jp Ulmuka_ဇီးကွက်: ကပ်ဘေးမှ ကယ်ဆယ်ရေးကို စီမံခန့်ခွဲခြင်း (၂)

Thursday, May 8, 2008

ကပ်ဘေးမှ ကယ်ဆယ်ရေးကို စီမံခန့်ခွဲခြင်း (၂)

Disaster Management 2

II) ကူညီကယ်တင်ခြင်း အဆင့်

ဒီအဆင့်ကတော့ ပြင်ပအကူအညီတွေ ကပ်ဘေးဆိုက်ရောက်ရာ နေရာကို ရောက်ရှိချိန်ကနေ စတင်ပါတယ်။ ကပ်ဘေး တစ်ခု ဆိုက်ရောက်ပြီဆိုတာနဲ့ လိုအပ်တဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးဖို့နဲ့ ကူးစက်နိုင်တဲ့ ရောဂါကာကွယ်ဖို့ ဆေးဝါး အထောက်အကူပစ္စည်းတွေ အဓိက လိုအပ်ပါတယ်။ အရေးပေါ် အခြေအနေကို လွန်မြောက်ပြီးတဲ့ အခါမှာတော့ အစားအစာ၊ စောင်၊ အ၀တ်အထည်၊ ခိုနားစရာ နေရာ၊ သန့်ရှင်းရေးအတွက် လိုအပ်တဲ့ အင်ဂျင်နီယာသုံး စက်မှု ပစ္စည်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ စသဖြင့် လိုအပ်လာပါလိမ့်မယ်။လိုအပ်ချက်တွေနဲ့ ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို သေချာ သိရှိနိုင်ဖို့ ပျက်စီးဆုံးရှုံးမှု စာရင်းကို မြန်မြန်ဆန်ဆန်ကောက်ယူဖို့ လိုအပ်ပါတယ်။


ကပ်ဘေး စီမံခန့်ခွဲရေးမှူး (Managers) တွေဟာ အလျှူပစ္စည်း အမြောက်အမြားကို လက်ခံရယူဖို့ အသင့်ပြင်ထားရပါမယ်။ လူသားချင်း စာနာထောက်ထားမှုနဲ့ အကူအညီပေးတဲ့ ပစ္စည်းတွေကို လက်ခံရာမှာ..

၁) ပစ္စည်းများကို လက်ခံရယူခြင်း

၂) သယ်ယူပို့ဆောင်ခြင်း

၃) သိုလှောင်ခြင်း နှင့်

၎) ဖြန့်ဝေခြင်းဆိုပြီး ပိုင်းခြားနိုင်ပါတယ်။


ရောဂါနှင့် ပါတ်သတ်သော အချက်အလက်များ ကောက်ယူ၊ စစ်ဆေးသုံးသပ်ခြင်းနှင့် ရောဂါများကို ထိန်းချုပ်ခြင်း


ကပ်ဘေးများဟာ ကူးစက်ရောဂါ ဖြစ်ပွါးစေမှုများကို အောက်ပါနည်းလမ်းများ နဲ့ ပိုမိုများပြားစေပါတယ်..


၁) ယာယီ လူနေထိုင်ဖို့ ပြုလုပ်ထားပေးတဲ့ နေရာတွေမှာ လူနေမှု သိပ်သည်းဆ မြင့်မားခြင်း (OverCrowding) နှင့် သန့်ရှင်းမှု နည်းပါးခြင်း (Poor Sanitation) တွေကြောင့် အသက်ရှုလမ်းကြောင်းမှာ ဖြစ်ပွါးတဲ့ ရောဂါ အစရှိတဲ့ ရောဂါတွေ တိုးပွါးလာတာ တွေ တွေ့ရှိရပါတယ်။


