jp Ulmuka_ဇီးကွက်: သစ်ပင်

Wednesday, December 12, 2007

သစ်ပင်

ဆရာမောင်မြတ်ထင် ရေးတဲ့ သစ်ပင်ဆိုတဲ့ ဆောင်းပါးလေးပါ။ ကျွန်တော် ကြိုက်လွန်းလို့ တင်လိုက်ပါတယ်။

……………………………………………………………………………………………………………

သစ်ပင်

စိတ်ချမ်းသာခြင်းကိုတော့ ၀ယ်လို့မရပါ။ ထိုအရာကား ကျွန်တော်တို့ ကိုယ်တိုင် ပြုစုပျိုးထောင်ရသော အရာဖြစ်လေသည်။


တရုတ်စကားပုံ တစ်ခုရှိသည် မဟုတ်လော။” သုံးနာရီကြာ စိတ်လှုပ်ရှား သဘောခွေ့လိုသော် လောင်းကစားလုပ်၊ သုံးပတ်ကြာကြာ သဘောခွေ့လိုသော် ခရီးသွား၊ သုံးလ ကြာကြာ စိတ်ချမ်းသာလိုသော် ထိမ်းမြား၊ အိမ်သစ်တစ်လုံး ဆောက်လျှင်ကား သုံးနှစ်ကြာကြာ စိတ်ချမ်းသာ လိမ့်မည်။ အမှန်တကယ်နှင့် ကြာရှည်သော ချမ်းသာ ရလိုလျှင် သစ်ပင်စိုက်ကာ သစ်ပင်တို့နှင့်နေ။”


သစ်ပင်များကား ပွင့်သောအခါမှ အသီးသီး အရိပ်ရသော အခါမှ ပျော်ရွှင်စေသည် မဟုတ်။ မြေကြီးတွင် သစ်စေ့ များချသော တဒင်္ဂမှ စကာ၊ ရေလောင်းသောအခါ ပေါင်းသင်သောအခါ၊ မြေဆွသောအခါ၊ ပျော်ရွှင်သော ခံစားမှု ခံစားရသည်။ ပျိုးစေ့မှ အပင်ပေါက်လာ၊ တဖြည်းဖြည်း ကြီးလာသည်နှင့် အတူ ကျွန်တော်တို့၏ ပျော်သော ခံစားမှု များလည်း တဖြည်းဖြည်း ကြီးလာလေ့ရှိသည်။ “သဘာဝ” ထဲမှာနေရင်း အချိန်ကုန်လေ့ ရှိသူတို့ ဒါကိုသိကြသည်။ ငြီးငွေ့စရာ ချည်းဟု ထင်ရသော ဘ၀ကား စင်စစ် ချမ်းသာသောဘ၀၊ ပင်ကိုယ် ငြိမ်းအေးမှု၊ ငြိမ်သက်မှု နှင့် ပြည့်လျှမ်းသော ဘ၀။


သစ်ပင်စိုက်ဖို့ ပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့နှင့် သဘာဝ၏ အစိတ်အပိုင်း ဖြစ်စေဖို့ အခွင့်အရေးရခြင်းကား ကျွန်တော့် အဖို့ တကယ့်သုခ ဖြစ်သည်။ သဘာဝ၏ အကျိုးကျေးဇူးကို ခံစားရုံ၌သာ ရပ်မနေဘဲ ပတ်ဝန်းကျင်ကို ပြုစု စောင့်ရှောက်ရာတွင် ကျွန်တော်တို့ တက်တက်ကြွကြွ လုပ်သင့်သည်။ ယခုကာလတွင် ထိုသို့သော အခွင့်အရေး မျိုး နည်းတော့နည်းသည်။ တောအုပ်ရိုင်းများ ဆက်တိုက်ကြုံ့လာသည်။ တောရိုင်းများ ပြန်လာအောင် လက်တွဲ ဆောင်ရွက် ကြဖို့လိုသည်။ ဒါသည် ကျွန်တော်တို့ ကိုယ်ပိုင် လက်များဖြင့် ‘ပျော်ရွှင်ခြင်း’ ကို စိုက်ခြင်း၏ နိဒါန်းဖြစ်သည်။


တချိန်တည်း၌ မိမိ နှလုံးသား၌ရှိသော “သစ်ပင်တစ်ပင်” ကို လည်း အပြင်မှ သစ်ပင်ထက် မလျှော့ဘဲ ဂရုစိုက်ဖို့ အရေးကြီးသည်။ ထိုသစ်ပင် ရှင်သန်သည်နှင့်အမျှ ကျွန်တော်တို့ စိတ်ငြိမ်းချမ်းသောကြောင့် ဖြစ်သည်။ ထိုသစ်ပင် ဘယ်လိုနေ သလဲ၊ ကျန်းမာသန်စွမ်းသလား၊ ကြုံ လှီညှိုးရော်သလား၊ ကျွန်တော်တို့ စိတ်မနော အတွင်းမှ ထိုသစ်ပင်အား ကျွန်တော်တို့ ဘယ်လောက် ဂရုစိုက်ပါသလဲ။


လူအများစုကြီးကတော့ သူတို့ အထဲတွင် သူတို့ ကိုယ်တိုင် ပြုစု ဂရုစိုက်ရန်လိုသော သစ်ပင်တစ်ပင် ရှိနေလေရဲ့ ဆိုသညါကိုပင် သတိထား ကြပုံမပေါ်။ ထိုသစ်ပင် ရှင်သန်ရဲ့လား ၊ ညှိုးနွမ်းသလား ၊ လုံးလုံးလျားလျား သတိမထားနိုင်ကြ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ကျွန်တော်တို့ အချိန်မပေးနိုင်ကြသောကြောင့် ဖြစ်၏။ အချိန် အများစုကို ဗဟိဒ္ဓ အရာများနှင့် အလုပ်ရှုပ်နေကြသကိုး။ မိတ်ဆွေ၊ အလုပ်၊ တီဗွီ နှင့် မဆုံးနိုင်ကြတော့။ ထိုအရာများ ကို မလုပ်မဖြစ်ဟု ကျွန်တော်တို့ တွေးကြသည်။ အတွင်း အဇျွတ္တ ပြဿနာ များကိုရှောင်ရန် အပြင် ဗဟိဒ္ဓ သို့ ကြည့်နေကြသည်။ စိတ်ထဲက သစ်ပင်ကို လျစ်လျှူရှုလိုက်ကြသည်။ ဖျက်ပိုးများ၊ ပေါင်းပင်များ ၊ မိုးခေါင်ခြင်းများ နှင့် သူ့ခမျာ တိုးတော့သည်။ သို့သော် ယခုကား ပြန်လှန်ကြည့် ၍ “ကျွန်တော်တို့ ၏သစ်ပင်” ကို ပြုစုဖို့ အချိန်ကျပြီ။


ဤုကိစ္စမျာ လုံးဝ မခက်ခဲပါ။ ကောင်းတာ တစ်ခုလုပ်လျှင်၊ တစ်ခုခုပေးကမ်းလိုက်လျှင်၊ တစ်စုံတစ်ယောက် စိတ်ချမ်းသာအောင် ပြုလိုက်လျှင် ကျွန်တော်တို့ အတွင်းက သစ်ပင်ကို ကျွန်တော်တို့ ရေလောင်းနေတာ ဖြစ်သည်။ ပို၍ ပိုင်ဆိုင်လေလေ ပို၍ ပျော်လေလေဟု ကျွန်တော်တို့ သင်ခဲ့ရသည်။ ဒါကြောင့် ပျော်ရွှင်ခြင်းကို ၀ယ်လို့ရသည်ဟု လူတော်တော်များများ တွေးခဲ့ကြသည်။ ထို့ကြောင့် အရာဝတ္ထုများနောက် ပြေးလိုက်ခဲ့ကြသည်။ ပေးကမ်းခြင်းမှရသော ပျော်ရွှင်ခြင်းမှာ ပို၍နက်ရှိုင်းကြောင်း ပို၍သာကြောင်း လူအနည်းစုသာသိသည်။ ပေးကမ်းခြင်းကား စိတ်ထဲမှ သစ်ပင်ကို ရေလောင်း၏။ ရှင်သန်ကြီးထွားလာသော် အပွင့်များ၊ အသီးများ၊ အရိပ်များ ပေးလိမ့်မည်။ မယှဉ်သာအောင် ငြိမ်းချမ်းမှု ခင်ဗျားကို ပေးမည်။


သစ်ပင်စိုက်သော ပရောဂျက် တစ်ခုတွင် လုပ်အားပေးသူ အများစုသည် မထင်မှတ်သော ပျော်ရွှင်ချမ်းမြေ့မှုကို ရကြောင်း ပြောကြသည်။ ၂ ရက်ကြာသော ထိုပရောဂျက် အဆုံး၌ မိန်းမပျိုတစ်ယောက်က ၀န်ခံသည်။ မထမ ကနဦး စေတီပုထိုးရှေ့က ကွင်းပြောင်ပြောင်ကို ကြည့်ရင်း သူဟာ မြက်ပင်တွေလို အစုဝေးပဲဟု ခံစားရသတဲ့။ သစ်ပင်များ စိုက်ပြီးသော အခါမူ သူ့စိတ်အနေမြင့်မားလာသတဲ့။ အခုသူဟာ သစ်ပင်တစ်ပင်လို့ ခံစားရသတဲ့။ သူ့စိတ်ထဲက သစ်ပင်ရှင်သန်လာသကိုး။ မိတ်ဆွေများနှင့်အတူ အသုံးဝင်သော တစ်စုံတစ်ရာကို နှစ်ရက် လုပ်ရုံမျှနှင့် အင်အားရှိလာသည်။ မြက်ပင်မှ သစ်ပင်ဖြစ်လာသည်။ ကျွန်တော်တို့လည်း သည်အတိုင်း ပင်။ တစ်ယောက်ချင်းအပေါ် မူတည်သည်။ ကျွန်တော်တို့ အတွင်းက သစ်ပင်ကို ဘယ်လိုစိုက် ၊ ဘယ်လိုပြုစု စောင့်ရှောက်မလဲ။ စိတ်ချမ်းသာမှုကား သစ်ပင်နှင့် မခြားနား။ ငယ်သေးလျှင် မိုးကောင်းကင်နှင့် ဥယျာဉ်မှူးထံမှ ရေလိုသည်။ ကြီးလာသော် အထက်သို့သာ တက်သည်မဟုတ်၊ အောက်မြေကြီးသို့လည်း အမြစ်တွယ်သည်။ အမြစ်များ ရေကြောသို့ ရောက်လျှင်မူ မိုးခေါင်သည်ဆိုဦး စိမ်းလန်းနေမည်။ အောက်မှ ရေရနေသကိုး။


အမှန်စင်စစ် ခြောက်သွေ့ ပက်ကြားအက် ခရောင်းမြေပင် အောက်၌ရေရှိနိုင်သည်။ ကျွန်တော်တို့လည်း မကြာ ခဏ ခရောင်းမြေလိုပင် မျှော်လင့်ချက် ကင်းသယောင် ခံစားရသည်။ စိတ်ပျော်ရွှင် ဖို့အတွက် ခရီးသွား၊ စားကောင်းသောက်ဖွယ် ၊ အပျော်အပါး၊ စိတ်လှုပ်ရှားဖွယ်ရာများ ရှာကြံရသည်။ ထိုသို့သော ခံစားမှုများ ကြာရှည်မခံ။ ကောင်းကင်မှ မိုးရေ အပေါ် မှီခိုနေသော သစ်ပင်နှင့်သာတူသည်။ ဥတုခန်းခြောက်သော ထိုသစ်ပင် ကြုံလှီသည်။ မြေကြီး၌ နက်နက်ဝင်သော အမြစ်ရှိသည့် သစ်ပင်၊ အတွင်းမှ ရေကြောသို့ ရောက်သော သစ်ပင်ကား အတွင်းမှ ပျော်ရွှင်ခြင်းကို ဖမ်းယူနိုင်လေသည်။ ထိုအရာကား ကျွန်တော်တို့ အထဲ၌ရှိပြီးသားအရာ၊ ကျွန်တော်တို့ ကိုယ်နှင့်စိတ်ကပ်သောအခါ၊ ထိုသို့ ကပ်ရန် အချိန်ယူသောအခါ၊ ဆင်းရဲခြင်ါး် ချမ်းသာခြင်း နှစ်ခုလုံးမှာ မိမိအပေါ်တွင်သာ တည်ကြောင်း သတိပြုမိလာပါမည်။


ပေးကမ်းခြင်း၊ ကောင်းမှု (ကုသလ) တစ်ခုခုပြုခြင်း၊ သူတစ်ပါးကို ကူညီခြင်း၊ ဧကစာ တစ်ဦးတည်း အချိန်ကုန်လွန်ခြင်းတို့အားဖြင့် “အတွင်းက ငြိမ်းချမ်းခြင်း”ကို တွေ့ထိနိုင်ပါသည်။ ဒါကိုပင် နာမ်ဝါဒ (spirituality) ဟုခေါ်သည်။ တကယ်တော့ ဘာသာတရားနှင့် မဆက်ဆိုင်ပဲလျက် ကျွန်တော်တို့ တစ်ဦးခြင်းစီ၏ အတွင်း၌ “ပျော်ရွှင်ခြင်း” တည်ရှိပြီးဖြစ်ပါသည်။ အဆိုး တစ်ခုခု ၊ မကောင်းတာ တစ်ခုခု မဖြစ်မချင်း သတိမပြုမိခြင်းသာ ဖြစ်သည်။ နေမကောင်းမှ မနေ့က ဘယ့်ကလောက် ပျော်စရာ ရွှင်စရာ ဖြစ်ကြောင်း ကျွန်တော်တို့ သိလေ့ရှိပါသည်။


ကျွန်တော်တို့ က တစ်စုံ တစ်ရာ ကိုတမ်းမှန်လျက် ရှိတတ်သည်။ ကိုယ့်ကံကို သတိမမူနိုင်ကြ၊ ကျန်းမာတယ်၊ မိတ်ဆွေ၊ မိသားစု ၊ ချစ်တဲ့သူ တွေနဲ့ အတူရှိနေတယ် စသော ကိုယ့် ကံကောင်းခြင်းများကို အောက်မေ့နေရန် ခဲယဉ်းနေတတ်သည်။ ကျွန်တော်တို့ နှလုံးသားက တခြား တစ်စုံတစ်ရာ ကို သာ တမ်းမှန်းနေလျက်ရှိသည်။


ဦးကြီးတစ်ယောက် ဟိုစဉ်က ကျိုက်ထီးရိုး တက်သည့်အကြောင်း ပြောဖူးသည်။ တောင်ထိပ်မရောက်မှီ အားကုန်ပြီး ဆက်မတက်နိုင်သဖြင့် အထမ်းခေါ်ရသည်။ အပြန်ခရီး အဆင်းတွင်မှ လမ်းဘေးဝဲယာ က ရှုမျှော်ခင်းကို မြင်နိုင်သတဲ့။ တောပန်းတောင်ပန်း တွေ၊ သဘာဝက သိပ်လှသကိုးတဲ့။ အတက်မှာ သည်အလှတွေကို သူမတွေ့ သူစိတ်က ထိပ်ရောက်ဖို့ပဲ စွဲနေလို့။ လူ့ဘ၀နှင့် မခြားနားလှပါ။ အနာဂတ်သို့ သူတို့ စိတ်များရောက်နေ သောကြောင့် စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ကျော်ကြားလိုခြင်း ၊ ဂုဏ်သိန်သရေနှင့် အောင်မြင်ပေါက်ရောက်လိုခြင်းတို့ကြောင့် အနာဂတ်ဆီက ပျော်ရွှင်ခြင်းကို ငံ့လင့်လျက်ရှိသောကြောင့် ၊ တကယ်တော့ ယခုမျက်မှောက် ကိုယ့်ရှေ့၌ ပျော်ရွှင်ခြင်းရှိနေသည်။ ပစ္စုပ္ပန်၌ ရှိနေသော “ကောင်းတာများ” ကို သတိမထားနိုင်၊ ရှေ့မှာ တည်ရှိသော ပျော်ရွှင်ခြင်းတို့ကို ရှာဖွေမဆုံးနိုင်သောအခါ၊ ယင်းတို့ ဖြစ်မလာသော် ဆင်းရဲကြသည်။


ပန်းတိုင်၌ ပျော်လိမ့်မည် ဟုတွေးကာ ယင်းနောက် လိုက်သောအခါ နေ့တိုင်း ကလေးများနှင့် မိသားစုနှင့် အချိန်တစ်ချို့ ကုန်ဆုံးစေလျက်၊ လေ့ကျင့်ခန်းလုပ်လျက်၊ ငြိမ်သက်စွာ ထိုင်နေလျက်၊ ကိုယ်နှစ်သက်ရာ တစ်ခုခု လုပ်လျက်လည်းပျော်နိုင်သည်ကို မေ့သွားသည်။ အနာဂတ်၌ချည်း အာရုံမစိုက်ဘဲ “ယခုခဏ”ကို ဂရုစိုက်ပါ။ ယခုခဏကို ဂရုစိုက်ပါဟု ပြောခြင်း၌ ယခုရရှိသမျှနှင့် ရောင့်ရဲပါဟုသာ ဆိုလိုသည်မဟုတ်။ အတိတ် သို့မဟုတ် အနာဂတ် အတွက် ကြောင့်ကြဗျာပါဒ မရောက်ရန်လည်း ဆိုလိုသည်။ အတိတ်က လွန်ပြီးသမျှနှင့် မရောက်လာသေးသော အနာဂတ်အတွက် ပူပန်နေတတ်ကြသည်။ ပစ္စုပ္ပန်နှင့် နေနိုင်က ကျွန်တော်တို့ ပို၍ ငြိမ်းချမ်းမည်။ ပို၍ တည်ငြိမ်မည်။


သစ်ပင်ကား နေရောင်ကို မကြောက်၊ ကြီးပြင်ုး၍ အကိုင်ထွက်က နေရောင်ကို အရိပ်အဖြစ် ပြောင်းနိုင်၍ ဖြစ်သည်။ သစ်မြစ်များကလည်း အမှိုက်သရိုက် ကို မကြောက်၊ မြေဆီသြဇာ အဖြစ်၊ မွှေးသော အပွင့်များ အဖြစ်၊ အရသာရှိသော အသီးများအဖြစ် ပြောင်းနိုင်၍ ဖြစ်သည်။ စိတ်ကို စောင့်ကြည့်သော် သတိနှင့် ပညာနှင့် ဆင်ခြင်သော် ၊ ဆင်းရဲခြင်း၊ ဆုံးရှုံးခြင်း ၊ နာကျင်ခြင်းနှင့် သေခြင်းကိုသော်မှ ကျွန်တော်တို့ ကြောက်မည်မဟုတ်။ ဆင်းရဲခြင်းအား ပျော်ရွှင်ချမ်းသာခြင်းသို့ ၊ ကံဆိုးခြင်းအား ကံကောင်းခြင်းသို့ ကျွန်တော်တို့ ပြောင်းလဲနိုင်၍ ဖြစ်သည်။ နေ၏အပူကို အေးမြသော အရိပ်သို့ ၊ အမှိုက်သရိုက် ကို ချိုမြိန်သော သစ်သီးနှင့် ပန်းပွင့်များသို့ ပြောင်းနိုင်သော သစ်ပင်လိုပင်။


သဘာဝမှ သစ်ပင်များနှင့် မိမိစိတ်မှ သစ်ပင်၊ ထိုနှစ်ခုလုံးကို စိုက်ပျိုးရန် စောင့်ရှောက် ယုယရန်တော့ ကျွန်တော်တို့ အားထုတ်ဖို့လိုသည်။ ဒါမှသာ ထိုသစ်ပင်များ ရှင်သန်၊ အနက်အရှိုင်းနှင့် အမြင့်အမား ပေါက်ရောက်လျက် အရိပ်ကိုလည်းပေးမည်။ ပျော်ရွှင်ခြင်းကို လည်းပေးမည်။

မောင်မြတ်ထင်

ချင်းတွင်းမဂ္ဂဇင်း

အမှတ် ၂၂၊ နိုဝင်ဘာ၊ ၂၀၀၇

1 comment:

ThinkingHoney said...

i read it in Chintwin but i didnt notice this much ကိုယ့် ကံကောင်းခြင်းများကို အောက်မေ့နေရန် ခဲယဉ်းနေတတ်သည်။ ကျွန်တော်တို့ နှလုံးသားက တခြား တစ်စုံတစ်ရာ ကို သာ တမ်းမှန်းနေလျက်ရှိသည်။
btw, Chintwin doesnt release Dec Issue tae. I m sorry. But i bought A Tway A Myin.