jp Ulmuka_ဇီးကွက်: ကပ်ဘေးမှ ကယ်ဆယ်ရေးကို စီမံခန့်ခွဲခြင်း

Thursday, May 8, 2008

ကပ်ဘေးမှ ကယ်ဆယ်ရေးကို စီမံခန့်ခွဲခြင်း

Management Sequence of a sudden onset Disaster


အခု ပြထားတဲ့ပုံက ကပ်ဘေး တစ်ခုခု ကျရောက်လာရင် ဘယ်လို ရင်ဆိုင်တုန့်ပြန်ထိန်းချုပ် ရမယ်ဆိုတာ ပြထားတာပါ။ ပထမ တစ်ပိုင်းကတော့ ကပ်ဘေး မကျရောက်ခင် ထိခိုက်မှုတွေ လျှော့နည်းအောင် ကြိုတင်ပြင်ဆင်တဲ့ အပိုင်းဖြစ်ပြီး ဒုတိယ အပိုင်းကတော့ ကပ်ဘေး ကနေ နံလန်ထူလာအောင် ကူညီတဲ့ အပိုင်းဖြစ်ပါတယ်။


အခုတော့ ဒုတိယပိုင်းကို အဓိက ရေးသွားမှာပါ။ ပထမပိုင်း ကတော့ နောက်မှ အေးအေးဆေးဆေး ဘာသာပြန်ပြီး တင်ပါ့မယ်။


I) ကပ်ဘေး ကြုံတွေ့ခြင်းနှင့် တုန့်ပြန်ခြင်း ( Disaster impact and response)


ကပ်ဘေး တစ်ခု ကြုံလာပြီဆိုတာနဲ့ လူပေါင်းမြောက်မြားစွာကို ဆေးကုသမှုတွေ ပေးဖို့လိုမယ်လို့ ကြိုတင်ခန့်မှန်းထားရပါတယ်။ ထိခိုက်ဒဏ်ရာ ရမှုတွေဟာ ကပ်ဘေး အတွင်းမှာ ရတာဖြစ်လို့ ဒီ အရေးပေါ်ဆေးကုသမှုတွေဟာ ကပ်ဘေးဖြစ်ပြီး နာရီအနည်းငယ်အတွင်းမှာ အလိုအပ်ဆုံး ဖြစ်ပါတယ်။ ဒီ အပိုင်းကို ရှာဖွေခြင်း၊ ကယ်တင်ခြင်းနှင့် အရေးပေါ် ကုသခြင်း ၊ ပြင်းထန်မှု အဆင့်ခွဲခြားသတ်မှတ်ခြင်း နှင့် လူနာများကို တည်ငြိမ်သော အခြေအနေရောက်စေခြင့် ၊ ဆေးရုံကုသမှုနှင့် လိုအပ်ပါက သင့်တော်ရာ ဆေးရုံများသို့ လွဲပို့ပေးခြင်း ဆိုပြီး ထပ်မံ ပိုင်းခြားလို့ ရပါတယ်။


I.a) ရှာဖွေခြင်း၊ ကယ်တင်ခြင်းနှင့် အရေးပေါ် ကုသခြင်း (Search , rescue and First Aid)


ကြီးမားတဲ့ ကပ်ဘေး တစ်ခုအပြီးမှာ ရှာဖွေခြင်း၊ ကယ်တင်ခြင်းနှင့် အရေးပေါ် ကုသခြင်းတွေအစရှိတဲ့ လုပ်ငန်း လိုအပ်ချက်တွေက ကြီးမားလွန်းလို့ တည်တည်ငြိမ်ငြိမ် စုစည်းပြီး လုပ်ဆောင်ပေးနိုင်မှုတွေဟာ အစိတ်အပိုင်း အနည်းငယ်သာ ဖြစ်နေပါလိမ့်မယ်။ အများဆုံး အကူအညီ ပေးနိုင်တဲ့ လူတွေကတော့ ကပ်ဘေးအတွင်းမှာ မထိခိုက်ပဲ ကျန်ခဲ့တဲ့ သူတွေပါပဲ။


I.b) ကွင်းဆင်းကုသပေးခြင်း ( Field Care)


ကပ်ဘေးဆိုက်တဲ့ နေရာမှာ ရှိနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ( ဘယ်လောက်ပဲ မပြည့်စုံ နေပါစေ) လူတွေ အကုန် စုပြုံပြီး ရောက်လာပါလိမ့်မယ်။ ထိရောက်မှု အရှိဆုံး ကုသမှု ပေးနိုင်ဖို့ အရေး အကြီးဆုံးပါပဲ။ ကုတင် တွေတတ်နိုင်သလောက် ထပ်တိုးဖို့နဲ့ ခွဲစိတ်ကုသမှု တွေ လုပ်ပေးနိုင်မှုကို အများဆုံးလုပ်ပေးနိုင်ဖို့ ကြိုးစားရပါမယ်။ အစားအသောက်နဲ့ နေရာ ထိုင်ခင်းတွေကိုလည်း စီစဉ်ပေးထားရပါမယ်။ ပြီးတော့ လူနာတွေရဲ့ အသိဆွေမျိုးတွေ လာရောက်စုံစမ်းနိုင်တဲ့ နေရာ လေးတစ်ခု လုပ်ထားပေးရပါမယ်။ အရေးကြီးတာက လူနာတွေကို သေချာ ဘယ်သူဘယ်ဝါ စိစစ်မှတ်တမ်းယူဖို့နဲ့ ရင်ခွဲရုံ နေရာကို လုံလုံလောက်လောက် ထားရှိဖို့ပါ။


