အားလုံးပြန်တွေ့ရတာ ၀မ်းသာပါတယ်..။ ကော်နတ်ချဉ်က ညစ်စုတ်နေလို့ပျောက်နေတာပါ။ အားလုံးကို အရမ်း အရမ်းကို သတိရပါတယ်။ အထူးသဖြင့် အင်တာနက်ကြီးကိုပေါ့လေ။ အင်တာနက်ကမရတာက ဆာဗာက ပိုက်ဆံပိုတောင်းပြီး အကောင့်ပြောင်းခိုင်းတာ.. ပိုလဲ ပေးပါတယ် အဲဒါ အိုင်ပီတွေ ဒီအင်အက်စ်တွေ အကုန်ပြောင်းပေးလိုက်တာ ဒီက LAN တွေနဲ့ တခြားစီဖြစ် ကိုယ်လဲ မပြောင်းတတ်။ ပြင်တဲ့ လူလာတော့လည်း မီးကပျက်..။ ဘာတစ်ခုမှကို အဆင်မပြေလိုက်ဘူး။ အဲဒါနဲ့ တီဗီက လာတဲ့ အိုလံပစ်ပွဲပဲ အားပေးရတော့တာပေါ့လေ။ အားလုံးက မေတ္တာ ၀ိုင်းပို့လို့လားမသိ တရုတ်တွေ ရလိုက်တဲ့ ရွှေတွေ..။
မီးပျက်တဲ့ အချိန်မှာ စာအုပ်တွေ လိုက်ရှာတာ ချောင်ထဲကနေ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ရဲ့ ၀ထ္တုတစ်အုပ် သွားတွေ့တယ်။ စာအုပ်နာမည်က မိုးမခပင်တွေ တဲ့။ ဘယ်သူ့စာအုပ်မှန်းလည်း မသိဘူး ရုံးက လူ တစ်ယောက်ယောက် ဟာပဲ ထင်ပါတယ်။ စာရွက်တွေလဲ မစုံတော့ဘူး။ ဒီစာအုပ်က ခေတ်ရေစီးကြောင်းရဲ့ လှိုင်းအရိုက်ခံရတဲ့ လူငယ်တွေ အကြောင်းကို ရေးထားတာပါ။ ဆရာ့စာအုပ်တွေက အချစ်စာအုပ်တွေကိုပဲ ဖတ်မိတာများလို့ ဒီစာအုပ်လေးက အသစ်အဆန်း ဖြစ်နေတယ်။ အဲဒီထဲမှာ ကဗျာလေးနှစ်ပုဒ်တွေ့လို့ ပြန်ပြီး မျှဝေချင်ပါတယ်။ ပထမ တစ်ပုဒ်က အပူကြီးချိန် တဲ့။ အချစ်ကဗျာတွေ အရေးများတဲ့ မောင်စိန်ဝင်း ဒီလို ကဗျာမျိုး ရေးတော့လည်း တကယ့်ဘ၀ကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိသွားပါတယ်..
အပူကြီးချိန်
သပြေကိုးခက်၊ ထီးသုံးလက်နဲ့
မီးသက်စေ့လှူ၊ ပူဇော်ပြီးကာ
ရာထူးတက်စေ၊ ယတြာချေသူ…
နိုင်ငံခြားကို၊ သွားဖို့မြန်မြန်
ဆန္ဒပြည့်စေ၊ ဂြိုဟ်ပြေနာမ်ပြေ
ရွှေပြားလှူကပ်၊ ယပ်နဲ့ဆီမီး
ဇီးကငါးခက်၊ မွေးနာမ်ဖက်မှာ
စီးပွါးပျက်လို့၊ စိတ်လက်ခြောက်ခြား
ဘုရားအေးရိပ်၊ ပုတီးစိပ်သူ
ရင်ထဲပူလောင်၊ တောင်တွေးမြောက်ရောက်
ဆောက်တည်ရာကင်း၊ ဘဘိုးမင်းခေါင်
စောင်မတော်မူ…
စာမေးပွဲနဲ့၊ လင်ကွဲသားပူ
လူမှုရောဂါ၊ ပြေရာပြေနိုး
ပန်းထိုးရေကပ်၊ ဓါတ်ရိုက်ဓါတ်ဆင်
ရင်ပြင်ပေါ်မှာ၊ လူများစွာလေ
အပူဝေချိန်…
စားဖို့ပြေးလွှား
သွားဖို့ကားတိုး
မိုးချုပ်နေ၀င်၊ မြို့အပြင်ဘက်
ပြန်ထွက်သူတွေ
ရွှေတိဂုံဘုရား၊ ပုံတော်ကားချပ်
ဘတ်စ်ကားပေါ်မှာ၊ တွေ့ရတာပင် မဖူးမြင်နိုင်
