jp Ulmuka_ဇီးကွက်: လေယာဉ်ပျံစီးခြင်း

Thursday, November 22, 2007

လေယာဉ်ပျံစီးခြင်း

သူငယ်ချင်းတို့ရေ ပြန်လာပါပြီ။ ကျွန်တော်မရှိတုံး လာအားပေးကြတဲ့ အတွက်ကျေးဇူး အများကြီးတင်ပါတယ်။ မလင်းက သူလေယာဉ်စီးတဲ့ အကြောင်းရေးတော့ ကျွန်တော်လည်း ရေးချင်တယ်ဗျ။ ပြောနေကြာပါတယ် ကဲ ရေးပြီဗျို့။

လေယာဉ်ပျံစီးခြင်း

အရင်တစ်ပါတ်က ကျွန်တော် အလုပ်ကိစ္စနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့တော်ရဲ့ လေဆိပ်ကနေ ရန်ကုန်ကို သွားခဲ့ပါတယ်။ လေယာဉ်ကွင်းထဲလဲ ရောက်ရော ပစ္စည်းလာသယ်ပေးတဲ့လူတွေ ကအများကြီးပဲ။ တစ်ယောက်က ဟမ်းဘတ်အိတ်ကိုဆွဲ တစ်ယောက် က လက်ထဲမှာ ကိုင်ထားတဲ့ အထုပ်သေးသေးလေးကိုယူနဲ့။ မယူပါနဲ့ ပြောလို့လဲမရဘူး။ အတင်းကိုဆွဲတာ။ မသိရင် ၀င်လုသလားတောင် ထင်ရတယ်။ ပြီးလဲပြီးရော ပိုက်ဆံတောင်းပါလေရော။ နှစ်ယောက်မို့လို့ နှစ်ယောက်စာပေးပါဆိုပဲ။ ပြီးတော့တောင်းတာက တစ်ယောက်တစ်ထောင်။ စိတ်ရှုပ်လို့ပေးလိုက်တယ်။

ရန်ကုန်ရောက်တော့ အစ်ကိုကြီးက ပေးရကောင်းလား ဆိုပြီးဆဲပါလေရော။ သူပြောတာက သူများတွေ ဒီလောက် ပိုက်ဆံရဖို့ဆိုတာ ပင်ပင်ပန်းပန်းရှာရတာ၊ အဲဒါမျိုးကို အားမပေးသင့်ဘူးတဲ့။ သူပြောတာ စဉ်းစားကြည့်တော့လည်း ဟုတ်တယ်ဗျ။ အိတ်တစ်လုံးကို သတ်မှတ်ပေးထားတဲ့ ၀န်ဆောင်ခက ငါးရာကျပ်ပါ။ (အိတ် အကြီးတွေကိုပဲ ပြောတာပါ။ လက်ဆွဲအိတ် သေးသေးလေးတွေ ကိုယ်နိုင်တာဆို ကိုယ့်ဘာသာကိုယ် သယ်လို့ရပါတယ်။)

ပြီးတော့ အဲဒီလေဆိပ်ကနေ ဂျာနယ်တွေရောင်းပါတယ်။ နှစ်စောင်ဝယ်ရပါတယ်။ (ဟုတ်ကဲ့ မ၀ယ် မနေရပါ ) တစ်စောင်က ငါးရာ၊ တစ်စောင်က တစ်ထောင်ပါ။ အဲဒီမှာ ဂျာနယ်မျိုးစုံပြထားပါတယ်။ ကြိုက်တာယူပေါ့လေ။ ကျွန်တော်လည်း လေယာဉ်စောင့်ရင်း ဖတ်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ သုံးပတ်က စာစောင်ဖြစ်နေတယ်။ ကျွန်တော်ကလည်း ဘယ်ရမလဲ သွားပြန်လဲတာပေါ့။ သူကလည်း လဲပေးပါတယ်။ စားပွဲပေါ်က ကြိုက်တာယူတဲ့။ ကြည့်လိုက်တော့ ကျွန်တော့်လက်ထဲက စာစောင်က အစောဆုံးပဲ။ ကျန်တာတွေက အရင်လကဟာတွေ။

ဂျာနယ်ဆိုတာက အပါတ်စဉ် ထွက်တာလေ။ ဖတ်တဲ့လူတွေက သတင်းကို သိချင်လို့ဖတ်ကြတာပါ။ ရန်ပုံငွေလိုလို့ ရောင်းတယ်ထားဦး အသစ်ပေးရင် ကျေနပ်ကြမှာပါ။ အခုတော့ဗျာ။ အလုပ်ကိစ္စနဲ့ လာတော့ ရုံးက လေယာဉ်လက်မှတ် ၀ယ်ပေးပါတယ်။ ကျန်တာတွေက အိတ်စိုက်ပေါ့ဗျာ။ဇီးကွက် အိတ်သယ်ခ က နှစ်ထောင်၊ ရက်လွန်နေတဲ့ ဂျာနယ်တွေက တစ်ထောင့်ငါးရာ စုစုပေါင်း သုံးထောင့်ငါးရာ ရှောရော။ ဒီခေတ်ကြီးမှာ သုံးထောင့်ငါးရာ ဘာလုပ်မလဲလို့ ပြောတဲ့လူကလည်း ပြောပါလိမ့်မယ်။ ဟုတ်ကဲ့ သုံးထောင့်ငါးရာ ဆိုတာ အလုပ်ကြမ်းသမား တစ်ယောက်ရဲ့ နှစ်ရက်လုပ်စာ ရှိပါတယ်။ သူတို့ကို ပေးမယ့် အစား …………….။ အင်းလေ မပြောတော့ပါဘူး။ ပြောပြန်ရင်လဲ ဇီးကွက်တို့ လွန်တယ်ဖြစ်ဦးမယ်။ ဒီခေတ်ကြီးမှာ စိတ်လျှော့နိုင်မှ တော်ကာကျ မယ်လေ မဟုတ်ဘူးလား။

....................................................................................................................................................

No More Stories

လမ်းပဲပျောက်ပျောက်၊ လမ်းပြကြယ်ပဲ ပျောက်ပျောက်ပေါ့

ဒီခရီးကတော့ သွားရမှာပါပဲ

သွားရင်၊လာရင်း ခဏခဏခလုတ်တိုက်မိမယ်

ရေအစုန်မှာ အသာမျှောခွင့်ကတော့ လွယ်လွယ်ရောက်မလာစေရဘူး

မင်းရောက်နေတာ အနောက်ဘက်ကမ်းပါး။



ညတိုင်းမှာ လမသာတာ ငါတို့ဆီမှာသာ ဖြစ်တာမဟုတ်ဘူး

ညတိုင်းလကြတ်တာတော့ ငါတို့ဘက်မှာသာ ရှိတယ်

အသက်ရှူခက်မယ် အမြင်မှုန်ဝါးမယ်

တိမ်တွေကြားမှာ ဘာမှ လိုက်မရှာနဲ့

မင်းရောက်နေတာ အနောက်ဘက်ကမ်းပါး။



ဘယ်ဗိုက်ဆာနေတဲ့ကလေးက စာသင်ချင်မလဲ

ဘယ်စာသင်တဲ့ဆရာကရော ဗိုက်ဆာချင်မလဲ

ပီတိဆိုတာကလည်း အသက်ငင်နေတာ တစ်ခေတ်မကတော့ဘူး

သနားတတ်ရင်ဖြင့် pizza တွေ beer တွေ စာလုံးမပေါင်းနဲ့

မင်းရောက်နေတာ အနောက်ဘက်ကမ်းပါး။



နာကျင်လို့လည်း ထ မအော်နဲ့ အားလုံးလူနာတွေချည်း

စိတ်နာနေတဲ့လူတွေက သာများသေးတယ်

ပိုင်ဆိုင်တာကို ငှားရမ်းထားတယ်လို့မှတ်

နောက်နေ့မရှိတော့ရင် ခံစားရသက်သာတာပေါ့

ကူးတို့ခဈေးကြီးတယ် အဆင်ပြေအောင်စိတ်လျှော့

မင်းရောက်နေတာ အနောက်ဘက်ကမ်းပါး။



မယုံချင်လည်း ပုံပြင်မဖြစ်ဘူး ချွေးစော်နံမယ်၊ ခြေညောင်းမယ်

ရောက်နိုးရောက်နိုးလျှောက်နေတာက ထွက်ပေါက်မရှိတဲ့ ၀င်္ကပါ

မလျှောက်ပြန်တော့လည်း အနောက်ကကောင်တွေက တွန်းလိုက်တိုက်လိုက်

တစ်ချို့လည်း ကမ်းမကူးတတ်လို့ မထူးဇတ်ခင်းနေတာမဟုတ်ဘူး

တကယ်မမြင်လို့ ကယ်တင်ရှင်စောင့်နေတာ မဟုတ်ဘူး

တစ်ခါတစ်ခါလည်း ရူးချင်ယောင်ဆောင်ရမယ်

မင်းရောက်နေတာ အနောက်ဘက်ကမ်းပါး။ ။

ငယ်ငယ်လေး


No comments: