ကိုပီကေ က Tag တယ်ဗျ။ သူများတွေကလည်း ရေးပြီးကုန်ကြပြီ။ ကိုယ်ကလည်း ဘယ်နေမလဲ။ရေးမှာပေါ့ ။ ရေးချင်နေတယ်လေ။ ကဲ ကိုပီကေ ရေးပြီနော်။
………………………………………………………………………………………………………………..
ကျွန်တော့်၏ ulmuka
ကျွန်တော် ဘလော့ဂ်ကို စသိတာက စက်တင်ဘာလမှာ Chaos က သူ့ဘလော့ဂ် ကို လာလည်ပါဦးဆိုလို့ လည်ရင်းနဲ့မှ ရောက်ဖူးတာ။ နောက် ရန်ကုန်သွားတော့ ဟန်နီနဲ့ တွေ့ တယ်။ သူနဲ့ စာအကြောင်းတွေ ဘာတွေပြောရင်းနဲ့ သူက ဘလော့ရေးပါလားတဲ့။ အဲဒီအချိန်အထိ ရေးဖို့ စိတ်ကူးမရှိသေးပါဘူး။ စက်တင်ဘာ အရေးအခင်းဖြစ်တော့မှ ကိုနစ်နေမန်း၊ ကိုထိုက်၊ ကိုမျိုးချစ်မြန်မာ တို့ ဘလော့ဂ်တွေကို စသိတယ်။ ပြီးတော့ နောက် ရောက်သွားတာက မနိုင်းနိုင်းစနေ ရဲ့ ဘလော့ဂ်။ ပြီးတော့ ဘလော့ဂ် စစွဲတော့တာပဲ။ ညတိုင်းညတိုင်း ဘလော့ဂ်တွေလိုက်လည်။ စာတွေလိုက်ဖတ်နဲ့။
အောက်တိုဘာလထဲရောက် တော့ ကိုယ့်ဘာသာကိုယ် ဘလော့ရေးချင်လာတယ်။ အဲဒါနဲ့ Chaos ကို မြန်မာလိုရေးတဲ့ ဘလော့ဂ် ဘယ်လိုလုပ်ရမလဲမေး ပြီးတော့ ဇီးကွက် တစ်ကောင်ရဲ့ ဘလော့ဂ် ကို စလုပ်ဖြစ်တယ်။ ဘလော့ဂ်မှာ user name ဆိုတော့ ဇီးကွက်လို့ပဲ ပေးချင်တယ်။ Owl လို့ လဲ မရေးချင်ဘူး။ Zee Kwet လို့လဲ မရေးချင်ဘူး။ အဲဒီတော့ ထုံးစံအတိုင်း google မှာရှာလိုက်တယ်။ အဲဒီမှာ ulmuka ဆိုတာ Sanskrit ဘာသာစကား (ဟိန္ဒူ ) လို ဇီးကွက်ကို ခေါ်တာလို့ သွားတွေ့တယ်ဗျ။ အဲဒါနဲ့ ulmuka.blogspot.com ဆိုပြီးဖြစ်လာရော။
စရေးဖြစ်တာ က အောက်တိုဘာ ၁၇ ရက် မှာ။ အင်တာနက်ကို ကျေးဇူးတင်ခြင်းဆိုပြီး ပို့စ် တစ်ခုရေးဖြစ်တယ်။ ပြီးတော့ ဘာရေးရမှန်းမသိဘူး ။ ဟန်နီက မြောက်ပေး အဲလေ အားပေးတယ် ။ ရေးချင်တာသာရေးတဲ့။ အဲဒါနဲ့ သူတောင်းစားအကြောင်း စရေးဖြစ်တယ်။ ပြီးတော့ လူလူသူသူဖြစ်အောင် စီပုံးလေးထည့် လိုက်တယ်။ မညလေးက font တွေ ကြီးနေတာကို ချုံ့လိုက်ဖို့ အကြံပေးတယ်။ အဲဒါနဲ့ပဲ ဇီးကွက် တစ်ကောင်ရဲ့ ဘလော့ဂ် က နည်းနည်းပုံစံကျ လာတယ်ပေါ့။ မလင်း က သူတောင်းစား အကြောင်းကို သူ့ရဲ့ ညနေခင်းသတင်းမှာ ကြော်ငြာ ထည့်ပေးတယ်။ (ကျေးဇူးပါဗျာ။ )
နောက်တော့ ဘလော့ဂ်တွေလိုက်လည်ရင်း သူငယ်ချင်းတွေတိုးလာတယ်။ ကိုယ်လည်း ဘလော့ဂ်ဂါ အိမ်ယာထဲမှာ အိမ်ခန်းတစ်ခန်းပိုင်လာတယ်လို့ပဲ ပြောရမှာပေါ့။ မနက်မိုးလင်းရင် ကိုယ့် စီပုံးမှာ ဘယ်သူတွေ ဘာလာအော်သွားလဲ ကြည့်ချင်တယ်။ သူများ ဘလော့ဂ်တွေ မွေးနေ့ပွဲ လုပ်ရင် သွားချင်တယ်။ မုန့်ကျွေးရင် စားချင်တယ်။ (ငတ်တယ်လို့ ပြောချင်ပြောဗျာ။) ကိုယ့် ဘလော့ဂ် မှာ ပို့စ် အသစ်မတင်နိုင်ရင် မျက်နှာငယ်တယ်။ (အဲဒီတော့ ညဥ့်နက် သန်းခေါင်ထိရေးတာပေါ့။ တစ်ခါ တစ်လေ ခရီးထွက်ရတာများလို့ စာမရေးနိုင်တာတော့ ခွင့်လွှတ်ပေးကြပါဗျာ။) သူများ Tag တာကိုလည်းရေးချင်တယ်။ ကိုယ့်စိတ်ထဲ မှာ ရှိတာတွေလည်းရေးချင်တယ်။ မြင်သမျှတွေ့သမျှ ကို ရေးချင်နေတော့တာပဲ။ အဲဒါနဲ့ ဘလော့ဆေးသွားစစ်ကြည့်လိုက်တော့ ၆၀% စွဲနေပြီတဲ့။ အဲဒါက အောက်တိုဘာတုန်းက စစ်တာနော်။ အခုစစ်လိုက်ရင် ဂုဏ်ထူးတော့ အသာလေးထွက်တယ်။
ကျွန်တော့် အတွက်ကတော့ ဘလော့ဂ်ဆိုတာ အနားယူ အပန်းဖြေစရာ နေရာလေးတစ်ခုပါပဲ။ တစ်ခုရှိတာက ကျွန်တော် စာရေးမကောင်းဘူးဗျ။ ကိုယ်ဟာကိုယ်လည်း သိပါတယ်။ ရေးသာရေးနေရတာ ရေးရင်းရေးရင်းနဲ့ တောင်ရောက် မြောက်ရောက်တွေဖြစ်လို့။ (ခုတောင် ဘလော့ဂ် အကြောင်းရေးနေရင်း ဘယ်ရောက်သွားပါလိမ့်။ :P ) မတတ် နိုင်ဘူးလေ။ ရေးချင်တာကိုး။ ရေးတာကတော့ ရေးနေမှာပါပဲ။ တဖြည်းဖြည်းနဲ့ တိုးတက်လာပါစေလို့ မျှော်လင့်ရတာပဲလေ။

3 comments:
စရေးခါစကတောင် ဂလော့ဂ်ရောဂါက ၆၀% ဆိုတော့ အခုလောက်ဆို ၁၀၀ % တောင် ကျော်နေရောပေါ့။ ရောဂါအခြေအနေက အတော်တောင် ဆိုးနေပါပကောလား။
ကျွတ်၊ ကျွတ်၊ ကျွတ်။ ဘ၀တူမို့ သနားမိတာပါ။ ulmuka ဆို ဘာကြီးလဲလို့ စိတ်ဝင်စားနေတာ စသိကတည်းကပဲ။ ဒါပေမယ့် မမေးဖြစ်ခဲ့ဘူး။ အလိုက်တသိနဲ့ ရှင်းပြလိုက်တော့ သိသွားတာပေါ့။ ဟတ်ဟတ်။ တက်ထားတာ ရေးပေးတဲ့ အတွက် ကျေးဇူးပါပဲ။
ဂုဏ်ထူး အများကြီးပေးတယ်
ကိုဆရာဝန်ရေ
အစ်ကိုစာရေးကောင်းပါတယ်
တကယ်ပြောတာပါ
လုပ်သာလုပ်ပါ
အချိန်တွေ အကျိုးရှိရှိကုန်လွန်နေရတာပဲလေ
မဟုတ်ဘူးလား
ဘလောဂ့်ရပ်ကွက်ထဲမှာ အိမ်ခွန်ရော ဆောင်ပြီးပြီလားဗျို့ ...။
Post a Comment