jp Ulmuka_ဇီးကွက်: တောင်ကြီးတန်ဆောင်တိုင်

Tuesday, October 30, 2007

တောင်ကြီးတန်ဆောင်တိုင်

တောင်ကြီးတန်ဆောင်တိုင်

တောင်ကြီး တန်ဆောင်တိုင် လည်းနီးလာပြီ။ ဒီနှစ်တော့ မပြန်နိုင်တော့ဘူး။ တောင်ကြီးသား ဆိုတော့ တန်ဆောင်တိုင် မပြန်နိုင်တောင်မှ တန်ဆောင်တိုင် အကြောင်းတော့ ပို့စ် ရေးချင်ပါတယ်။ လူတော်တော် များများက တောင်ကြီး ဆိုရင် တန်ဆောင်တိုင်ပွဲတော် နဲ့တွဲပြီးမြင်ကြ တဲ့အထိ တန်ဆောင်တိုင်ပွဲတော် ဆိုတာ တောင်ကြီးနဲ့ ဒွန်တွဲနေတာပါ။

တန်ဆောင်တိုင်ပွဲတော် မှာကတော့ မီးပုံးပျံတွေက အဓိက ဇာတ်လိုက်တွေပါပဲ။ ပွဲတော် နဲ့ ဒွန်တွဲနေတာ ကတော့ လောင်းကစားပေါ့။ မီးပုံးပျံ တွေကို နေ့လွှတ် နဲ့ ညလွှတ်ဆိုပြီး ခွဲထားပါတယ်။ နေ့လွှတ်မှာတော့ အရုပ်တွေ လုပ်ပြီး လွှတ်ကြပါတယ်။ ဒီနှစ် မှာတော့ PSI က ပုတ်သင်ညိုတစ်ကောင် ပါမယ်တဲ့။

ညလွှတ်မှာတော့ စိန်နားပန် နဲ့ ညမီးကျည်ဆို ပြီး နှစ်မျိုးရှိ ပါတယ်။ စိန်နားပန်ကတော့ မီးပုံးပျံမှာ မီးပုံးလေးတွေ အလှချိတ်ဆွဲပြီး လွှတ်တာပါ။ အခုနောက်ပိုင်းမှာတော့ ကြော်ငြာစိန်နားပန်တွေ များပါတယ်။ ဘာဟော်တယ် ၊ ညာဟော်တယ်၊ ဘာစတိုး ၊ညာစတိုး စသည်ဖြင့်ပေါ့လေ။

ညမီးကျည်မှာတော့ ၀ါသနာအရ လုပ်တဲ့ အဖွဲ့တွေ များပါတယ်။ ညမီးကျည် မီးပုံးပျံ တစ်လုံးကို အခုကုန်ဈေးနှုန်းနဲ့ ဆို ထည့်ရင်ထည့် သလောက် (ကျပ်သိန်းဆယ်ဂဏန်းထိ) ကုန်ကျနှိုင်ပါတယ်။ တောင်ကြီးသားတွေ ပိုက်ဆံပေါလို့ မဟုတ်ပါဘူး။ ၀ါသနာ အရ အခက်အခဲတွေ အများကြီး အများကြီးထဲကနေ ဖြစ်အောင်လုပ်ရတာပါ။ တစ်ချို့ဆို ရင် အသက်ဆုံးရှုံးတဲ့ အထိပါပဲ။ ကျွန်တော့် သူငယ်ချင်းရဲ့ ညီလေး (၉တန်းကျောင်းသားလေးပါ) ယမ်းလောင်လို့ သေသွားပါတယ်။ (သူ့မိသားစုရော သူငယ်ချင်းတွေက အစ ကျွန်တော်တို့ပါ အပါအ၀င် အခု အချိန်ထိ နှမြောတသ ဖြစ်နေဆဲပါ။)

အရင်နှစ်တန်ဆောင်တိုင်မှာ ကျွန်တော် ခွဲစိတ်ဆောင်မှာ တာဝန်ကျပါတယ်။ လူငယ်၂ ယောက် ယမ်းမီးလောင်လို့ ရောက်လာပါတယ်။ အသက် (၂၀) ၀န်းကျင်လေးတွေပါ။ တစ်ယောက်က ရောက်လာကတည်းက အခြေအနေ တော်တော်ဆိုးပါတယ်။ မီးလောင်တာ (Deep Burn ) ကို တစ်ကိုယ်လုံးရဲ့ ၇၂ ရာခိုင်နှုန်းရှိပါတယ်။ ခွဲစိတ်အထူးကု ဆရာဝန်ကြီး နဲ့ အေအက်စ် အစ်ကို အစ်မတေ၊ွ ကျွန်တော်တို့ ဟောက်စ်တွေ ၊ဆရာမတွေ အထူးကုသပေးတဲ့ ကြားက သူ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။

ဒီလိုလူငယ်မျိုး ဘယ်နှစ်ယောက် တန်ဆောင်တိုင် ပွဲတော်အတွက် အသက် စတေးခဲ့ပြီးပြီလဲ။ ၀ါသနာကြောင့် လား။ ပျော်ချင်လို့ လား။ ၀ါသနာ ကြောင့်ဆိုရင်လည်း အန္တရာယ်ကင်းအောင် သိတတ်နားလည်တဲ့ လူကြီးတွေ ရဲ့ကွပ်ကဲမှု နဲ့ လုပ်ကြရင်မကောင်းဘူးလား။ ဒါက ၀ါသနာ အရ မီးပုံပျံ လုပ်လို့ ဖြစ်တဲ့ မတော်တဆတွေ။ ပွဲတော်ရက်တွေမှာ ရန်ဖြစ်လို့ ၊ မော်တော်ဆိုင်ကယ် အရမ်းမောင်းလို့ အသက်ပေးလိုက်ရသူ တွေကော ဘယ်လောက်ရှိပြီလဲ။

ဘာပဲဖြစ်ဖြစ်ပါ။ တောင်ကြီးသားတွေ အတွက်ကတော့ တန်ဆောင်တိုင်ဆိုတာ မပြန်မဖြစ် ပွဲတော်တစ်ခုပါ။ တောင်ကြီးသားတွေ ရှိနေသ၍ကတော့ တန်ဆောင်တိုင်ပွဲတော်နဲ့ မီးပုံးပျံတွေကတော့ ရှိနေဦးမှာပါ။ ဒီလူတွေ အဖို့ကတော့ တန်ဆောင်တိုင်ပွဲတော်ကို နောက်တစ်နှစ်ပြန်လာဖို့ဆိုတာ မွေးကတည်းက သွေးထဲမှာပါလာတဲ့ကတိလေ။

……………………………………………………………………………………………

သွေးထဲကပွဲတော်

ပွဲတော်မှာ ငွေတွေပလူပြန်အောင်လောင်းတတ်တဲ့ လူတွေ

တစ်ကယ့် ဘ၀မှာရော ဘယ်နှစ်ခါအရင်းပြန်ရပြီလဲ

အတိတ်စိမ်းကို ယုံလို့ နှလုံးသားကိုပုံမိသူကလည်း

ပေါက်ကောင်တစ်လွဲအထွက်မှာ ငိုင်သွားပေမယ့်

နောက်တစ်ခါ ဘ၀ကိုလောင်းကြေးချဖို့ ၀န်မလေးပြန်ဘူး။



မီးရှူးမီးပန်းတွေ တောက်ပနေမဲ့ တစ်ဒင်္ဂအတွက်

လူမသိ သူမသိ ရင်းလိုက်ကြရတာကိုလည်း ကြေနပ်သတဲ့

ပွဲတော်လာသူတိုင်း ရမ်းကားခွင့်လိုင်စင်ရတယ်လို့ ထင်နေရှာတဲ့

အထက်တန်းကျောင်းသားလေးလို နှင်းတွေကလည်း ဖရိုဖရဲကျလို့။


ဒီလောက်ရှုပ်နေတဲ့လူတွေကြားမှာ တစ်စုံသောမျက်ဝန်းကိုမှရွေးပြီး

ခဏခဏ ခလုတ်တိုက်တတ်တဲ့ အကြည့်တွေလည်းရှိရဲ့

ကိုယ့်ဇာတ်ညွန်းနဲ့ကိုယ်ဟုတ်နေကြပေမဲ့

ဘယ်နှနှစ်ပြောင်းပြောင်း background music ကတော့ ဒီအိုးစည်သံပဲ။



တောင်ချွန်းကြီးကတော့ မတုန်မလှုပ်ငုံ့ကြည့်ရင်း

ပွဲပြီးပေမယ့် မသေတဲ့မီးတွေအကြောင်း မှတ်တမ်းတင်လို့

နိုင်လို့မူးပြီးပြန်မဲ့သူနဲ့ ရှုံးလို့သောက်ပြီးပြန်တဲ့သူ ပခုံးဖက်ပြီးထွက်ခွာသွားတော့

တစ်ဖက်စီကျန်တဲ့ ရှူးဖိနပ်တွေနဲ့ ပွဲတော်ကဟောင်းသွားပြီပေါ့

နောက်တစ်ခါလာဖို့ ဘယ်သူမှ မဖိတ်ပါဘူး

နောက်တစ်နှစ်ပြန်လာဖို့ဆိုတာ မွေးကတည်းက သွေးထဲမှာပါလာတဲ့ကတိလေ။ ။

ငယ်ငယ်လေး။


1 comment:

Anonymous said...

အရမ်းကြိုက်တာဘဲ။
ဒီကဗျာလေးကို။

မိုးချစ်သူ