jp Ulmuka_ဇီးကွက်: ဆောင်းတွင်းအေးအေး

Saturday, November 24, 2007

ဆောင်းတွင်းအေးအေး

စာကရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူး။ မီးပုံးပျံကို ကိုးနတ်ရှင်နှေးနှေးနဲ့ စောင့်ကြည့်ရင်းရေးမလို့ ပါပဲ။ ကြည့်ရင်းနဲ့ စိတ်ပါလာလို့ မရေးနိုင်ဘူး ဖြစ်နေတာ။ အကြွေးဆပ်စရာ တွေကလည်းရှိသေးတယ်။ chaos ရဲ့အကြွေးအရင်ဆပ်မယ်နော်။ မေပျိုရေ အကြွေးမမေ့ပါဘူး ဆပ်မယ်နော်။

ဆောင်းတွင်းအေးအေး

ရာသီသုံးမျိုး ထဲမှာ ဆောင်းရာသီကို အကြိုက်ဆုံးပါပဲ။ နွေဆိုရင် လည်းပူတယ်လေ။ (ဇီးကွက်တို့က အအေးဒဏ်သာ ခံနိုင်တာ၊ အပူဒဏ်တော့ မခံနိုင်ဘူးဗျ။) မိုးရာသီကို လည်းမကြိုက်ဘူး။ မိုးတွင်းက သွားရလာရ ခက်တယ်လေ။ ဆောင်းတွင်းအေးအေးဆိုတော့ တောင်ကြီးတန်ဆောင်တိုင်ကိုပဲ ပြေးမြင်တယ်။ အခုကပွဲတွင်းဆိုတော့ ပိုဆိုးပေါ့။ တောင်ကြီးကို အရမ်းပြန်ချင်တာပဲ။ တောင်ကြီးချယ်ရီမြေက တိုက်ရိုက်လွှင့်ပေးလို့ တန်ဆောင်တိုင်ပွဲတော်ကိုတော့ ကြည့်ရပါတယ်။ (ကိုးနတ်ရှင်က မကောင်းတော့ ပြတ်တောင်းပြတ်တောင်းနဲ့) ကိုယ်တိုင် ကွင်းထဲမှာ ၀င်ကြည့်ရတာနဲ့တော့ ခံစားချက်ချင်းက လုံးဝ မတူဘူး။ ဘာပဲဖြစ်ဖြစ်လေမကြည့်ရတာနဲ့စာရင်တော့ တော်သေးတာပေါ့။ ကျေးဇူးတင်ပါတယ် တောင်ကြီးချယ်ရီမြေရေ။

တန်ဆောင်တိုင်ပွဲ မှာအမှတ်ရစရာတွေလည်း အများကြီးပါပဲ။ ဆယ်တန်းပြီးတော့ သူငယ်ချင်းတွေစုပြီး တန်ဆောင်တိုင်မှာ ဆိုင်ဖွင့်ကြသေးတယ်။ အဲဒီတုန်းက အပျော်လုပ်တာပါ။ ကိုယ်ဆိုင်မှာ ကိုယ် အကင်တွေစား အရက်တွေသောက်။ လူရှင်းရင် ကုန်းကင်း သွားဆွဲကြ။ မီးပုံးပျံကို ဆိုင်မှာထိုင်ကြည့်ကြနဲ့။ ပွဲပြီးတော့လည်း အမြတ်က ရသေးတယ်ဗျ။ နှစ်နှစ်ဆက်ဖွင့်ဖြစ်တယ်။ အခုတော့ သူငယ်ချင်းတွေက တကွဲတပြားတွေဖြစ်လို့။ ဆိုင်ဖွင့်ဖို့ နေနေသာသာ သူငယ်ချင်းတွေ အကုန်ပြန်ဆုံဖို့တောင် မလွယ်တော့ဘူး။ L

