jp Ulmuka_ဇီးကွက်: ကပ်ဘေးမှ ကယ်ဆယ်ရေးကို စီမံခန့်ခွဲခြင်း (၃)

Thursday, May 8, 2008

ကပ်ဘေးမှ ကယ်ဆယ်ရေးကို စီမံခန့်ခွဲခြင်း (၃)

Disaster Management 3


III) ပြန်လည်ထူထောင်ပေးခြင်း


ကပ်ဘေး ကယ်ဆယ်ရေး စီမံခန့်ခွဲရေး ရဲ့ နောက်ဆုံး အဆင့်ကတော့ နဂို အခြေနေကို ပြန်လည်ရရှိအောင် ပြန်လည် ထူထောင်ပေးခြင်းပါပဲ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ ကပ်ဘေး စဖြစ်ပြီဆိုကတည်းက စလုပ်နေရတာပါပဲ။ များသောအားဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အလောသုံးဆယ် လုပ်ရတဲ့ အတွက် နဂိုအတိုင်း ပြန်ဖြစ်ဖို့ မှာ အနှောက်အယှက်တွေ လည်း ဖြစ်ပေါ်စေပါတယ်။ ဥပမာ ပြင်ပက လာရောက်ကူညီတဲ့ အဖွဲ့အစည်းတွေရဲ့ အဆင့်မြင့် ဆေးကုသမှု ကို ယာယီ ပေးခြင်းဟာ ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ဒီလို ဆေးကုသမှုတွေကို ရုတ်သိမ်းလိုက်တဲ့ အချိန်မှာ ဒေသခံလူတွေခမျာမှာ အလွယ်တကူ ပြန်လည်ဖြည့်ဆည်းပေးလို့ မရတဲ့ မျှော်လင့်ချက်တွေနဲ့ ကျန်ခဲ့တာမျိုးပေါ့…


ကပ်ဘေးတစ်ခု ဆိုက်ရောက်ပြီးလို့ ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာပဲ ကျန်းမာရေးလိုအပ်ချက်တွေဟာ အရေးပေါ်ဆေးကုသမှုကနေ ပုံမှန် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ဆီကို မြန်မြန်ဆန်ဆန် ကူးပြောင်းလာတာ တွေ့ရပါတယ်။ အဲဒီအတွက် လုပ်ငန်းဆောင်တာတွေကို ပြန်လည်ဆန်းစစ် ပြီး ပြောင်းလဲသင့်တာတွေကို ပြောင်းလဲရပါမယ်။ ဦးစားပေးမှုတွေကလည်း ဆေးကုသမှုကနေပြီးတော့ ပတ်ဝန်းကျင် ကျန်းမာရေး စောင့် ရှောက်မှုတွေဆီကို ပြောင်းလဲ လာပါလိမ့်မယ်။ အောက်ကတော့ တစ်ချို့ ဥပမာလေးတွေပါ။


III.a) ရေပေးဝေမှု


လူထု ရေပေးဝေမှု စနစ်ကို လေလာ့ ဆန်းစစ် စစ်တမ်းကောက်သင့်ပါတယ်။ ဘာတွေ အဓိကပါမလဲဆိုတော့ ရေထွက်ရာ အရင်းအမြစ်နဲ့ ရေဖြန့်ဝေမှု စနစ်ပေါ့။ ပြီးတော့ ပိုက်လိုင်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ ကျန်ရှိနေသေးတဲ့ ထုတ်လုပ်နိုင်မှုစွမ်းအား၊ ဖြန့်ဝေပေးတဲ့ ရေအတွင်းမှာ ဇီဝပိုးမွှားနဲ့ ဓါတုပစ္စည်း ပါဝင်မှု တွေကို သိရှိဖို့ အရေးကြီးပါတယ်။


လူထုကျန်းမာရေး ဖက်ကနေကြည့်ရင် ရေအရည်အသွေးအတွက် အဓိက အရေးအကြီးဆုံးက ဇီဝပိုးကောင်တွေ ပါဝင်ညစ်ညမ်းမှုပါပဲ။အရေးပေါ် အခြေအနေတွေမှာ အရည်အသွေးကောင်းတဲ့ ရေ ရရှိဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ ရေထဲကို ကလိုရင်း ခပ်တာပါပဲ။ (ရေကို ကြိုသောက်ဖို့ဆိုတာက လောင်စာတွေ အမြောက်အမြားလိုအပ်ပါလိမ့်မယ်) ။ ရေ တစ်လီတာမှာ ကလိုရင်းပါဝင်မှု ၀.၇ mg ပါဝင်တဲ့ အထိ ခပ်သင့်ပါတယ်။ ရေဖိအားတွေ နည်းသွားတဲ့ အတွက်ကြောင့် ညစ်ညမ်းပစ္စည်းတွေ ရေသိုလှောင်ကန်များ၊ မြစ်များ၊ ထဲသို့ စီးဝင်နှုန်းမြင့်မားလာနိုင်ပါတယ်။ ရေဖြန့်ဝေရာနေရာများ၊ သိုလှောင်ကန်များ ကို သန့်ရှင်းပေးဖို့နဲ့ ပိုးသတ်ပေးဖို့ လိုအပ်ပါတယ်။


ဓါတုပစ္စည်းများမှ ညစ်ညမ်းစေခြင်းနှင့် အဆိပ်အတောက် ဖြစ်စေခြင်းဟာ ရေအရည်အသွေး အတွက် ဒုတိယ ဂရုစိုက်ရမယ့် အချက်ပါ။ ဖြစ်နိုင်ချေရှိတဲ့ ဓါတုညစ်ညမ်းပစ္စည်း တွေကို ရှာဖွေ ဖော်ထုတ် သုံးသပ်ရပါမယ်။


ရှိနေပြီးသား နဲ့ အသစ်လုပ်ထားတဲ့ ရေအရင်းအမြစ်တွေကို အောက်ပါ ကာကွယ်မှုတွေ လုပ်ထားပေးဖို့ လိုပါလိမ့်မယ်။


၁) လူနှင့် တိရစ္ဆာန်များ ၀င်ရောက်ခွင့်ကို ကန့်သတ်ထားခြင်း

၂)မစင် အညစ်အကြေးများ စွန့်ပစ်မှုကို စိတ်ချရလောက်သည့် အကွာအဝေးတွင်သာ ပြုလုပ်စေခြင်း

၃) အကယ်၍ မြစ်ရေ ၊ ချောင်းရေများကို သုံးစွဲပါက ထိုမြစ်ချောင်းများ၏ အထက်ပိုင်းတွင် ရေချိုးခြင်း၊ အ၀တ်လျှော်ခြင်း၊ တိရစ္ဆာန်များကို ကျောင်းခြင်း များ မပြုလုပ်ရန် တားမြစ်ထားခြင်း

၎)ရေတွင်းများအား ညစ်ညမ်းစေမည့် အရာဝတ္ထုများ မ၀င်ရောက်နိုင်စေရန် ပြုပြင်မွမ်းမံခြင်း

၅) ရေတွင်းများ၏ ရေထွက်နှုန်းများကို ခန့်မှန်းပြီး လိုအပ်ပါက ရေကို အချိုးကျသာ ခွဲဝေပေးခြင်း တို့ ဖြစ်ပါတယ်။


အရေးပေါ် အခြေအနေ တော်တော်များများမှာ ရေတွေကို ရေကားတွေနဲ့ တင်ဆောင်ပြီး ကပ်ဘေးဖြစ်ရာနေရာများ၊ ဒုက္ခသည် စခန်းများသို့ ပို့ပေးလေ့ရှိပါတယ်။ အဲဒီ အခါမျိုးမှာ ရေကားရဲ့ ကြံ့ခိုင်မှု ကို စစ်ဆေးသင့်သလို ရေမသယ်ယူခင်မှာလဲ သန့်ရှင်းခြင်းနဲ့ ပိုးသတ်ခြင်းများ ပြုလုပ်သင့်ပါတယ်။


III.b) အစားအစာ


အစားအစာများ သန့်ရှင်းမှု မရှိခြင်းဟာ ကပ်ဘေး ဆိုက်ရောက်တဲ့ နေရများမှာ အစာကြောင့် ဖြစ်ပွါးတဲ့ ရောဂါတွေ ဖြစ်ပွါးရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေမှာ ချက်ပြုတ်ကျွေးမွေးတယ် ဆိုလို့ရှိရင် မီးဖိုချောင် သန့်ရှင်းရေးဟာ အရမ်း အရေးကြီးပါတယ်။ အစားအစာပြင်ဆင် ပြုလုပ်ပေးတဲ့ လူတွေရဲ့ တကိုယ်ရည် သန့်ရှင်းရေးကို အမြဲတမ်း စောင့်ကြပ် ကြည့်ရှု ပေးဖို့လည်း လိုပါတယ်။


