jp Ulmuka_ဇီးကွက်: မစိမ်းသော သစ်ရွက်

Tuesday, August 5, 2008

မစိမ်းသော သစ်ရွက်


ဒီတစ်ခေါက် ရွာသွားတော့ ထူးဆန်းတာလေး တွေ့ခဲ့တယ်.. ။ သစ်ရွက် အဖြူလေးတွေကို တွေ့ခဲ့တယ်ဗျ။ တွေ့ဖူးကြလား။ ဒီလမ်းတွေက သွားနေကျပါ။ ဒီ သစ်ရွက်တွေကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ တစ်ချို့ တောင်စောင်းတွေမှာ ဆို ဖြူဖွေးနေတာပဲ။ အစကတော့ ဒါတွေကို စွယ်တော်ပွင့်တွေလို့ ထင်တာ.. ။ ၀ထ္ထုတွေ ကဗျာတွေမှာ ရေးကြတဲ့ နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်တဲ့ စွယ်တော်တွေလေ..။ ဒီဖက်မှာ ဧပြီလ လောက်ဆိုရင် တောင်စောင်းတွေမှာ ဖွေးဖွေးလှုပ်နေအောင် ပွင့်ကြပြီ။ သူ့ အရွက်ကိုတော့ ဒီမှာ ဘယ်သူမှ ကဗျာ မဖွဲ့ စာမသီကြပေမယ့် အပွင့်ကိုတော့ သုပ်စားကြတယ်ဗျ။ သူ့ အရသာက ဖန်သလိုလို ဆိမ့်သလိုလိုလေးး.. စားလို့ ကောင်းတယ်။ အဲဒီအချိန်တုန်းကဆို စွယ်တော်ပွင့်သုတ်တွေ စားလို့တောင် မကုန်ဘူးး။ ရွာကိုသွားရင်း လမ်းမှာ တွေ့ရင် ခူးသွားလိုက်.. ရွာမှာ ညနေဆိုရင် လမ်းထွက်လျှောက်ရင်း ခူးလာလိုက်နဲ့။ မိုးစရွာတာနဲ့ သူလဲ အပွင့်တွေ မပွင့်တော့ဘူး။ ထားပါလေ။ ဒါနဲ့ ဒီတစ်ခေါက်သွားတော့ တောင်စောင်းမှာ ဖြူဖြူလေးတွေ တွေ့တယ်။ စွယ်တော်တွေ ထင်လို့ မေးကြည့်တော့ မဟုတ်ဘူးတဲ့ အဲဒါ အရွက်တွေတဲ့။ သေချာကြည့်လိုက်တော့ ဟုတ်တယ် အရွက် ဖြူဖြူလေးတွေ။

တစ်သက်နဲ့တစ်ကိုယ် သစ်ရွက်ဆိုတာ အစိမ်းပဲ တွေ့ဖူးခဲ့တာလေ။ ဒီဖက်ကို လာမှပဲ ထူးထူးဆန်းဆန်း သစ်ရွက် အဖြူတဲ့။ ဘာအပင်ခေါ်လဲ လို့ ဒီက ဒေသခံ တွေကို မေးတော့ သူတို့လည်း မသိကြဘူး။ ဒီ ခုနှစ်လပိုင်းလောက်ဆိုရင် သစ်ရွက်တွေက ဖြူပြီးတော့ တစ်လလောက်နေရင် အလိုလို ပြန်စိမ်းသွားရောတဲ့။ ဒီထူးဆနုးတဲ့ အပင်ကို ဘာလိုလို ဂူးဂဲမှာ ရှာတဲ့ အတိုင်း ရှာကြည့်တော့လည်း မတွေ့ဘူးဗျ။ ဘာကြောင့် သစ်ရွက်တွေ ဖြူတာလဲ မသိဘူး။ ငယ်ငယ်တုန်းက သစ်ရွက်ထဲ မှာ အစိမ်းရောင်ခြယ် ပစ္စည်း ကလိုရိုဖီးလ် ပါလို့ သစ်ရွက်တွေက စိမ်းတာလို့ သင်ခဲ့ဖူးတာပဲ။ အဲဒီ အစိမ်းရောင်ခြယ်ပစ္စည်းတွေက သစ်ပင်တွေ လိုအပ်တဲ့ အစာချက်တဲ့ ဖြစ်စဉ်မှာ ကူတယ်လို့လဲ သင်ဖူးပါတယ်။ ဒါဆို ဒီ အပင်တွေက အစာချက်ဖို့ မလိုလို့လား။ ဒါမှ မဟုတ် တခြားနည်းနဲ့ အစာ ချက်တတ်လို့လား ... အပင်တွေကတော့ ပုံမှန်အတိုင်း ကြီးနေကြတာပဲ..။ ကဲ သိရင် ပြောပြခဲ့ကြပါဦးဗျို့။

2 comments:

လင်း said...

သစ်ပင်က လူတွေလိုပဲ ဆံပင်ဖြူတာထင်တယ်း)

နှင်းပွင့်ဖြူ said...

အဲ့တာ ခရစ္စမတ်ပန်းအဖြူတွေလေး ဇီးကွက်ရယ်
မယုံရင် ခရစ္စမတ်ပန်းအနီတွေနဲ့ တိုက်ကြည့် မဟုတ်ဘူးဆိုရင်လည်း အသိသာကြီး :P