I.c) လူနာများကို ပြင်းထန်မှု အလိုက် ခွဲခြားသတ်မှတ်ခြင်း ( Triage)


ဒီလို မျိုး အစုလိုက် အပြုံလိုက် ထိခိုက် ဒဏ်ရာရတဲ့ အချိန်မျိုးမှာ အရင်ကလို `အရင်လာရင် အရင် ကုမယ်´ဆိုတာမျိုး လုပ်လို့ မရတော့ပါဘူး။ လူနာတွေကို အမြန် စမ်းသပ် စစ်ဆေးပြီးရင် သူတို့ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ဆေးကုသမှု ပေးရင် အသက်ရှင်နိုင်တဲ့ နှုန်းထားတွေကို ကြည့်ပြီး အဆင့်ခွဲခြားတာပါ။ ဦးစားပေး ကုသရမဲ့ လူနာတွေကတော့ အရိုးရှင်းဆုံး ကုသမှု ပေးလိုက်ရုံနဲ့ အသက်ရှင်သွားမယ့် ဒါမှ မဟုတ် ရေတာရှည် ကုသရမယ့် နေရာမှာ ထိရောက်မှု ကြီးကြီးမားမား သက်ရောက်စေမယ့် လူနာမျိုးတွေပါ။ အသေးစိတ် ဂရုတစိုက် ပြုစု ကုသမှု လိုအပ်ပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိနိုင်တဲ့ လူနာမျိုးကိုတော့ နောက်ဆုံးဦးစားပေးပေါ့။ လူနာများကို ပြင်းထန်မှု အလိုက် ခွဲခြားသတ်မှတ်ခြင်း ဟာ ကြီးမားတဲ့ ကပ်ဘေးဆိုက်ရောက်မှုများမှာ အထိရောက်ဆုံးနဲ့ လူပေါင်းများစွာကို ကုသမှုပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။


ဒီလို လူနာများကို ပြင်းထန်မှု အလိုက် ခွဲခြားသတ်မှတ်ခြင်း ကို ကပ်ဘေးဖြစ်ပွါးတဲ့ နေရာမှာ လုပ်ဆောင်သင့်ပါတယ်။ အဲဒါမှ လိုအပ်တဲ့ သယ်ယူပို့ဆောင်မှုတွေ ပြုလုပ်ရာမှာ လိုအပ်တဲ့ လူတွေကို သင့်တော်သလို ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။


လူနာများကို ပြင်းထန်မှု အလိုက် ခွဲခြားသတ်မှတ်ခြင်း ကို နိုင်ငံ အမျိုးမျိုးမှာ ပုံစံ အမျိုးမျိုး လုပ်ကြပေမယ့် အသုံးအများဆုံးကတော့ အရောင်နဲ့ ခွဲခြားသတ်မှတ်တာပါပဲ။


အနီရောင် က အရေးတကြီး ကုသဖို့ သို့မဟုတ် အရေးတကြီး လွဲပို့ရန်လိုအပ်တဲ့ လူနာ

အ၀ါ က အလယ်အလတ် ဦးစားပေး

အစိမ်း က လှုပ်ရှား သွားလာနိုင်တဲ့လူတွေ ဖြစ်ပြီး

အနက် ကျတော့ သေဆုံးတဲ့ လူတွေဖြစ်ပါတယ်။


ဒဏ်ရာ အနည်း ငယ်ရတဲ့ သူတွေနဲ့ အလယ်အလတ် ရတဲ့ လူတွေကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီး ကုသသင့်ပါတယ်။ ဒါမှ သူတို့လည်း တစ်သီးတစ်ခြား မဖြစ်တဲ့ အပြင် သူတို့ကို ဆေးရုံဆေးခန်းပို့ဖို့ အရင်းအမြစ်တွေလည်း မကုန်တော့ပါဘူး။ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသူတွေကိုတော့ ဆေးရုံကို ပို့ပြီးကုသ သင့်ပါတယ်။


I.d) အမည်ကပ်ပြားများ တပ်ဆင်ပေးခြင်း


လူနာအားလုံးကို သူတို့ရဲ့ နာမည်၊ အသက်၊ လာတဲ့နေရာ၊ ပြင်းထန်မှု အဆင့်လိုက် ခွဲခြားခြင်း ၊ ရောဂါ အမည်နဲ့ ပထမဦးဆုံး ပေးထားတဲ့ ကုသမှုတွေကို ရေးသားထားတဲ့ ကပ်ပြားလေးတွေ တပ်ဆင်ထားပေးရပါတယ်။


I.e) သေဆုံးသူများကို ခွဲခြားစိစစ်ခြင်း


သေဆုံးသူများကို သေချာစွာ စီမံခန့်ခွဲခြင်းဟာလည်း ကပ်ဘေး စီမံခန့်ခွဲမှုမှာ အရေးပါတဲ့ အပိုင်း ဖြစ်ပါတယ်။ သေဆုံးသူအရေအတွက် များပြားခြင်းဟာ ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေပါတယ်။ သေဆုံးသူကို စီမံခန့်ခွဲတဲ့ နေရာမှာ


၁) အခင်းဖြစ်ပွါးရာ နေရာမှ အလောင်းများကို သယ်ထုတ်ခြင်း

၂)ရင်ခွဲရုံသို့ ပို့ဆောင်ခြင်း

၃)မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားစိစစ်ခြင်း

၎)၀မ်းနည်း ကြေကွဲနေသော ဆွေမျိုး မိတ်သင်္ဂဟများကို တွေ့ဆုံ လက်ခံခြင်း တို့ပါဝင်ပါတယ်။


ဒီလို လုပ်တဲ့ အချိန်မှာ သေဆုံးသူတွေကို လည်း ထိုက်သင့်တဲ့ လေးစားသမှုနဲ့ ကိုင်တွယ်ဆက်ဆံဖို့ က အရေးကြီး ပါတယ်။


ကပ်ဘေးတစ်ခုမှာ ဆိုရင် ထိခိုက်ဒဏ်ရာကြောင့် သေဆုံးသွားသူတွေကနေ ကပ်ရောဂါတွေ- အူရောင်ငန်းဖျား (Typhoid) ၊ ကာလ၀မ်းရောဂါ (Cholera) ဒါမှ မဟုတ်ရင် ပုလိပ် (Pleague) စတဲ့ ရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။ ဒါပေမယ့် ဒီအလောင်းတွေဟာ ချောင်း၊ ရေတွင်း၊ ဒါမှမဟုတ် ရေအရင်းအမြစ်နေရာ တစ်ခုခုမှာ သွားပြီး ညစ်ညမ်းနေစေရင် (ဥပမာ- ရေလွှမ်းတဲ့ ကပ်ဘေးမျိုးပေါ့) အထက်လှန်အောက်လျော ( Gastroenteritis) တို့၊ အစာအဆိပ်သင့်တာ(food Poisoning)တို့ ဖြစ်စေတတ်ပါတယ်။




ဆက်ရေးသွားပါ့မယ်…….

မနေ့က MRTV 4 ကို ကြည့်လိုက်တော့ ရန်ကုန်မြို့ကြီးကို ရှင်းလင်းနေတာတွေ ၊ ရေတွေ ဝေပေးနေတာတွေ လျှပ်စစ်မီး ဘယ်နေရာတွေကို ပြန်ပေးနေပြီ ဆိုတာတွေကို ပဲ တွေ့နေရပါတယ်။ အမှန်က မုန်တိုင်းကြောင့် ထိခိုက်သွားတဲ့ အထဲမှာ ရန်ကုန်က အသေအပျောက် အနည်းဆုံး၊ အပျက်အစီး အနည်းဆုံးပါ။ ဒီရန်ကုန်မှာ ပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ပြနေတာလား။ မြို့ကြီး မို့လို့ ဦးစားပေး ကယ်ဆယ်တာလား။ စဉ်းစား စရာပါပဲ။ တကယ်တမ်း ရွာလုံးကျွတ် ရေလွှမ်းသွားတဲ့၊ လေတိုက်လို့ အိမ်တွေ အကုန်ပါသွားတဲ့ ဧရာဝတီတိုင်းက လပ္ပတ္တာနဲ့ ဘိုကလေးတို့ ဖက်ကိုတော့ ဘယ်လို ကယ်ဆယ်မှုတွေ လုပ်ပေးနေတယ်ဆိုတာ လုံးဝ မပြသပါဘူး။ ဒီလူတွေကို ဒီအတိုင်း ပစ်ထားတာလား.. ဘယ်လို လုပ်ပေးနေလည်းဆိုတာတွေ သိချင်ပါတယ်။ ရန်ကုန်က အခြေအနေဆိုးတယ်ဆိုတာ သူများတွေရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိပါဘူး။ မနေ့က CNN ရဲ့ နောက်ဆုံးသတင်းက အသေအပျောက်စာရင်းက ၁၂၀၀၀၀ နီးပါးရှိနေပါပြီတဲ့။ ဘာလို့ ဒီလောက်တောင် များပါလိမ့်.. အားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ.....

No comments: