jp Ulmuka_ဇီးကွက်: အိုဘယ့် သုတောင်းစား

Wednesday, October 24, 2007

အိုဘယ့် သုတောင်းစား

သုတောင်းစား အဆက်

သူတောင်းစား အကြောင်းပြောရင်းပြောရင်းနဲ့ blog လည်း begger blog လိုလိုဖြစ်နေပြီ။ မပြောပဲလဲမနေနိုင်ဘူး။ဟန်နီပြောပြမှဘဲ သူတောင်းစား အမျိုးမျိုးကို ခွဲခြားပြီး သိတော့တယ်။ ပညာသည်နဲ့ ဒုက္ခသည် တွေကိုတော့ သဒ္ဓါပါတယ်။ အချောင်သမားတွေ ကိုတော့ ဆောရီးပေါ့ဗျာ။

ပညာသည်ကတော့ ရှင်းပါတယ်။ ကိုယ့်ပညာနဲ့ လုပ်စားတဲ့ သဘောပါပဲ။ ဒုက္ခသည် ဆိုတဲ့ နေရာမှာတော့ နည်းနည်းပြောရလိမ့်မယ်။ ဒုက္ခသည်လို့ပြောလိုက် ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အခက်အခဲ ရှိသူ တွေလို့ပြောလို့ ရမယ် ထင်ပါတယ်။ အဲဒီထဲမှာ ဘယ်လိုလူတွေပါမလဲ ဆိုတော့ မသန်မစွမ်းတဲ့လူတွေ (ဘိုလို ပြောရရင်တော့ Handicapped Person ပေါ့လေ) ပါမယ်၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ ပါမယ်ပေါ့။ မသန်မစွမ်းနဲ့ သက်ကြီးရွယ်အိုတွေ ကိုတော့ ကြုံရင် ကြုံသလိုပေးဖြစ်ပါတယ်။ ကလေးတွေကိုတော့ သိပ်မပေးဖြစ်ဘူး။ ပေးလိုက်ရင် စိတ်ထဲမှာ သူတို့ကိုဖျက်ဆီး လိုက်သလို ခံစားရလို့။ ဆိုင်မဆိုင်တော့ မသိဘူးလေ စိတ်ထဲမှာ ခံစားရတာကို ပြောတာပါ။ သူတို့စိတ်ထဲမှာ တောင်းစားလို့ရနေတာပဲ ပညာသင်စရာ မလိုတော့ဘူး၊ အလုပ်လုပ်စရာ မလိုတော့ဘူးလို့ အစွဲဝင် သွားမှာကို ကြောက်တာပါ။ ဒါပေမယ့် ကိုယ်မပေးလည်း ပေးတဲ့လူကပေးနေတာပဲလေ အစွဲကတော့ ရှိပြီးသားနေမှာပါ။

ဒီလိုပြောလို့ တောင်းစားတဲ့ကလေးတိုင်း ကြီးလာရင်လဲ ဆက်တောင်းမှာပဲ လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဖြစ်နိုင်ချေကို ပြောပြတာပါ။ ကလေးဆိုတာ လူကြီးရဲ့ အဖေပဲ လို့ ကဗျာထဲမှာ သင်ခဲ့ရဖူးတယ်လေ။ ဒီတော့ကာ ဘာလုပ်ပေးနိုင်လဲ ဆိုတော့လည်း မလုပ်ပေးနိုင်ပြန်ဘူး။ ကိုယ်တို့မပေးပြန်ရင်လည်း ငတ်မှာဆိုတော့ မခက်ဘူးလား။ မန္တလေးမှာ ကျောင်းတက်တုန်းကတော့ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်း ဆိုတာသွားလေ့လာဖူးတယ်ဗျ။ အဲဒီမှာ လေလွင့်လူငယ်တွေ ဆိုးသွမ်းလူငယ်တွေကို ခေါ်ယူထိန်းသိမ်းပြီး သူတို့စိတ်ဝင်စားရာ အသက်မွေးဝမ်းကျောင်းပညာတွေ (ဥပမာ- ကားရေဆေးဆီလိုက်၊ လက်သမား ) သင်ပေးပါတယ်။ ဒါပေမယ့် လမ်းပေါ်က ကလေးတွေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက်က အဲဒီကျောင်းမျိုးကို တက်ခွင့်ရပါ့မလဲ။ တတ်ခွင့်ရရင်ကော တတ်ချင်ကြပါ့မလား။ စဉ်းစားလေ စိတ်ရှုပ်လေပဲ။

အချောင်သမားတွေကိုတော့ ပုံစံ အမျိုးမျိုးနဲ့ တွေ့ဖူးပါတယ်။ တစ်ခါကဆို လူလတ်ပိုင်းအရွယ် အဒေါ်ကြီးတစ်ယောက် ရွာပြန်စရာ ကားခမရှိလို့ ကားခလေး မစပါပေါ့လေ။တစ်ရက်လည်း မပြန်နိုင်၊ နှစ်ရက်လည်း မပြန်နိုင်နဲ့ တစ်ပါတ်လောက် ရှိတော့ ဒီအဒေါ်ကြီး သနားပါတယ် လာလာကားလက်မှတ်တစ်ခါတည်း ဖြတ်ပြီး ကားပေါ် တင်ပေးပါ့မယ် ဆိုတော့ တစ်ချိုးတည်း လစ်ပါလေရောလား။ ကားလက်မှတ်ဖိုး ကလည်း အခုထိ မပြည့်နိုင်သေးဘူးထင်ပါရဲ့ အရင်တစ်ခေါက် အိမ်ပြန်တုန်းကတောင် တွေ့လိုက်သေး။ ကျွန်တော့်ကို တွေ့တော့ လက်မှတ်ဝယ်ပေးမယ် ထင်ပြီး ပြေးတာတန်းနေတာပဲ။

အင်းသူတောင်းစား အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ နောက်ကြုံရင် ဆက်ပြောကြတာပေါ့ဗျာ။

2 comments:

This is about... said...

သူတောင်းစားဆိုလို. တစ်ခါက ကျွန်မတို.ရွှေဆက်တော်သွားကြတယ်။ တောင်းတဲ့သူတွေကိုလှူဖို.ဆိုပြီး ဘီစကွတ်တွေလဲအများကြီး ၀ယ်သွားတာပေါ့။
ဒါပေမဲ့တောင်းတဲ့သူတွေတစ်အားများလွန်းအားကြီးတာကြောင့် ခဏနဲ.ကုန်သွားတယ်။
အဲတော့လာပြီးအလှူခံနေတဲ့ကိုရင်နှစ်ပါးက ကျွန်မကိုတည့်တည့်လာကြည့်ပြီးရှိရဲ.သားနဲ. မလှူရင်ပြိတ္တာဖြစ်ပါစေတဲ့.....ကဲ

Ulmuka said...

comment ရေးပေးသွားတာကျေးဇူးပါ။ တွတ်ပီစကား ဌားသုံးရရင်တော့ မအလွမ်းအိမ် ကံမကောင်းပါလားပေါ့။ ကုသိုလ်ရ ချင်လို့ဘရားဖူး သွားပါတယ်ဆိုမှ။ :(