jp Ulmuka_ဇီးကွက်: Relationships

Sunday, May 4, 2008

Relationships


တစ်ခါက အဖေနဲ့ ငါးနှစ်အရွယ် သမီးလေး တစ်ယောက်လမ်းလျှောက်ထွက်ရင်းနဲ့ တံတား တစ်ခုနား ရောက်လာတယ်။ တံတားက ကြိုးတံတား။ မြင့်လည်းတော်တော်မြင့်တယ်။ အောက်မှလဲ ရေစီးသန်တဲ့ ချောင်းက တ၀ုန်းဝုန်း စီးဆင်းလို့ပေါ့။


တံတားကို မဖြတ်ကူးခင် အဖေက သူ့သမီး ပြုတ်ကျသွားမှာ စိုးရိမ်လို့


`သမီး ၊ အဖေ့လက်ကို တွဲထားနော်။ မတော်လို့ သမီး တစ်ခုခု ဖြစ်သွားရင် အဖေရင်ကျိုး ရလိမ့်မယ်´ လို့ပြောတယ်။


အဲဒီအခါမှာ သမီးက


`ဟင့်အင်း ၊ အဖေက သမီးလက်ကို တွဲလေ´တဲ့။


အဖေက လည်း အံ့သြသွားတာပေါ့။


` သမီးက အဖေ့လက်ကို တွဲတာနဲ့ အဖေက သမီးလက်ကိုတွဲတာ ဘာကွာလို့လဲ သမီးရဲ့လို့´ သူ့ သမီးကို မေးလိုက်တော့ သမီးက


` သမီးအဖေ့လက်ကို တွဲထားရင် မတော်လို့ တစ်ခုခု ဖြစ်သွားတဲ့အခါ သမီးက အဖေ့လက်ကို လွှတ်လိုက်တာမျိုးဖြစ်နိုင်တယ်လေ။ အဖေကသာ သမီးလက်ကို တွဲထားရင် ဘာပဲဖြစ်ဖြစ် အဖေက သမီးလက်ကို လွှတ်မှာ မဟုတ်ဘူးလို့ သမီးယုံတယ်။ အဲဒီတော့ အဖေကပဲ သမီးလက်ကို တွဲပါ´ လို့ ပြန်ဖြေလိုက်တယ်တဲ့။


ဇာတ်လမ်းလေးက တိုတိုလေးပါ။


ဒီဇာတ်လမ်းလေးက ပေးချင်တဲ့ အသိက တစ်ခါတစ်လေ ကျွန်တော်တို့ တွေ သူငယ်ချင်းနဲ့ပဲ ဖြစ်ဖြစ် ချစ်သူနဲ့ပဲဖြစ်ဖြစ် ကိုယ်က စလက်တွဲဖို့ မကြိုးစားမိပဲ သူတို့ လက်လာတွဲတာကို စောင့်နေမိတတ်တယ်။ အမှန်တကယ်တမ်းက ကိုယ်ကနေစတွဲမှ ပဲ ဒီဆက်ဆံရေးက ပိုမိုခိုင်မြဲနိုင်မှာကို မေ့နေတတ်ကြတယ်လေ။ နှစ်ဦးနှစ်ဖက်လုံး တွဲထားနိုင်ရင်တော့ အခိုင်မြဲဆုံးပေါ့။ ဒါပေမယ် သူကလာပြီးတွဲမှာကို မစောင့်ပဲ့ ကိုယ်က စပြီးတွဲပေးဖို့လိုပါလိမ့်မယ်။ ပြီးမှ အပြန်အလှန်ပေါ့။


2 comments:

ThinkingHoney said...

မြင့်တယ် သယ်ရင်း
မင်း အဓိပ္ပါယ်ရှင်းလင်းချက်လေးပါ ထည့်ပေးရင်ကောင်းမယ်
လက်ကမ်းပေးပြီးလာမတွဲမှာတာကိုရော ဘယ်လိုရှင်းရမတုန်းဆိုတာ လုပ်စမ်းပါဦး ကိုယ့်လူ

တွဲလက်တိုင်းသာ မြဲနေရင် ကွဲစရာတွေတော်တော်လျော့သွားမပေါ့ ဇီးဇီးရယ်
ဘဒူက စတွဲတယ် နောက်မှတွဲတယ်ဆိုတာကြီးက တွဲလက်တွေခိုင်ဖို့မခိုင်ဖို့နဲ့ သိပ်မဆိုင်လှဘူးလားလို့

ဟီးး sundayမို့ အားနေလို့ လာငြင်းတာ သွားတော့မယ်နော်
စာပြန်ရေးတာ ၀မ်းသာတယ်။
လောကဓံများကို ရှေ့ဆက်ပြီးတော့ အောင်မြင်စွာ ကျော်လွှားနိုင်ပါစေ။ . . . ။

စိုးထက် - Soe Htet ! said...

ကျွန်တော်တော့ ကိုယ်က စတွဲ လိုက်တယ် အမေရော သမီးရော :D နောက်ထပ် ကလေး ရရင်တော့ အမေကို လွှတ်လိုက်မယ် :P