ပြီးတော့ မန္တလေးမှာ ကျောင်းတက်တုန်းကလည်း နှစ်တိုင်းနီးပါးပြန်ဖြစ်တယ်။ နောက်ဆုံးတစ်နှစ်ပဲ လွတ်တာ။ စာမေးပွဲနဲ့ တိုက်နေလို့လေ။ ဟောက်ဆာဂျင်ဆင်းတော့ တန်ဆောင်တိုင်ပွဲတွင်းကို ခွဲစိတ်ရုံမှာတာဝန်ကျတယ်။ စိတ်ကို ညစ်ရော။ တစ်ညတစ်ည ချုပ်လိုက်ရတဲ့ ခေါင်းတွေ။ ပွဲတော်ဆိုတာနဲ့ အရက်သောက်ဖို့နဲ့ လောင်းကစားလုပ်ဖို့ ပါမစ်ကျသလိုပါပဲ။ ပြီးတော့ ရန်ဖြစ်ကြ ရိုက်ကြ။ နောက်ဆုံးတော့ ခွဲစိတ်ဆောင်ကိုပဲ ရောက်တာပေါ့။

မြန်မာပြည်မှာ လူတွေက ပွဲတော်တွေကို ဘာလို့ အရက်လောင်းကစားနဲ့ တွဲမြင်ကြလဲမသိဘူးနော်။ ဆုဝေ ပြောသလိုပဲ ဘာသာရေးပွဲတော်မှာ အရက်ပါတာ လူကြားလို့ မကောင်းပါဘူး။ ပိုဆိုးတာက ဘုရားပွဲတွေမှာ လောင်းကစားဝိုင်းတွေ ပါလာတာပဲ။ လောင်းကစားပါလာတယ် ဆိုကတည်းက အရက်သမားတွေ၊ ဖဲသမားတွေ၊ ခါးပိုက်နှိုက်တွေ၊ သူခိုးတွေ လည်း အတူတူပါလာတာပဲလေ။ ပွဲတော်တွေမှာ ကြည့်လိုက်ရင် ပွဲဈေးတန်းမှာ လူနည်းတယ်။ လောင်းကစားဝိုင်းတွေမှာပဲ လူစည်တယ်။ ဘုရားဖူးတဲ့လူကနည်းနည်း လိပ်ဥတူုးတဲ့ လူက များများလို့ ပြောရမလိုဖြစ်နေပြီ။ ဘာပဲပြောပြော ပွဲတော်တွေက စည်ကားနေဦးမှာပါပဲ။ မြန်မာလူမျိုးတွေက ပွဲကြိုက်တယ်လေ။ အဲပြောရင်းဆိုရင်းနဲ့ ဆောင်းတွင်းအေးအေးကနေ ဘယ်ရောက်သွားပါလိမ့်။

ဒီနှစ်တော့ ဆောင်းတွင်းအေးအေးမှာ အိမ်နဲ့ဝေး၊ သူငယ်ချင်းတွေနဲ့ဝေး ၊ တောင်ကြီးတန်ဆောင်တိုင်နဲ့ဝေးနဲ့။ တော်ပြီဗျာ။ ဆောင်းတွင်းအေးအေးမှာ စာအုပ်လေးနဲ့ပဲ ကွေးနေတော့မယ်။

2 comments:

Anonymous said...

ကိုချီးကွက်ရေ
ရေးထားတာလေးကောင်းတယ်ရှင်
လွမ်းမောစရာ ဆောင်းတွင်းလေးနော်
ကျွန်မဒီနှစ် ကိုဇီးကွက်အစား အများကြီးပျော်ခဲ့တယ်
ဟဲဟဲ

su wai said...

ဟုတ်ပါ့ ဇီးကွက်လေးရေ…တောင်ကြီးချယ်ရီမြေက live ကြည့်လို့ရအောင် လုပ်ပေးပေမယ့် ကိုးနတ်ရှင်နှိပ်စက်လို့ မီးပုံးပျံက မိုးပေါ်ကို တော်တော်နဲ့ မရောက်ဘူး…နိုင်ငံခြားက လူတွေဆိုရင်တော့ ကြည့်လို့တော်တော် ကောင်းမှာပဲနော်…တောင်ကြီးသားတွေ လွမ်းလိုက်မယ့်ဖြစ်ခြင်း…။ ဇီးကွက်လေးက ဆောင်းတွင်းမှာ ဘာစာအုပ်တွေနဲ့ ကွေးမလို့လဲ…။ စာအုပ်ကောင်းကောင်းလေးတွေ ဖတ်ဖြစ်ရင် ဆုဝေကိုလဲ ပြောဦးနော်…။ စာအုပ်ဆိုရင် စိတ်ဝင်စားတယ်။