III.c) အခြေခံ သန့်ရှင်းစင်ကြယ်မှုနှင့် တကိုယ်ရည် သန့်ရှင်းရေး


ကူးစက်ရောဂါ တော်တော်များများဟာ မစင်အညစ်အကြေးတွေနဲ့ သောက်သုံးရေတို့ အစားအစားတို့နဲ့ ထိတွေ့မှုကနေ တဆင့် ကူးစက် ပြန့်ပွါးတာပါ။ အဲဒီအတွက်ကြောင့် မစင်အညစ်အကြေးတွေကို သန့်ရှင်းစွာ စွန့်ပစ်နိုင်အောင် အစွမ်းကုန် ကြိုးစားရပါမယ်။ အိမ်သာတွေ ပျက်စီးသွားတဲ့ နေရာတွေမှာ အရေးပေါ် အိမ်သာတွေနဲ့ အမြန်ဆုံး အစားထိုးပေးရပါမယ်။ ရွေ့ပြောင်းနေထိုင်နေကြရတဲ့ ဒုက္ခသည်တွေ အတွက် လျှော်ဖွပ် ဆေးကြောဖို့နဲ့ ရေချိုးဖို့ နေရာတွေလည်း ပြုလုပ်ပေးသင့်ပါတယ်။


III.d) ရောဂါသယ်ဆောင်နိုင်သည့် ပိုးမွှားအကောင်များကို ထိန်းချုပ်ခြင်း


အရေးပေါ်အခြေအနေနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်နေချိန်တွင် ရောဂါသယ်ဆောင်နိုင်သည့် ပိုးမွှားများ ထိန်းချုပ်ခြင်းကို အရေးထား လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ထိုကဲ့သို့သော ရောဂါများ အဖြစ်များရာ ဒေသများတွင် လုပ်ဆောင်သင့်ပါတယ်။ အထူးဂရုပြုကာကွယ်ရမည့် ရောဂါများမှာ သွေးလွန်တုတ်ကွေး ( Dengue Haemorrhagic Fever) နှင့် ဌက်ဖျား ( ခြင်) ၊ အသားဝါရောဂါ( Leptospirsosis ) နှင့် Rat Bite fever ( ကြွက်) ၊ Typhus ( သန်း၊ ဖြုတ်) စသည်တို့ ဖြစ်ပါတယ်။ ရေလွှမ်းမိုးခြင်းခံရတဲ့ နေရာတွေဟာ ခြင်တွေ အမြောက်အမြား မွေးဖွားဖို့ အကောင်းဆုံး အခြေအနေတွေ ဖန်တီးပေးပါတယ်။


III.e) လူ


အသေအပျောက်များ တဲ့ ကပ်ဘေးတွေမှာ ဆိုရင် လူတွေအိုးအိမ်မဲ့ ဖြစ်တာတွေလည်း အမြောက်အမြားရှိပါတယ်။ အဲဒီလူတွေအထဲမှာ ဆေးကုသဖို့ လိုအပ်တဲ့ လူတွေနဲ့ မိဘမဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။ အကယ်၍ ဒီမိဘမဲ့ ကလေးတွေကို စောင့်ရှောက်ပေးနိုင်တဲ့ ဆွေမျိုးတွေကိုသာ ရှာမတွေ့ခဲ့ရင် ဒီကလေးတွေကို ကျန်းမာရေး လုပ်သားတွေနဲ့ လူမှုရေး လုပ်သားတွေကပဲ တာဝန်ယူရမှာပါ။ ဒီမုန်တိုင်းဒဏ်ကနေ လွတ်မြောက် အသက်ရှင်ကျန်ခဲ့တဲ့ လူတွေ အားလုံးကို လူမှုအသိုင်းအ၀ိုင်းထဲ ပြန်လည်ပို့ဆောင်ပေးဖို့ အတွက် ကျန်းမာရေး ၀န်ကြီး ဌာန၊ လူမှု ဖူလုံရေး အဖွဲ့အစည်းတွေ၊ ပညာရေး ဌာန အပိုင်းက လူတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းပြီး အစီအစဉ် ရေးဆွဲ ကူညီပေးရမှာဖြစ်ပါတယ်။




Ref: Park’s Text Book of Preventive and social Medicine

No comments: