jp Ulmuka_ဇီးကွက်: တောင်ကြီးတန်ဆောင်တိုင်(၂)

Tuesday, October 30, 2007

တောင်ကြီးတန်ဆောင်တိုင်(၂)

တောင်ကြီးတန်ဆောင်တိုင်(၂)

ဟန်နီ ပြောတော့မှပဲ ကျွန်တော့်စာတွေ မပြည့်မစုံ ဖြစ်နေတာ သတိထားမိတယ်။ အမှန်ကတော့ ပြည့်ပြည့်စုံစုံ ရေးရလောက်အောင်လည်း မသိလို့ပါ။ :P ယမ်းလောင်တယ် ဆိုတာကို သိသလောက်ရှင်းပြပါမယ်။ ကျွန်တော်တို့ ညမီးကျည် အတွက် မီးရှူးရိုက် တဲ့ အခါ လိုချင်တဲ့ အရောင် (အနီ၊ အစိမ်း ၊ ငွေရောင် ၊ ခရမ်း စသည်ဖြင့် ပေါ့လေ ) ရအောင် ယမ်းစိမ်း ၊ ကန့်၊ လေယာဉ်သံ စတဲ့ ပစ္စည်းတွေကို သူ့ အချိုးအဆ နဲ့ သူ ရောစပ်ပြီးတော့ ညက်နေအောင် ထောင်းရပါတယ်။

အဲဒီလို ထောင်းတဲ့ အခါမှာ ယမ်းအချိုးအစားမှား ထည့်မိရင်ပဲဖြစ်ဖြစ် ၊ ထောင်းတဲ့လူ လက်ဆပြင်းသွားရင် ပဲဖြစ်ဖြစ် ၊ တစ်ယောက်ယောက်က အမှုမဲ့ ၊ အမှတ်မဲ့ ဆေးလိပ်မီးညှိတာတို့ ၊ မီးရှုးစမ်းရင်းနဲ့ ယမ်းပုံပေါ် ရောက်သွားတာတို့ ဖြစ်ရင် ထပေါက်ကွဲ တတ်ပါတယ်။ အချိုးအစားထည့်တာ မှားတယ်ဆို တာက ယမ်းစိမ်း ၂ ဂရမ် ထည့်ရမှာ ကို မှားပြီး ၈ ဂရမ် ထည့်မိတာမျိုး ရှိသလို ကိုယ့်ဟာကိုယ် အရောင်စမ်းမယ်ဆိုပြီး လျှောက်စပ်တာမျိုးလည်း ရှိပါတယ်။ အဲဒါကြောင့် ယမ်းလောင်တာ ဟာ လူငယ်တွေမှာ ဖြစ်တာများတာပါ။

နောက်တစ်ခုကတော့ မီးဇု ခံတဲ့ ဓလေ့လေးပါ။ မီးဇု ခံတယ်ဆိုတာက အရင်တုန်းကတော့ အောင်ပွဲခံ တဲ့ အထိမ်းအမှတ်နဲ့ ရပ်ကွက်ထဲမှာ အလှူငွေ လိုက်ကောက်တာလို့ လူကြီးတွေ ပြောတာ ကြားဖူးပါတယ်။ ဥပမာ ပြည်တော်သာရပ်ကွက် က ညမီးကျည် ပထမဆု ရတယ်ဆိုပါစို့။(ကိုယ့်ရပ်ကွက် မို့ ကိုယ်ပြောတာပါ တစ်ခါမှတော့ မရဖူးသေးပါဘူး။ :D ဒီနှစ်ရပါစေဗျား။ ) ဆုရတဲ့ ညကျမှ အိုးစည်ဗုံမောင်းနဲ့ ရပ်ကွက်ထဲမှာ အလှူငွေ လိုက်ကောက်တာပါ။ ပြီးမှ အောင်ပွဲ အထိမ်းအမှတ် အနေနဲ့ စားပွဲသောက်ပွဲတွေ လုပ်ကြတာ လို့ကြားဖူးပါတယ်။

အခုခေတ်ကျတော့ မီးပုံးပျံတောင် မလွှတ်ရသေးဘူး မီးဇု ခံတဲ့ အဖွဲ့ကခံနေကြပြီ။ ဒီအလှူငွေတွေ ကိုတော့ သောက်စားပျော်ပါးလိုက်တာ မဟုတ်ပါဘူး။ မီးပုံးပျံ လုပ်တဲ့ စရိတ်ကြီးလာလို့ ကာမိအောင်လုပ်တဲ့ သဘောလို့ ယူဆမိပါတယ်။ အခုနောက်ပိုင်း တော့ မီးပုံးပျံ အဖွဲ့တွေသာ မကပဲ ကျောင်းသူ ကျောင်းသားတွေက ပါ ကျောင်းကထိန် အတွက် မီးဇု ခံလာတာ တွေ့ရပါတယ်။ (ကျွန်တော်တို့်လည်း ထိပ်ဆုံးက ပါခဲ့သေးတာပေါ့။ ဘယ်ရလိမ့်မတုန်း။ အဲဒီအကြောင်းကို ပို့စ် တစ်ခုထပ်ရေးပါ့မယ်။ )

အခုရေးခဲ့တာတွေ အားလုံးက ကျွန်တော်ရဲ့ ကြားဖူးနားဝတွေပါ။ အမှားများပါခဲ့ ရင် (ပါဖို့ကလည်း ခပ်များများဆိုတော့ ) ကျွန်တော့်ကို ပဲဝိုင်းဆဲကြပါ။ပြီးတော့ ဟန်နီကို ဆဲကြပါ။ (သူ ရေးခိုင်းလို့ ရေးရတာကိုးဗျ)အမှားတွေ့သူများ ပြင်ပေးကြပါ ခင်ဗျာ။

No comments: