Emotional ဆိုတာ
၁) စိတ်ခံစားမှု နှင့်သက်ဆိုင်သော (pertaining to or involving emotion or the emotions.)
၂) စိတ်ထိခိုက် ခံစားလွယ်သော (subject to or easily affected by emotion)
၃) စိတ်ကို စွဲဆောင်နိုင်သော (appealing to the emotions)
၎) စိတ်ခံစားမှုကို ပြသသော (showing or revealing very strong emotions)
၅) စိတ်ခံစားမှုကို ဦးစားပေးသော (actuated, effected, or determined by emotion rather than reason)
၆) စိတ်ခံစားမှု၏ နောက်သို့လိုက်သော၊ စိတ်ခံစားမှု၏ ထိန်းချုပ်ခြင်းကို ခံရသော (governed by emotion)
လို့ ဘာသာပြန်ရမယ်ထင်တယ်။ (အင်္ဂလိပ်-မြန်မာ အဘိဓါန်မရှိလို့ ကိုယ်ထင်သလို ဘာသာပြန်ဆိုပါတယ်။ ဆီလျှော်အောင် ပြန်ဆိုတယ်လို့တော့ မပြောရဲဘူးလေ။ ဆီလျှော်လား မလျှော်လားက ကိုယ်မှ မသိပဲကိုး။ မှားရင်လဲ ခွင့်လွှတ်ကြပါဗျာ။)
လူတစ်ယောက် က စိတ်နောက်ကိုယ်ပါ လုပ်တယ်ဆိုရင် ကျွန်တော်တို့ က အလွယ် တကူပဲ ဒီလူ emotional ဖြစ်တယ်လို့ ပြောတတ်ကြတယ်။ အမှန်က စိတ်သွားတိုင်း ကိုယ်ပါတာ ကောင်းတာပေါ့ လို့ပြောကြမလားပဲ။ ဒါပေမယ့် တစ်ကယ်ကောင်းရဲ့လား။ ကိုယ်က စိတ်ခံစားမှု ကို ဦးစားပေးမယ် ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ။ အရင်ဆုံးတော့ ကိုယ်ဟာကိုယ်ထိခိုက်တာပဲ။
ဥပမာ ဆရာဝန် တစ်ယောက်ဆိုပါတော့ ၊ သူ့လူနာတစ်ယောက်ဆုံးတိုင်း သူငိုနေရင် နေ့တိုင်းနီးပါးငိုနေရမှာပဲလေ။ အစပိုင်းမှာတော့ ကိုယ့်လူနာ တစ်ယောက်ဆုံးသွားတိုင်း အနည်းနဲ့ အများတော့ စိတ်ထိခိုက် ခံစားကြရမှာပဲလေ။ တဖြည်းဖြည်းနဲ့ အရေထူလာတယ်ပဲ ပြောရမလား။ လူနာတစ်ယောက်ဆုံးသွားရင် “အော် သူဆုံးသွားပြီကိုး။” နဲ့ပြီးသွားတာမျိုးဖြစ်လာတယ်။ အဲဒါနဲ့ပဲ ကြာလာတော့ ဒီဆရာဝန်တွေ၊ ဆရာမတွေက အသည်းနှလုံးမရှိဘူး၊ ခံစားချက်မရှိဘူး ဆိုပြီးတော့ ကြားလာရတယ်။ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့လည်း ခံစားတတ်ပါတယ်။ ဒါပေမယ် လူနာတစ်ယောက် ဆုံးသွားတာ ကို ထိုင်ပြီးပူဆွေး ၀မ်းနည်းနေရင် ကျန်တဲ့ လူနာတွေကို ပြုစုစောင့်ရှောက်တဲ့ နေရာမှာ လစ်ဟင်းသွားတာမျိုးတွေ ဖြစ်လာနိုင်တာပဲလေ။ ဒါက သေခြင်းတရားကို အမြဲတမ်း တွေ့နေရတဲ့ ဆရာဝန် ၊ ဆရာမတွေ။ သူတို့မှာ ခံစားမှု မရှိဘူးလို့ ပြောရင်တော့ မှားမှာပေါ့။ သူတို့ရဲ့ ခံစားမှု ကို အသိဥာဏ်က ထိန်းချုပ် ထားတယ်လို့ပြောကြမလား၊ ထုံသွားတယ်လို့ပြောကြမလား။
လူတစ်ယောက် က အကြောင်းအမျိုးမျိုး ကြောင့် သူ့ရဲ့ ခံစားမှု ကို ထုတ်မပြတာနဲ့ပဲ ဒီလူဟာ ခံစားချက် မရှိဘူးလို့ပြောမလား။ အတွင်းကြေက ပိုနာတတ်ပါတယ်။ သားသမီးဆိုးလို့ ရင်နာနာနဲ့ ဆုံးမရတဲ့ မိဘတွေလိုပေါ့။ ကိုယ့်သားသမီးကို အသားနာအောင် ဘယ်သူက ရိုက်ချင်ပါ့မလဲ။ လိုအပ်လို့ ရိုက်လိုက်ရတယ် ထားဦး မိဘတွေရဲ့ ရင်ထဲက အနာက သားသမီးတွေရဲ့ အသားနာတာထက်ပိုပါတယ်။
ဖြစ်သင့်တာ ကို ဦးစားပေးလိုက်ရလို့ ဖြစ်ချင်တာ ကို လက်လွှတ်လိုက်ရ တဲ့ လူတစ်ယောက်မှာ စိတ်နာကျင်ခံစားမှုတော့ ရှိမှာပါပဲ။ အဲဒါကို ငိုကြွေးခံစားနေပြီး ကိုယ် ဖြစ်နေတဲ့ ဘ၀မှာ ပျော်အောင်မနေရင် နှစ်ခါရှုံးတယ်။ တစ်ခါတစ်လေတော့ လည်း ( အမှန်ကတော့ အမြဲတမ်းလိုလိုပါပဲ) စိတ်ခံစားမှုကို အသိဥာဏ်နဲ့ ထိန်းချုပ်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။
စိတ်ခံစားမှု မရှိရဘူးလို့လဲ မဆိုလိုပါဘူး။ စိတ်ခံစားမှု မရှိရင် လူမဟုတ်ပဲ စက်ရုပ်တွေ ဖြစ်သွားမှာပေါ့။ လူတစ်ယောက်ကို မချစ်ပါနဲ့ လို့ တားလို့မရသလို ၊ လွမ်းနေတာ၊ သတိရနေတာတွေကို မလွမ်းရ ဘူး ၊ သတိမရဘူးလို့ တားလို့မှ မဖြစ်နိုင်ပဲ။ ဒါပေမယ့် အဲဒီ စိတ်ခံစား မှု တွေ ကိုယ့်အပေါ်မှာ သက်ရောက်မှု မရှိအောင် ထိန်းချုပ်ဖို့ လိုပါလိမ့်မယ်။ ဥပမာ လွမ်းလို့ အအိပ်ပျက် အစားပျက် အလုပ်အကိုင်ပျက် ဆိုရင်တော့ မကောင်းတော့ဘူးလေ။ ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာတော့ …….. မသိသေးဘူးဗျ။ လောလော ဆယ်တော့ ကျွန်တော်လည်း အအိပ်အစားပျက်နေတယ်။( အိပ်ရေးပျက်တာက ခြင်ကိုက်လို့၊ အစားပျက်တာက ဟင်းမကောင်းလို့....... လို့တော့ မထင်ကြပါနဲ့။ :P) အလုပ်တော့ ပျက်လို့မဖြစ်လို့ ဆက်လုပ်နေတုန်း။ ဆေးရှိရင် ပေးခဲ့ကြပါဗျာ။


No comments:
Post a Comment