၂)လူတွေ ပြောင်းရွေ့နေထိုင်ခြင်းကြောင့် ကူးစက်ရောဂါဖြစ်ပွါးနိုင်ခြေရှိပြီးသား ရွေ့ပြောင်းနေထိုင်သူ ပဲ ဖြစ်ဖြစ် အဲဒီနေရာမှာ နေထိုင်နေသူပဲ ဖြစ်ဖြစ် ကူးစက်ရောဂါ စတင် ဖြစ်ပွါးတာ ဖြစ်နိုင်ပါတယ်။


၃)ရေပေးဝေမှု အခက်အခဲနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိနိုင်ခြင်း ၊ မိလ္လာစနစ် ပျက်စီးခြင်းနှင့် လျှပ်စစ်မီး မရရှိခြင်းတို့ဟာ သဘာဝကြောင့် ဖြစ်တဲ့ ကပ်ဘေးတွေမှာ အများဆုံး တွေ့ရှိရပါတယ်။


၎) အလျှူငွေတို့ လုပ်အားတို့ စတဲ့ အရင်းအမြစ်တွေဟာ မိမိတို့ လုပ်နေကြ အလုပ်ကနေဖယ်ခွါပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆီကို ရောက်သွားလေ့ ရှိပါတယ်။


၅) သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ရောဂါ ဖြန့်ဝေတဲ့ ကြားခံ သတ္တ၀ါတွေ ပိုမို ပေါက်ဖွားစေနိုင်ပါတယ်။(ကြွက်၊ ခြင်၊ ယင်၊ ဖြုတ်...)


၆) အိမ်မွေး နဲ့ တောရိုင်း တိရစ္ဆာန်တွေ ရွေ့ပြောင်းမှုကြောင့် တိရစ္ဆာန်တွေမှ တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဟာ တိရစ္ဆာန်အချင်းချင်းကို ဖြစ်စေ လူတွေကို ဖြစ်စေ ကူးစက်စေနိုင်ပါတယ်။ (Orissa , India မှာ ၁၉၉၉ တုန်းက ဆိုင်ကလုန်းတိုက်ပြီး နောက် Leptospirosis လို့ခေါ်တဲ့ ကြွက်က တဆင့်ကူးစက်တတ်တဲ့ အသားဝါ ရောဂါ ဖြစ်ခဲ့ဖူးပါတယ်။)



၇) အစားအစာဖြန့်ဝေခြင်း၊ သောက်သုံးရေ အရင်းအမြစ် အသစ်ဖော်ထုတ်ပေးခြင်း၊ နေစရာ နေရာ အသစ်ချထားပေးခြင်း စသည်တို့တွေကြောင့်လည်း ကူးစက်ရောဂါတွေ ဖြစ်စေနိုင် ပါသေးတယ်။


ကပ်ဘေးပြီးတဲ့နောက် အဖြစ်အများဆုံးကတော့ အစာအိမ်နဲ့ အူယောင်ပြီး ဖြစ်တဲ့ အထက်လှန် အောက်လျှော (Gastroentritis) ရောဂါ ပါ။ အဲဒီရောဂါဟာ အထက်က ဖော်ပြခဲ့တဲ့ အမှတ်စဉ် ၁၊ ၂၊ ၃ နဲ့ အများဆုံး ဆက်စပ်နေပါတယ်။ အသက်ရှုလမ်းကြောင်း တစ်လျှောက်ဖြစ်တဲ့ ရောဂါတွေကိုလည်း တွေ့ရှိရပါတယ်။ ပိုးမွှား၊ တိရစ္ဆာန်တို့ကနေ တဆင့် ကူးစက်တဲ့ ရောဂါတွေကတော့ ကပ်ဘေးပြီး ချက်ချင်း ဖြစ်ပွါးလေ့မရှိပဲ ရက်သတ္တပါတ် တော်တော်ကြာမှပဲ ပေါ်လာလေ့ရှိပါတယ်။


