jp Ulmuka_ဇီးကွက်: ကြောက်တဲ့ အကောင်

Friday, December 7, 2007

ကြောက်တဲ့ အကောင်


မေပျိုTag ထားတာ တော်တော်ကြာနေပြီ။ အခုမှပဲ ရေးဖြစ်တော့တယ်။ တော်ပါသေးရဲ့ သူက အတိုးပါ လာမတောင်းလို့။ အခုဆပ်ပြီနော်။ ကောင်းကောင်းလေး ရေးပေးချင်လို့ ကြာသွားတာပါဗျ။

………………………………………………………………………………………………….

ကြောက်တဲ့ အကောင်

စဉ်းစားကြည့်တော့ သက်ရှိသတ္တ၀ါတွေထဲမှာ ကြောက်တာက ဘာမှမရှိသလိုပဲ။ လူတွေကိုတော့ ကြောက်တယ်။ တခြားအကောင်တွေကိုတော့ မကြောက်သလိုပဲ။ အကောင်အထည် ရှိတဲ့ အကောင်တွေကိုတောင်မှ မကြောက်တာ။ အကောင်အထည်မရှိတဲ့ သရဲတို့ တစ္ဆေတို့ဆိုတာ မတွေ့ မချင်းမကြောက်ဘူး။ တွေ့ရင်တော့ ကြောက်မလားမသိဘူး။ :D တွေ့လဲ မတွေ့ဖူးဘူး။ တွေ့အောင်တော့ လည်းလိုက်မရှာချင်ဘူးလေ။ ဆေးရုံမှာ နေတုန်းကလည်း တစ်ခါတစ်လေ အခန်းအကျယ်ကြီးမှာ တစ်ယောက်ထဲ အိပ်ဖူးတယ်။ သူများပြောတဲ့ သူရဲတို့ ဘာတို့ မတွေ့ပါဘူး။ တစ်ခါတစ်လေတော့လည်း စဉ်းစားကြည့်မိတယ်။ ကိုယ့်ရုပ်ကပဲ သူရဲ ထက်ဆိုးနေလို့လားပေါ့။ ဖြစ်နိုင်ပါတယ်။ ညဆို မှန်တောင်မကြည့်ရဲဘူး။ လိပ်ပြာလွင့်သွားမှာ စိုးလို့။ အဲလေ ပြောချင်တာကတော့ အခုထိ သရဲတို့ တစ္ဆေတို့ဆိုတာ မတွေ့ဖူးသေးဘူး။ အဲဒီတော့ ကြောက်မကြောက်လည်း မသိသေးဘူးပေါ့။ မကြောက်ဘူးလို့ပဲ ယူဆလိုက်နော်။ :P

ကျွန်တော်ကြောက်တဲ့ အကောင်လေးတွေတော့ ရှိတယ်ဗျ။ သူတို့တွေက သာမန်မျက်စိနဲ့ ကြည့်လို့ မမြင်နိုင်တဲ့ ရောဂါပိုးလေးတွေပေါ့။ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် လို့ခေါ်တယ်လေ။

ဘက်တီးရီးယား

ဘတ်တီးရီးယား ဆိုတာက ဆဲလ် တစ်လုံးထဲရှိတဲ့ အလွန်သေးငယ်တဲ့ သတ္တ၀ါတွေပါ။ ပုံမှန်အားဖြင့် မိုက်ခရိုမီတာ (Micrometer) အနည်းငယ်သာရှည်ပါတယ်။ ပုံစံတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ စက်လုံးပုံ ( spheres) အချောင်းပုံ (rods) စပရိန်ပုံ သို့မဟုတ် ကြောင်လိမ်လှေကားပုံ ( spirals) စသည်ဖြင့်ပေါ့လေ။ ဒီကောင်လေးတွေက နေရာတိုင်းမှာ ရှိတယ်ဗျ။ မြေကြီးထဲမှာလဲရှိ၊ ရေပူစမ်းတွေမှာလည်းရှိ၊ ပင်လယ်ရေထဲမှာ လဲရှိ။ နောက်ဆုံး ရေဒီယို ဓါတ်သတ္တုကြွ စွန့်ပစ် ပစ္စည်း တွေမှာတောင် နေနိုင်တယ်တဲ့ဗျ။ မြေကြီး တစ် ဂရမ် (1g) မှာဆိုရင် ဘက်တီးရီးယားအကောင်ပေါင်း သန်းလေးဆယ်လောက်ပါလေ့ရှိပြီး လတ်ဆတ်တဲ့ ရေ (fresh water) တစ်မီလီမီတာ (1mm) မှာ ဆိုရင် ဘတ်တီးရီးယားပိုး တစ်သန်းလောက်ပါလေ့ ရှိပါတယ်တဲ့။


ဒီဘတ်တီးရီးယားတွေက အာဟာရတွေကို ပြန်လည် အသုံးချမှု (recycling of nutrients) ဖြစ်စဉ်မှာ အရေးကြီးတဲ့ အခန်းကနေ ပါပါတယ်။ လူ့ ခန္ဓာကိုယ်မှာရှိတဲ့ ဘတ်တီးရီးယားပိုးတွေဟာ လူ့ကိုယ်မှာရှိတဲ့ ဆဲလ်တွေ စုစုပေါင်းထက်ကို ၁၀ဆ များပါတယ်။ အများဆုံးနေတာကတော့ အရေပြားပေါ်မှာနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ။ ဒီဘတ်တီးရီးယားတွေ အများစုက လူကို အန္တရာယ် မပြုတဲ့ အပြင် ကောင်းကျိုးတောင်ပေးပါသေးတယ်။ စက်ရုံတွေမှာ ဆိုရင် ဘက်တီးရီးယားတွေကို ရေဆိုးသန့်စင်တဲ့နေရာ (Waster Water Management) မှာရော၊ ချိစ် (cheese) တို့ ဒိန်ချဉ်(yoghurt) တို့ ထုတ်လုပ်တဲ့ နေရာမှာရော ၊ ပိုးသတ်ဆေးတွေ နဲ့ တခြား ဓာတုပစ္စည်း တွေထုတ်တဲ့ နေရာတွေမှာပါ အသုံးပြု ကြပါတယ်။


တစ်ချို့သော ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယား တွေရှိပါသေးတယ်။ သူတို့ကနေ ကူးစက်ရောဂါ တွေ ဖြစ်၊ လူတွေသေစေ နိုင်ပါတယ်။ လူသိများတဲ့ အကောင်တွေကတော့ ကာလ၀မ်းရောဂါပိုး (cholera) ၊ ဆစ်ဖလစ်ရောဂါပိုး (syphilis) (ကာလသားရောဂါ လို့လဲခေါ်ပါတယ်)၊ အနာကြီးရောဂါပိုး (leprosy) နဲ့ ပလိပ်ရောဂါပိုး (plague) တို့ဖြစ်ကြပါတယ်။ နောက်တစ်ခုကတော့ အခုနှစ် အတွင်းမှာ ခုခံအားကျဆင်းမှု ရောဂါ (Acquired Immune Deficiency Syndrome, AIDS) နဲ့ပေါင်းပြီး ပြန်ခေါင်းထောင်လာတဲ့ တီဘီ (tuberculosis) ပါ။ ကမ္ဘာပေါ်မှာ သူက တစ်နှစ်ကို လူ၂ သန်းလောက်ကို သတ်နေပါတယ်။


တိုးတက်ပြီးတဲ့ နိုင်ငံတွေမှာ ဘတ်တီးရီးယား တွေကို သတ်ဖို့ ပိုးသတ်ဆေးတွေကို ရောဂါကုတဲ့ နေရာမှာကော၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ ရလာတဲ့ အကျိုးဆက်ကတော့ ဒီပိုးတွေဟာ ပိုးသတ်ဆေး ယဉ်ပါးလာတာပါပဲ။ ဆေးမျိုးစုံ ယဉ်ပါး တီဘီ (Multidrug Resistant TB, MDRTB ) ဆိုရင် အင်မတန်မှ ကြောက်ဖို့ကောင်းပါတယ်။ ကျွန်တော် တောင်ကြီးဆေးရုံမှာ နေတုန်းက ကလေးမလေး တစ်ယောက် တွေ့ဖူးပါတယ်။ အသက် ၁၂ နှစ်ပဲ ရှိသေးတယ်။ အင်းလေးကပါ။ ၇တန်းကျောင်းသူလေး။ စာလည်းတော်တယ်။ ဆရာဆရာမတွေလည်း သူ့ကို တော်တော်ချစ်ကြပါတယ်။ တီဘီကို ပထမအကြိမ် ဆေးပါတ်လည်အောင် မသောက်ဘူး။ ဒုတိယအကြိမ်ပြန်လာပြတော့ တီဘီက တစ်ကိုယ်လုံးကို ပျံ့နေပြီ။ (Disseminated TB ပေါ့။ )ကျွန်တော်တို့ ဆရာကြီးက ဆေးငါးမျိုး ( ဒါရှိတဲ့ ဆေးအကုန်ပါပဲ) ကို နှစ်လပေးတယ်။ လုံးဝမသက်သာဘူး။ နောက်ထပ် တစ်လထပ်ပေးတယ် မသက်သာဘူး။ MDR တီဘီလို့ ယူဆပြီး နောက်ထပ်ဆေးတွေ ထပ်တိုးပါတယ်။ နည်းနည်းပဲ သက်သာပါတယ်။ ကျွန်တော်တို့ တခြားဆေးရုံကို ပြောင်းတဲ့ အထိ ဆေးရုံမှာ နေနေရတုံးပါ။ နောက်ပိုင်းတော့ ဘာဖြစ်သွားလဲ ဆိုတာ အဆက်အသွယ် ပြတ်သွားလို့ မသိတော့ပါဘူး။ နေကောင်းပါစေလို့ ဆုတောင်းပေးရုံက လွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။


ပုံမုန်အားဖြင့် ဒီလိုဆေးမတိုးတဲ့ တီဘီတွေဟာ အရင်တုန်းက တော်တော်ကို ရှားပါတယ်။ စစချင်းကို ဆေးသုံးမျိုးတိုက် တာကြောင့် ဆေး တစ်မျိုး မဟုတ်ရင် တစ်မျိုးကတော့ ဒီပိုးကို နိုင်ပါတယ်။ဆေးပါတ်လည်အောင် မသောက်တာတို့ ၊ ဆေး ပုံမုန်မသောက် တာတို့ ၊ ကျန်းမာရေးဝန်ထမ်းတွေက ပိုးသတ်ဆေးတွေကို အရမ်းကာရော သုံးတာတို့ ကြောင့် ဆေးအကုန်ယဉ်ပါးပြီးတော့ ဆေးမတိုးတဲ့ အခြေအနေ ရောက်နိုင်တာပါ။ ( ဒီကိစ္စ မှာ ဆရာဝန်တွေ ဆရာမတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ ကျွန်တော် အပါအ၀င်ပေါ့လေ။ ရိုးရိုးသာမန်ဖျားတဲ့ နာတဲ့လူတွေ ကို မလိုအပ်ပဲ ပိုးသတ်ဆေးတွေ ပေးတာမျိုးတွေပါ။အင်းထဲမှာဆိုရင် ရိုးရိုးဖျားတာ ကိုတောင်မှ စတက်တိုမိုင်စင် (Streptomycin, first line drug in TB) ထိုးတယ်လို့ ကြားတယ်။ ရောဂါပိုးတွေ ဆေး ယဉ်ပါးလာတာ ဒါတွေကြောင့်လည်း အများကြီးပါပါတယ်။ စကားချပ်။ )


ဒီ MDRTB မဖြစ်အောင် လူနာကို ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင် စောင့်ကြပ်ကြည့်ရှုပြီး ဆေးတိုက်ကျွေးတဲ့ စနစ် (Directly observed Treatment Short Course, DOTS) ကိုကျင့်သုံးနေပါတယ်။ မြန်မာ နိုင်ငံမှာလည်း တီဘီကို အမျိုးသား စီမံကိန်း (National Program ) အနေနဲ့ တိုက်ဖျက်နေပါတယ်။


ဒါပေမယ့် လူနာတိုင်းကို အဲဒီ DOTS စနစ်နဲ့ ဆေးတိုက်ကျွေးခဲ့ရင်တောင်မှ တီဘီ ကို ပျောက်အောင် ကုသနိုင်တဲ့ နှုန်းက ၉၅ ရာခိုင်နှုန်းပဲ ရှိပါသတဲ့။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ကလည်း လူအင်အားမလုံလောက်တာ ၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတာ တွေကြောင့် လူနာတိုင်းကို စောင့်ကြပ်ကြည့်ရှုပြီး ဆေးတိုက်ပေးဖို့ ဆိုတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ပျောက်ကင်းအောင် ကုသ နှိုင်တဲ့ နှုန်းဟာ ဘယ်လိုမှ ၉၅ ရာခိုင်နှုန်းမရှိနိုင် ပါဘူး။ လျှော့လျှော့ ပေါ့ပေါ့ စဉ်းစားရင်တောင် ၈၀ ရာခိုင်နှုန်းထက်တော့ ဘယ်လိုမှ မကျော်ဘူးလို့ ထင်မိပါတယ်။


ဒါကြောင့်လဲ အခု မြန်မာနိုင်ငံအတွက် ရောဂါသုံးခုအတွက် ရန်ပုံငွေ (3D fund) ကနေပြီးတော့ တီဘီ၊ ဌက်ဖျား (Malaria)နဲ့ ခုခံအားကျရောဂါ (HIV, AIDS) အတွက် ဒေါ်လာသန်းနဲ့ချီပြီး ငါးနှစ် စီမံကိန်း အနေနဲ့ ချပေးထားပါတယ်။ ဒီ အလျှူငွေတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊( ပြည်တွင်းရော နိုင်ငံတကာ ရောပေါ့၊) က နေ တဆင့် ပြည်သူတွေဆီကို ပို့ပေးမှာပါ။ အဲဒီတော့ တီဘီကို တိုက်ဖျက်ဖို့ ကျွန်တော်တို့ အားလုံးလဲ ၀ိုင်းဝန်းကူညီသင့်ပါတယ်။ အနည်းဆုံးတော့ နီးစပ်ရာ သံသယရှိတဲ့ လူနာတွေကို ဆေးအမြန်ဆုံး ကုသမှု ခံယူဖို့ ၊ ဆေးကုသမှု ခံယူနေတဲ့ လူနာတွေ ကိုလည်း ဆေးပါတ်လည်အောင်သောက်ဖို့နဲ့ ဆေးကို ပုံမုန်သောက်ဖို့ လောက်တော့ ပြောပြနိုင်မယ်လို့ ထင်မိပါတယ်။

4 comments:

မေပျို said...

အကိုစီဘောက်စ်မှာ လာအော်တော့လေ သဲက တက်ထားမှန်းတော့ မှတ်မိတယ်။ ဘာတက်မှန်း မသိတော့ဘူး။ ဟီး မနည်းပြန်စဉ်းစားရတယ်။ ဒါလည်း မမှတ်မိပါဘူး။ အကို့ဆီလာမှပဲ သတိရတော့တယ်။ ဟဲဟဲ မှတ်ဥာဏ်က အဲဒီ့လောက်ကောင်းတာ။ အကိုက ဘတ်တီးရီးယားတို့ ဗိုင်းရပ်စ်တို့ကို ကြောက်တယ်ဆိုတော့ ဧကန်န ရောဂါဖြစ်မှာ ကြောက်လို့ထင်တယ်နော်။ ရောဂါဖြစ်လည်း မပူနဲ့သိလား။ သဲတို့ကုပေးမှာပေါ့။ အကိုယုံယုံကြည်ကြည် အကုခံရင်ပြောတာပါ။

Layma said...

တကြောက်သင့်တာကို ကြောက်တာပဲ....။

MCT said...

အကိုရေ
ဒီပို့စ်လေး အရမ်းကောင်းတယ်နော်
ကျန်းမာရေးအသိပညာတွေ
လူထုထဲပြန့်နှံ့ဖို့
အိမ်ရဲ့အဝေးတနေရာမှာ အလုပ်လုပ်ပေးနေတဲ့
အကို့ကို လေးလဲ လေးစားတယ်
ကျေးဇူးလဲတင်တယ်

ThinkingHoney said...

u can read a paper on that, i bet
this post is amazing