လင်မျှော်ကုန်းကို စိတ်စောသတဲ့… ။
ဒုတိယ တစ်ပုဒ်ကတော့ မိုးမခပင်တွေ လို့ ခေါင်းစဉ်ပေးထားပါတယ်။ ဆရာက စာအုပ်ထဲမှာ မြစ်ရေလှိုင်းတွေ ဘယ်လောက်ကြီးကြီး ဘယ်လောက် ပြင်းပြင်း ကမ်းနားက မိုးမခ ပင်ပေါက်လေးတွေက လှိုင်းဒဏ်လေဒဏ်ကို ကြံ့ကြံ့ ခံပြီး ရှင်သန်သလို ခေတ်လူငယ်တွေလည်း ခေတ်ရေစီးကြောင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံပြီး ဆက်လက်ရှင်သန်သွားနိုင်ဖို့လို့ ပြောထားပါတယ်။ သူ့စာအုပ်ထဲမှာ ဆေးစွဲတဲ့ လူငယ်တစ်ယောက်၊ လောင်းကစား ၀ါသနာကြီးတဲ့ လူငယ်တစ်ယောက်၊ မိန်းမပွေတဲ့ လူငယ်တစ်ယောက်၊ ပြီးတော့ သူတို့ရဲ့ သူငယ်ချင်း ကဗျာဆရာ တစ်ယောက်ရယ် အကြောင်းတိုက်ဆိုင်ပြီး သူတို့တွေ အထဲကို ရောက်လာက ကာရာအိုကေမှာ သီချင်းဆိုတဲ့ ကောင်မလေး တစ်ယောက် ။ သူတို့ ခေတ်ရဲ့ လှိုင်းတွေ ကို ဘယ်လို ကြံ့ကြံ့ခံအောင် ကြိုးစားရင် တစ်ချို့လည်း နစ်တဲ့ လူက နစ်တဲ့ အကြောင်းပါ။ စာအုပ်လေးကိုပါ ရှယ်ချင်ပေမယ့် ဒီမှာက စာရွက်တွေက မစုံတော့လို့ တင်ပေးလို့ မရတာ ခွင့်လွှတ်ပါ့။ အင်တာနက်မှာ ရှာကြည့်တော့လည်း မတွေ့လို့ ရှိတဲ့လူများ မျှဝေပေးပါလို့။ အခုတော့ ဆရာမောင်စိန်ဝင်းရဲ့ မိုးမခပင်တွေ ဆိုတော့ ကဗျာကိုပဲ မျှဝေလိုက်ပါတယ်။ စကားမစပ် ဒီကဗျာထဲမှာ ဆံပင်ဖားလျား လူငယ်များလေ ဆိုတဲ့ ဆရာရဲ့ အသုံးအနှုန်းကို အရမ်းကို နှစ်သက် သဘောကျမိပါတယ်။။ :)
မိုးမခပင်တွေ
မိုးနဲ့မုန်တိုင်း
ကဆုန်ဆိုင်းရင်း
လှိုင်းထန်မြစ်ပြင်
မုံယိုဆင်သည်
မြင်မြင်သမျှ
ယမ်းခါချလို့
ဒေါသမီးတောင် ပေါက်ကွဲချိန်
ကမ်းပါးစပ်က
မိုးမခပင်ငယ်၊ အရွယ်မရောက်
အပင်ပေါက်တွေ၊ လှိုင်းအောက်ပိပြား
ကမ်းပါးရေလျှံ၊ နွံနစ်ခံရ
မြစ်ဒေါသကြောင့်
မွမွညက်ညက်ကြေပြီလား
မြစ်ရေကျစဉ်..
နူံးတင်မြေသား၊ အမှိုက်ကြားက
မိုးမခပင်ငယ်…
ဘယ်လောက်များလေ၊ ရေလွှမ်းတဲ့ဒဏ်
(သူတို့) ခံရဦးမလဲ
နူံးတွေထဲမှာ၊ အားခဲသက်ရှင်
(ကြာရင်) မြင်မှမြင်နိုင်ပါတော့မလား…။
နှစ်များကြာလျှင်
ဆံပင်ဖားလျား၊ လူငယ်များလေ…
မြစ်နားကမ်းစပ်၊ ရပ်နေသလိုမျိုး…
မိုးမခပင်တွေ…
လေကြမ်းမုန်တိုင်း၊ မြစ်အရိုင်းနဲ့
လှိုင်းလုံးတွေကို စိန်ခေါ်ရင်း…။


2 comments:
လပွတ္တာ မှာတော့ ဆားကွင်းတွေ မရှိတော့ဘူး။ ဒါ ဘာဆားပါလိမ့်။
ကျေးဇူး =)
Post a Comment