ်းသခင်မ လင်းမှာ သူမ၏ အရိပ်တစ်ထောင် ကိုယ်ဖော့သိုင်းဖြင့် ပတ်ပြေးနေလေရာ အရိပ်များ အထပ်ထပ်ဖြစ်နေသဖြင့် မွန်ခြောက်ဖုံမှာ မည်သူ့ကို ကုတ်ရမည် မသိပဲ အရှက်ပြေ ကိုယ့်ကိုယ်ကိုယ်သာ ကုတ်လိုက်ရပေသည်။ ထိုအချိန်တွင် နတ်ကလျာ နှင်းပွင့်မှ နေ၍ “ အစ်မတော် တိုက်ကွက်က သုံးကွက်ကျော်လို့ အကွက် သုံးဆယ်ဖြစ်နေပြီ။ ပြန်တိုက်တော့လေ” ဟု လှမ်းသတိပေးလိုက်မှ အလွမ်းဘုရင်မလည်း အတိတ်ကို မှန်း၍ ( ဘယ်တော့မှလည်း မရောက်ပါဘူးလေ ) ပြေးနေခြင်းကို ရပ်၍ တိုက်ခိုက်တော့သည်။ အလွမ်းဘုရင်မ၏ တိုက်ကွက်များမှာ ယာဖက်မှ တိုက်ခိုက်သလိုလိုနှင့် အရှေ့ဖက်မှ တိုက်ခိုက်ခြင်း၊ အပေါ်သို့ ခုန်ဟန်ပြ၍ အောက်ခြေကို သိမ်း၍ရိုက်ခြင်း စသဖြင့် ခန့်မှန်းရခက်လှသောကြောင့် မွန်ခြောက်ဖုံမှာ ကြောက်လန့်ပြီး “ ဟ ဒါဘာသိုင်းကွက်တွေလဲ ၊ တစ်ခါမှလည်း မတွေ့ဖူးပါလား ” ဟု ရေရွတ်ရင်း နောက်သို့ တဆုတ်တည်း ဆုတ်နေရလေသည်။ လင်းမှ “ အဲဒါ ငါ ပြိုင်ပွဲက စောစောထွက်ပြီးတော့ အိပ်ရင်း ကျင့်ထားတဲ့ အိပ်မက်ကမ္ဘာသိုင်းလေ.. ဌက်ဌက် ” ဟု ပြောတာ သူမ၏ နောက်ဆုံးတိုက်ကွက် ဖြစ်သော အိပ်မက်ကမ္ဘာ အလွမ်းဖြာ သိုင်းကို ထုတ်သုံးလိုက်ရာ မွန်ခြောက်ဖုံမှာ အလွမ်းရေယာဉ်ကြောတွင် စီးမျောပြီး မျက်ရည်များ တတွေတွေ စီးဆင်းလာလေသည်။ တပည့်မ အခြေအနေ မကောင်းသည်ကို တွေ့လိုက်ရသော သုည သခင်ကြီးမှာ ၀င်ရောက် စွတ်ဖက်ချင်သော်လည်း အဖြူရောင် သိုင်းသမား အင်အားစုကို ကြောက်လန့်၍ ( ကြောက်လွန်းလို့ Phobia ဆိုတဲ့ ပို့စ်တောင် တင်ထားတယ်။ မယုံရင် သွားဖတ်ကြည့်ကြနော်။ ) ဒီအတိုင်းထိုင်ကြည့်နေရလေသည်။ မွန်ခြောက်ဖုံမှာကား ငိုရှိုက်ရလွန်း၍ အတွင်းဒဏ်ရာ ရရှိတော့မည့်အချိန်တွင် လူရိပ်နှစ်ခုမှာ တိုက်ပွဲ အတွင်း ၀င်ရောက်ပြီး မွန်ခြောက်ဖုံကို ဆွဲထုတ်သွားလေသည်။ သူတို့မှာကား… ကျောတွင် ဒိုင်းတစ်ခုကို လွယ်ထားသော မြောက်ကျောင်းတိုက်မှ သိုင်းအကျော်အမော် ဟန်သစ်ငြိမ်နှင့် မည်းနက်သော ၀တ်စုံကို ၀တ်ထားသည့် အိပ်မက်နက်တို့ ဖြစ်လေတော့သည်။ အိပ်မက်နက်မှာ အိပ်မက်သိုင်းကို ကျင့်ဖူးသောကြောင့် သိပ်မသိသာ သော်လည်း ဟန်သစ်ငြိမ်မှာ အိပ်မက်ကမ္ဘာ သိုင်း၏ အဖျားခတ်ခံရပြီး နှာ တရှုံ့ရှုံ့ ဖြစ်နေလေသည်။

စစ်ကူရောက်လာသောကြောင့် သုညသခင်ကြီးမှာ အားတက်လာပြီး “ ဟားဟား ဟား၊ မိတ်ဆွေကြီး ဟန်သစ်ငြိမ် ရောက်မှ ရောက်ပါ့မလားလို့ ။ မရောက်ရင် သိုင်းပြိုင်ပွဲ အပြင်ထွက်ပြီး ပီစီအိုဖုန်းကနေ ဆက်ခေါ်မလို့လေ။ ရှောင်လင်ကွင်းထဲမှာ လုံခြုံရေးအရ ဂျီအက်စ်အမ် လိုင်းကို ပေးမသုံးဘူးဗျ”

“ ဒီလိုပွဲမျိုးကို မလာလို့ ဘယ်ဖြစ်ပါ့မလဲ။ လမ်းမှာ အိပ်မက်နက် အိပ်နေတာတွေ့လို့ ခေါ်လာခဲ့ သေးတယ်။နောက်မှ ဆက်ပြောမယ်ကွာ။ ဒီမှာ ဖုံဖုံ့ကို ကြည့်ပေးလိုက်ဦး”

မွန်ခြောက်ဖုံမှာကား အတွင်းဒဏ်ရာ ရရှိသွားသောကြောင့် တင်ပလ္လင်ခွေထိုင်ကာ ကုစားနေရလေသည်။ သုည သခင်ကြီးမှာကား စိတ်ဆိုးနေလေချေပြီ။ ချစ်တပည့်မ အတွင်းဒဏ်ရာ ရသွားသည်ကိုး။ ထို့ကြောင့် အလွမ်းဘုရင်မအား “ ကဲ အလွမ်းဘုရင်မ ကျုပ်နဲ့ တစ်ပွဲ တစ်လမ်းလောက် အကဲစမ်းကြည့်ရအောင်” ဟုစိန်ခေါ်ရာ ဒေါက်ထက်မှ “ ညီတော်၊ အလွမ်းဘုရင်မက တစ်ပွဲတိုက်ထားတော့ ပင်ပန်းနေပြီ။ ညီတော်တိုက်ချင်ရင် အစ်ကိုတော်နဲ့ ပြိုင်ပါ ” ဟု ၀င်ရောက်ပြောဆိုရာ သုညသခင်ကြီးမှ “ ဟားဟား ကြိုက်တာပေါ့ဗျာ။ ကျုပ်က ခင်ဗျားကြီးနဲ့လည်း စာရင်း ရှင်းစရာ ရှိတော့ အတော်ပဲပေါ့ ” ဟုဆိုကာ ပြိုင်ပွဲစည်းဝိုင်းအတွင်းသို့ နှစ်ယောက်သား ခုန်ဝင်လာကြလေတော့သည်။



...................................

လာမည် ကြာမည်.. မျှော်.....

5 comments:

လင်း said...

သိုင်းပြိုင်ပွဲကတော့ မပြီးသေးသောပန်းချီကားဖြစ်နေပြီ။ စောစောထွက်ထားတော့လဲ တကျော့ပြန် ပြန်သတ်ခိုင်းနေတယ်း( ငိုလိုက်မှာနော် ငှက်ငှက

Chaos said...

အားပါး သိုင်းပြိုင်ပွဲကတော့
တစ်ဖြည်းဖြည်း အရှိန်တက်ပီးရင်း တက်ရင်းပဲ
(ခွိခွိ)

နှင်းပွင့်ဖြူ said...

တစ်ယောက်မှ ပညာကုန် မထုတ်သုံးရသေးဘူး ပွဲကို တန်းလန်းထားခဲ့တယ်။
ပွဲရှိန်ကောင်းနေတုန်းကို ဆက်ပါဦးဟ ကိုကွက်ရ
( ကိုယ်ရေးရတာမဟုတ်လို့ အားပေးအားမြှောက်လုပ်တာဟုတ်ပါဘူးလေ )
ခစ်ခစ်ခီး

စိုးထက် - Soe Htet ! said...

ကောင်းတယ် ... ဆက်ရေး ... ပွဲ က ပြီးတော့ မှာပါ :P

Dream said...

ဟင်း.... ၁၀၀၀ပေးရတဲ့တစ်ညစာအုပ်တောင်ဖတ်လို့ပြီးပြီ
။သူ့သိုင်းပြိုင်တာကခုထိကိုပြီးသေးဘူး...
ဟီးဟီး.....