နာဂစ် မုန်တိုင်းရဲ့ ၀မ်းနည်းခြင်း မှတ်တမ်း
နာဂစ်ရေ မင်းမလာခင်က
တို့တောရွာရဲ့ သဘာဝက
လှတပတနဲ့ ဘယ်အရာကြည့်ကြည့်
ကြည်နူးစရာ အခုကျတော့
ဘယ်အရာကြည့်ကြည့်
လွမ်းဆွေးဖွယ်ရာ လူတွေသေကြ
တိရစ္ဆာန်ပါမကျန် သေကြေပျက်စီး
အိုးအိမ်မဲ့၍ ၀မ်းရေးအတွက်
စားစရာမရှိ ရေသောက်မယ်ကြံ
ရေငံကိုသာ ကြိတ်မှိတ်မြိုချ
ရေမသန့်တော့ မင်းသတ်လို့
မသေတဲ့လူတစ်ချို့ ၀မ်းရောဂါတွေ
ခံစားရပြန် လူမှ ပိုးလိုပက်လက်
သေတဲလူအတွက ခံစားရတာတစ်မျိုး
အစားအစာမရှိလို့ ပူဆွေးသောက ရောက်တာကတစ်မျိုး
ရောဂါဝေဒနာ ခံစားရတဲ့ လူတွေကျတော့
ဆေးဝါးမရှိ ရောဂါခံစားရတဲ့ပုံကို
ဘေးမှနေတဲ့လူတွေက မကြည့်ရက်ကျ
မျက်နှာလွဲ၍သာ နေခဲ့ကျရာ
ဒီဒုက္ခတွေရဲ့ တရားခံကို ရှာကြည့်ပြန်သော်
နာဂစ်မုန်တိုင်းသာဖြစ်
မင်းသာ သက်ရှိသတ္တ၀ါဆို ဘာကောင်ဖြစ်ဖြစ်
ငါသတ်မိမှာ အမှန်ပဲ နာဂစ်ရေ
စည်သူမင်းထက်
အသက်= ၁၁နှစ်
နှာခေါင်းချောင်းကျေးရွာ
ဒီကဗျာလေး ကို ဖတ်ကြည့်လိုက်တာနဲ့ ဒီကလေးရဲ့ ရင်ထဲမှာ ဘာတွေ ခံစားရတယ်ဆိုတာကို သိသာ မြင်နိုင်ပါတယ်။ ဒီလိုမျိုး ကဗျာတွေ ပုံတွေကို ထပ်ကြည့်ချင်သေးရင် တော့
ဒီနေရာမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ဒီစာလေးတွေက ကျွန်တော်တို့ နှာခေါင်းချောင်းကျေးရွာကို သွားခဲ့တုန်းက ကလေးတွေကို ခဲတံတွေ စာရွက်တွေ ပေးပြီး သူတို့ ရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်ဖို့ ကူညီခဲ့တာပါ။ ကလေးတွေအားလုံးကိုလည်း စာရေးကိရိယာတွေနဲ့ အ၀တ်အထည်တွေကို ကူညီခဲ့ပါတယ်။ သူတို့တွေရဲ့ ရင်ဖွင့်သံတွေကို ကြားလိုက်ရပြီးတော့ သူတို့ ရင်ထဲမှာ နည်းနည်းပေါ့သွားတာကို မြင်ရတော့ ကူညီရတာ အမောပြေပါတယ်။ သူတို့ခမျာမှာလည်း ရင်ဖွင့်လိုက်ရတော့ တော်တော်လေးကို ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်လို့ ပြောကြပါတယ်။ စာရေးကိရိယာတွေ ကူညီတော့ သူတို့လည်း ၀မ်းသာလို့...။ အစက ဒီအစီအစဉ်လေးကို လုပ်ချင်ပါတယ်လို့ ဆရာတော်ကို လျှောက်တော့ ဆရာတော်က မင်းတို့ ဒီလောက် အဆင့်မြင့်တာ တွေ ကို ငါတို့ရွာမှာ လုပ်လို့ မရဘူးထင်တယ်ဆိုပြီး တားပါသေးတယ်။ ကျွန်တော်တို့က ဖြစ်ပါတယ်ဘုရား.. ခံစားရတာတွေကို ပုံနဲ့ ဖြစ်ဖြစ် ကဗျာနဲ့ ဖြစ်ဖြစ် စာနဲ့ ဖြစ်ဖြစ်ဖော်ပြလို့ ရပါတယ်လို့ လျှောက်မှ ဆရာတော်က လူတွေကို ခေါ်ပေးတာပါ။ နောက်တော့ အားလုံးဝိုင်းရေး ၀ိုင်းဆွဲကြတာ စုစုပေါင်း ကလေး ၆၀လောက်ရှိသွားပါတယ်။ ဆရာတော်ကတောင် အံ့သြသွားတယ်။ ကလေးတိုင်းမှာ ခံစားမှုကို ဖော်ပြနိုင်တဲ့ စွမ်းအားတွေ ရှိပြီးသားပါ.. ဖော်ထုတ်နိုင်တဲ့ အခွင့်အရေးတွေ ပေးဖို့ပဲ လိုပါတယ်။

စည်သူမင်းထက် ကဗျာရွတ်ဖတ်နေပုံ
1 comment:
ကျေးဇူးတင်ပါတယ်..
ဟုတ်တယ် .. သူတို့မှာလဲ ပြောချင်တာတွေ ရှိတာပဲ..
Post a Comment