တို့ကျောင်း ကထိန်
တောင်ကြီးမှာ တန်ဆောင်မုန်းလဆန်း (၁၄)ရက် ( တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ တစ်ရက်အလို၊ တောင်ကြီးမှာတော့ အဲလိုနေ့မျိုးကို အဖိတ်နေ့လို့ခေါ်တယ်ဗျ)မှာတော့ မြို့လုံးကျွတ် ဘုံကထိန်ပွဲ ကျင်းပပါတယ်။ မြို့လုံးကျွတ် ဆိုတဲ့ အတိုင်း တစ်မြို့လုံး ပါဝင် ဆင်နွဲကြပါတယ်။ အင်မတန်မှ ချစ်စရာ ကောင်းတဲ့ အလေ့အထလေးပါ။
သီတင်းကျွတ်ပြီးတာနဲ့ မြို့မဈေးထဲတို့ လက်တွန်းလှည်းဂိတ်တို့ တက်စီဂိတ်တို့ လိုင်းကားဂိတ်တို့လို နေရာမျိုးမှာ ပဒေသာပင်အလွတ်တွေ ချထားပါတယ်။ ပဒေသာပင်သီးချင်တဲ့လူ လာသီးပေါ့လေ။ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့မှာ တော့ တစ်မြို့လုံးက ပဒေသာပင်တွေကို ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် စီတန်းလည့်လည်ပါတယ်။ ပြီးတော့မှ မြို့လည် ဓမ္မာရုံမှာ စုပြီးတော့ ဆိုင်ရာ ဆိုင်ရာ ဘုန်းကြီးကျောင်းတွေကို ပို့ပေးတာပါ။
စီတန်း လည့်လည်တဲ့ နေရာမှာလည်း သူ့အစုနဲ့သူ လည့်လည်တာပါ။ သူ့အစုနဲ့သူ ဆိုတာက လက်တွန်းလှည်းသမားတွေဆိုရင် သူတို့ရဲ့ ပဒေသာပင်လေးတွေကို လက်တွန်းလှည်းပေါ်တင်လို့၊ တက်စီသမားတွေဆိုရင် လည်း တက်စီပေါ်၊ လိုင်းကားဆိုရင်လည်း လိုင်းကားပေါ်၊ ဘာမှ မရှိတဲ့ လုတွေကတော့ ပခုံးနဲ့ထမ်းပေါ့လေ။ (အခုတော့ ဆီဈေးကြီးသွားလို့ ကားတွေတောင် ပါပါ့မလားမသိ။ :-( )
မြို့လုံးကျွတ် ဘုံကထိန်မှာတော့ ပဒေသာပင်ကို အကောင်ပုံတွေ ချိုးတာရှိပေမယ့် နည်းပါတယ်။ အကောင်ပုံတွေ ချိုးတာကျတော့ ကျောင်းသားတွေ လုပ်တဲ့ ကျောင်းကထိန်မှာတော့ ပိုများပါတယ်။
ကျောင်းကထိန်ဆိုလို့ပြောရဦးမယ်။ ကျွန်တော်တို့တုန်းက ကျောင်းကထိန်တွေကို ပေးလုပ်ပါသေးတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ ကိုးတန်းနှစ်တုန်းက လိပ်ပြာပုံ ပဒေသာပင်လုပ်ပါတယ်။ ဆယ်တန်းနှစ်ကျတော့ သမင်ရုပ်ပါ။ အဲဒီတုန်းက ပျော်လိုက်ပုံများကတော့လေ။ ဒီပဒေသာပင်လေး လုပ်ဖို့ကို နှစ်စကတည်းက ပိုက်ဆံတွေကောက် ဘာကောင်လုပ်မယ် ညာကောင်လုပ်မယ် တိုင်ပင်ကြနဲ့။ အဲတုန်းက သူများကျောင်းနဲ့လဲပြိုင်ရ၊ ကိုယ့်ကျောင်းက တခြားတန်းခွဲတွေနဲ့လဲ ပြိုင်ရသေးတယ်လေ။ အလှူငွေ ဘယ်လောက်ရတာက အစ၊ အကောင်ချိုးတာ လှမလှ က အဆုံးပေါ့လေ။
အလှူငွေ ပါပြိုင်တယ်ဆိုတော့ ကျွန်တော်တို့လည်း ဘယ်ရမလဲ မီးဇုခံ ထွက်ကြတာပေါ့။ ကိုယ့်မိဘအိမ်နဲ့ အမျိုးအိမ်တွေပဲ လှည့်သွားကြတာပါ။ မှတ်မိတာတစ်ခုက အိမ်တစ်အိမ်က ဒီအတိုင်း မထည့်နိုင်ဘူး ကပြရမယ်ဆိုလို့ ယောက်ျားလေးတွေက သီချင်းဆိုပြီး မိန်းကလေးတွေက ကပြရသေးတယ်။ မျောက်ကတော့ မဟုတ်ဘူးနော်။ ဒီတိုင်း လက်မြောက်ခြေမြောက်ပေါ့။ အခု ပြန်စဉ်းစားတော့ တကယ်လွမ်းပါတယ်။ သူငယ်ချင်းတွေကို ရော ကျောင်းကြီးကိုရော။ (ကျောင်းပါဆိုမှ ကျောင်းအုပ်ဆရာမကြီးလဲပါတာပေါ့နော်။ အထက(၄)နဲ့ ဒေါ်အေးချစ် ဆိုတာခွဲလို့မှ မရတာ။ ဆရာ၊ ဆရာမတွေ ကိုလည်း သတိရပါတယ်။ )
အဲလေ စာရင်းချုပ်လိုက်တော့ ကျွန်တော်တို့ စီခန်းက ဘီခန်းကို နှာတစ်ဖျားကပ်ပြီး ရှုံးပါတယ်။ သူတို့က ကျွန်တော်တို့ဘယ်လောက်ရတာဆိုတာ သိသွားတယ်လေ။ အဲတော့ ပိုအောင် ပိုက်ဆံကောက်ပြီးထည့်လိုက်တာကိုး။ အရုပ်ပဒေသာပင်တွေ လုပ်ပြီးတော့ ကိုယ်လှူမယ့် ဘုန်းကြီးကျောင်းကို ထမ်းပို့ပါတယ်။ ဘုန်းကြီးကျောင်းကို မသွားခင် မြို့ထဲလှည့်တယ်လေ။ လမ်းကြောင်းကိုတော့ သူများကျောင်းရှေ့ကိုဖြတ်အောင် ဆွဲတာပေါ့။ ကြွားရမယ်လေ။ မိန်းကလေးတွေလည်း ယောက်ျားလေးတွေနဲ့ ပဒေသာပင်ကို လုပြီးထမ်းကြတာ ပျော်စရာကြီးပါ။ အခုနောက်ပိုင်းတော့ ကျောင်းကထိန်တွေမှာ အရုပ်တွေ၊ ပဒေသာပင်တွေ လုပ်ပြီးလှည့်တာကို မလုပ်ရတော့ဘူးလို့ ကြားပါတယ်။အလှူကတော့ လုပ်ကြပါသေးတယ်။
ဒီခေါင်းစဉ် “်တို့ကျောင်းကထိန်” ကို စာရွက်အလွတ် သာပေးပါဆိုတဲ့ ဟန်နီ နဲ့ လက်နာနေတဲ့ Chaos ကို Tag ပါတယ်ဗျို့။


No comments:
Post a Comment