အိမ်မွေးနဲ့ တောရိုင်းတိရစ္ဆာန်တွေ နဲ့ လူတွေ နီးနီးကပ်ကပ် ရှိနေခြင်းကလည်း တိရစ္ဆာန်ကနေ တဆင့် ကူးစက်တဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကို ပိုင်ရှင်တွေက သူတို့နဲ့ အတူ ခေါ်ဆောင်လာတဲ့ အတွက် သူတို့ကနေ အသားဝါရောဂါ (leptospirsosis) နဲ့ တိုက်ဖွိုက်ရောဂါ ( Rickettsiosis) တို့ကူးစက်နိုင်ပါတယ်။ တောရိုင်း တိရစ္ဆာန် တွေကနေတော့ လူကို သေစေနိုင်တဲ့ ဦးနှောက် အမြှေးပါးယောင် ရောဂါ ( Equine encephalitis) ၊ ခွေးရူးပြန်ရောဂါ (Rabies) အစရှိတဲ့ ရောဂါတွေကို ပြန့်ပွါးစေနိုင်ပါတယ်။


လူထုကျန်းမာရေးအတွက် အဓိက ထားလုပ်ဆောင်ရမယ့် အချက်တွေကတော့

၁) မြန်နိုင်သမျှ အမြန်ဆုံး လူထုကျန်းမာရေး လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးခြင်း၊

၂) အစုလိုက် အပြုံလိုက် ရောဂါ ဖြစ်ပွါးခြင်းကို အမြန်ဆုံးသိရှိနိုင် စေမည့် သတင်းပို့ရန် နည်းလမ်းများ ရေးဆွဲခြင်းနှင့် ရောဂါ ပြန့်ပွါးမှု ထိန်းချုပ်ခြင်းကို လျင်မြန်စွာ ဆောင်ရွက်ခြင်း

၃) အစုလိုက် အပြုံလိုက် ရောဂါ ဖြစ်ပွါးခြင်း သတင်းပို့ချက်များရရှိပါက အမြန်ဆုံး စုံစမ်း စစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။


ကာကွယ်ဆေး ထိုးခြင်း


ကပ်ဘေး ဆိုက်ရောက်တဲ့ နေရာတွေမှာ ကာကွယ်ဆေးထိုးဖို့ လူထုကနေ တောင်းဆိုလေ့ရှိပါတယ်။ အထူးသဖြင့် တိုက်ဖွိုက် (Typhoid) ၊ ကာလ၀မ်း (Cholera)၊ နဲ့ မေးခိုင် (Tetanus) ကာကွယ်ဆေးတွေပါ။


ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း (WHO) ကတော့ ဒီလိုကပ်ဘေး ဆိုက်ရောက်တဲ့ နေရာတွေမှာ တိုက်ဖွိုက်နဲ့ ကာလ၀မ်းရောဂါ ကာကွယ်ဆေးထိုးဖို့ အကြံမပြုပါဘူး။ ဒီဆေးတွေဟာ အကြိမ်ရေအများ နဲ့ ထိုးရတဲ့ ( တစ်ခါ ထိုးလိုက်ရုံနဲ့ အကျိုးမရှိ) ကာကွယ်ဆေးတွေ ဖြစ်နေလို့ပါ။ ဒီလို အကြိမ်ရေအများ နဲ့ ထိုးတဲ့ အခါမှာ နောက်တစ်ကြိမ် ထပ်လာထိုးမယ့်လူတွေ နည်းသွားနိုင်ပါတယ်။ ပြီးတော့ ကာကွယ်ဆေးထိုးဖို့ လူအင်အား အများကြီးလိုအပ်တဲ့ အတွက် ဒီလူတွေကို တခြားကယ်ဆယ်ရေးလုပ်ငန်းမှာ သုံးရင် ပို အကျိုးများနိုင်ပါတယ်။့  ဆေးထိုးမှု နည်းလမ်းနဲ့ သန့်စင်မှု (Sterilization) နည်းလမ်းတွေ ကိုလည်း စနစ်တကျ စောင့်ကြပ်ကြည်ရှုမှု မလုပ်နိုင်လို့ ကောင်းကျိုးထက် ဆိုးကျိုး ပိုများစေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး လိုအပ်တဲ့ ကာကွယ်မှု လုပ်ငန်းတွေကို မလုပ်ကြတော့တာပါပဲ။ ဒါပေမယ့် သွားရောက်ကူညီမယ့် ကျန်းမာရေး လုပ်သားတွေကိုတော့ ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။


ကပ်ဘေးအတွင်မှာကော ကပ်ဘေး ပြီးတဲ့နောက်မှာပါ မေးခိုင်ရောဂါ ဖြစ်ပွါးမှု သိသိသာသာ တက်လာတာကို မတွေ့ရှိရတဲ့ အတွက် မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းဟာလည်း မလိုအပ်ပါဘူး။ ကပ်ဘေးမဆိုက်ခင် ဒေသခံလူတွေကို မေးခိုင် ကိုယ်ခံအား အပြည့်အ၀ ရစေဖို့ ပုံမှန်ဆေးထိုးပေးထားခြင်းသာ ပြုလုပ်သင့်ပါတယ်။


တကယ်တမ်းမှာတော့ သန့်ရှင်းတဲ့ သောက်သုံးရေ ဖြန့်ဝေပေးခြင်းနဲ့ အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ခြင်းကသာ လက်တွေ့အကျဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်မှု နည်းလမ်းဖြစ်ပါတယ်။


အာဟာရ


ကပ်ဘေးတွေဟာ ဖြစ်ပွါးမှုကာလအချိန်၊ ပြင်းထန်မှု အရှိန် ၊ ဖြစ်ပွါးတဲ့ ကပ်အမျိုးအစားတွေအပေါ်မူတည်ပြီး ဖြစ်ပွါးတဲ့ နေရာရှိ လူတွေရဲ့ အာဟာရ အခြေအနေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ နောက်ပြီးတော့ ကပ်ဘေး မဖြစ်ပွါးခင် ဒေသမှာ ရှိနေတဲ့ လူတွေရဲ့ အာဟာရ အခြေအနေပေါ်လည်း မူတည်ပါတယ်။ကောက်ပဲ သီးနှံများ ပျက်စီးခြင်း၊ သိုလှောင်ရုံများ ပျက်စီးခြင်းနှင့် အစားအစာ ဖြန့်ဝေမှု စနစ် ပျက်စီးခြင်းတွေကြောင့် လူတွေ အာဟာရ ချို့တဲ့နိုင်ပြီး ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ဟာ အာဟာရ ချို့တဲ့မှု ဖြစ်နိုင်ချေ ပိုများပါတယ်။


အကျိုးရှိပြီး ထိရောက်တဲ့ အစားအစာ ကူညီမှု လုပ်ငန်းတစ်ခုဖြစ်အောင် လုပ်ရမယ့် အချက်တွေကတော့

၁) ကပ်ဘေး တစ်ခုဆိုက်ရောက်ပြီဆိုတာနဲ့ အစားအစာ ဖြန့်ဝေမှု (Food Supplies) ကို တွက်ချက်ခန့်မှန်းပါ..

၂) ကပ်ဘေးဒဏ် ခံရတဲ့ လူတွေရဲ့ အဟာရ အခြေအနေကို တွက်ချက်ပါ

၃) လူတစ်ဦးကို နေ့စဉ်လိုအပ်မယ့် အစားအစာ အချိုးအစား နဲ့ လူအများအတွက် လိုအပ်မယ့် အရေအတွက်ကို တွက်ချက်ပါ။

၎) ကပ်ဘေးဒဏ် ခံရတဲ့ လူတွေရဲ့ အဟာရ အခြေအနေကို စောင့်ကြပ် ကြည့်ရှုပါ။


ဆက်ရေးပါဦးမယ်…..

No comments: