jp Ulmuka_ဇီးကွက်: သီတင်းကျွတ် လပြည့်နေ့

Friday, October 26, 2007

သီတင်းကျွတ် လပြည့်နေ့

ဒီနေ့ ရုံးပိတ်ပေမယ့် စောစောနိုးနေတယ်။ ဒီနေ့က သီတင်းကျွတ် လပြည့်နေ့လေ။ တောင်ကြီးမှာ ဆိုရင် မနက်စောစော ထပြီး ဘုန်းကြီးကျောင်းတက် ကြတဲ့နေ့ပေါ့။ လမ်းလျှောက်တက်တဲ့ လူတွေကလည်း ကိုယ့်မိသားစုနဲ့ကိုယ်၊ တတ်နိုင်တဲ့ လူတွေကလည်း ကားနဲ့ပေါ့။ လူတွေရဲ့ မျက်နှာတွေ ကလည်းကြည်လင်ပြုံးရွှင်လို့။ တစ်မူးရှိလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလားတဲ့။

နေ့လည်စာ စားပြီးတော့ ဒီမြို့မှာရှိတဲ့ တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်းကို အလုပ်က သူငယ်ချင်းတွေနဲ့ သွားတက်ဖြစ်ပါတယ်။ သွားပြီးအပြန် မှာတော့ အိမ်ကိုပြန်ချင်စိတ်က တားမရှဆီးမရပါပဲ။ အိမ်မှာဆိုရင် ဘုန်းကြီးကျောင်းက အပြန်မှာ အမျိုးတွေအားလုံး ဘကြီးအိမ်ကိုဝင် လူကြီးတွေကိုကန်တော့(ပြီးရင်တော့ မုန့်ဖိုးတောင်းတာပေါ့) ပြီးတော့ တစ်ခုခု လုပ်စားရင်း ထွေရာလေးပါး ပြောကြပေါ့လေ။ (အိမ်ကို လည်းလွမ်း မုန့်ဖိုးကိုလည်းလွမ်းပေါ့လေ.. :P)

ဘုန်းကြီးကျောင်းတက်တယ် ဆိုလို့ပြောရဦးမယ်။ ရန်ကုန်၊ မန္တလေး က အချို့ သူငယ်ချင်းတွေက ဘုန်းကြီးကျောင်းတက်တယ် လို့ပြောရင်မသိကြဘူးဗျ။ တော်တော်ရှင်းပြရတယ်။ ဘုန်းကြီးကျောင်းတက် တယ်ဆိုတာ အလှူစာ(လှူဖွယ် ပစ္စည်း) တွေနဲ့ ဘုန်းကြီးကျောင်းကို သွားပြီးကန်တော့၊ ငါးပါးသီလ (သို့) ရှစ်ပါးသီလ ယူတာ ဘာညာ စသည်ဖြင့် ရှင်းပြရသေးတယ်။
ငယ်ငယ်တုန်းက သီတင်းကျွတ်လပြည့်နေ့ ဆိုရင် မီးပုံးတွေထွန်း၊ မီးပန်းတွေ မီးရှူးတွေလွှတ်၊ ဗျောက်အိုးတွေ ဖောက်ပေါ့လေ။နောက်ပိုင်းကျတော့ ဗျောက်အိုးမဖောက်ရ အမိန့်ထွက်လာတော့ မဖောက်ရတော့ဘူး။ မီးရှူးကတော့ ကြီးလာတဲ့ အထိလည်း လွှတ်တုန်းပါပဲ။ မှတ်မှတ်ရရ မနှစ်ကတောင် စူဠာမုဏိဘုရား ပေါ်မှာ သူငယ်ချင်းတွေနဲ့ မီးရှူးလွှတ်လိုက်သေးတယ်။

သီတင်းကျွတ်လပြည့်နေ့ည ဆိုရင် တောင်ကြီးမှာ မီးပုံးပျံတွေ လွှတ်လေ့ရှိတယ်။ အရင်နှစ်ကတော့ မြို့ဦးကျောင်းမှာလွှတ်တယ်လေ။ ဒီနှစ်ကော ရှိဦးမလားမသိဘူး။ တောင်ကြီးချယ်ရီမြေ ကိုသွားကြည့်တော့ စူဠာမုဏိဘုရား ပေါ်မှာ ဆီမီးကိုးထောင်ပူဇော်ပွဲ နဲ့ မီးပုံးပျံကွင်းသစ် မှာ မီးပုံးပျံတွေ လွှတ်တင်တာတွေဖတ်ရတော့ တောင်ကြီးကို ပြန်ချင်စိတ်က ပိုဆိုးရော။

1 comment:

Anonymous said...

when did u take 5 or 8 precepts?
hote ma hote yae larr~ ~
;)