ဒီစာစုလေးကို ကိုလူအေး ဘလော့မှ ခွင့်ပြုချက်နှင့်ယူလာပါတယ်။
ခံစားခွင့်တိုးမြင့်ရေးနည်းလမ်းတစ်ခု…
ကုမ္ပဏီတွေကောင်းစားတဲ့ ခေတ်ကာလမှာ ကုမ္ပဏီ ၀န်ထမ်းအဖြစ် အလုပ်လုပ်နေကြတဲ့ ဘလော့ဂါ ညီ အစ်ကို မောင်နှမတွေ အတွက် အသုံးတည့်မဲ့ နည်းလမ်းလေးတစ်ခု။ ကုမ္ပဏီမှာ အလုပ်လုပ်ကြတဲ့ခါကျတော့ ရတဲ့လခက နည်းတယ်။ ပေးထားတဲ့ လခနဲ့ မတန်အောင် အခိုင်းခံရတယ်။ တကယ်ဆို သူများကုမ္ပဏီမှာဆို ဒီလောက်လုပ်ရင် ဘယ်လောက်ရတာ… ဒါတွေက ညည်းနေကျ စကားရပ်များ အဖြစ် ကိုယ်တိုင်လည်း ညည်းခဲ့ဖူး၊ လုပ်ဖော်ကိုင်ဖက်တွေ ညည်းတာတွေလည်း ကြားခဲ့ဖူးမှာပါ။
ဒီလို အခြေအနေကို ကြုံလာခဲ့ရရင် အများစုက ဘာလုပ်သလဲ။ သေချာတာကတော့ ၁၀၀ မှာ ၈၀ က ပေးထားတာထက် လျှော့ပေါ့မလုပ်ရင်နေမယ်။ ပိုပြီးတန်အောင်တော့ မကြိုးစားကြတော့တာ တွေ့ရတယ်။ အစကတည်းက ခံစားခွင့်၊လခက မတိုးရတဲ့ ကြားထဲမှာ အလုပ်ကို တန်ရာတန်ကြေးပဲသဘောထားလုပ်တဲ့ခါကျတော့ အဲသည် အလုပ်သမား၊ ၀န်ထမ်းသည် ဘယ်သောအခါမှ ခံစားခွင့် ထပ်တိုးပေးခြင်းမခံရတော့ပါဘူး။ အဲဒါနဲ့ပဲ ချာလည် ချာလည်နဲ့ ကုမ္ပဏီတစ်ခုမှာ မလုပ်၊ မရှုပ်၊ မပြုတ် ၀န်ထမ်းအဖြစ် နှစ်ပေါင်းများစွာ လုပ်နေကြရတော့တာပါပဲ။
ဒီတော့ ကုမ္ပဏီဝန်ထမ်းအဖြစ် တာဝန်ထမ်းနေကြတဲ့ ဘလော့ဂါညီအစ်ကို မောင်နှမများ …. (နည်းနည်းတော့ ဆရာလုပ်မယ်ပေါ့နော်…) ခံစားခွင့်၊ လစာ ဒီထက်မတိုးချင်ဘူးလား။ (ဘယ်ပြောပါလိမ့်နော်) ကဲ တိုးချင်တယ်ဆိုရင် ကျွန်တော့်တုံးက သုံးခဲ့တဲ့ နည်းလေးဝေမျှမယ်ဗျာ…
ကျွန်တော့်နည်းက ရှင်းရှင်းလေးပါ။ အခုလောလောဆယ် ကို ဒီလောက်ပဲရနေတယ်ဆိုတာ ကို့ရဲ့ လုပ်ရည်ကိုင်ရည်၊ လုပ်ကိုင်ဆောင်ရွက်မှုတန်ဖိုးဟာ ဒီလောက်ပဲ တန်သေးလို့ပါ။ အဲဒီတော့ ဒီထက်များများလိုချင်ရင် ဘာလုပ်မလဲ၊ ဒီထက် ထိုက်တန်အောင် ကိုက ကြိုးစားရုံပဲရှိတော့တာပေါ့။ ဘယ်လိုကြိုးစားရမယ်ဆိုတာကတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်နဲ့ စပ်လျဉ်းပြီး ကိုယ်သာ အသိဆုံးဖြစ်မှာပါ။
ဒီလိုပြောတော့ စာရှုသူက ပြန်ပြောချင်မယ်။ အမယ် သူများကုမ္ပဏီတော့ ဟုတ်ချင်ဟုတ်မယ်။ တို့ကုမ္ပဏီကတော့ ဒီလို မဟုတ်ပေါင်… အခုထက် ဆယ်ဆမကလုပ်ပေးလည်း လခတိုးမပေးဘူး။ မောင်ရင့်နည်းက တို့ကုမ္ပဏီအတွက်တော့ မှားသွားပြီဆိုပြီး ပြောချင်သူတွေ ရှိနိုင်ပါတယ်။ အိုကေ… အဲဒီအတွက် အဖြေက ဒီလိုရှိပါတယ်။
လောကကြီးဟာ မျှခြေအခြေအနေမှာ အမြဲရှိနေတယ်။ လူတစ်ဦးနဲ့ သူရောက်နေတဲ့ နေရာရဲ့တန်ဖိုးကို လောကကြီးက အမြဲ ချိန်ညှိပေးရပါတယ်။ ၁၀ ဖိုးတန်တဲ့သူနဲ့ ၁၀ ဖိုးတန်တဲ့ နေရာနဲ့ အမြဲ ဒွန်တွဲပေးရပါတယ်။ အကယ်လို့ ကိုယ်ရောက်နေတဲ့ နေရာသည် ၁၀ တန်တဲ့နေရာဖြစ်ပြီး ကိုယ်က အဲဒီထက် ပိုတန်ဖိုးမြင့်နေခဲ့မယ်ဆိုရင် (၁၅ ကျပ်တန်တယ်ဆိုပါစို့ဗျာ) အခြေအနေနဲ့ လူသည် တန်ဖိုး မကိုက်ညီတော့ပါဘူး။ အဲဒီအခြေအနေမှာ လောကကြီးရဲ့ မျှခြေ ပျက်နေပြီဆိုတာ လောကကြီးက သိပြီး ပြန်ညှိပေးရပါတယ်။ ညှိတဲ့ ပုံစံက နှစ်နည်းဖြစ်နိုင်ပါတယ်။ လက်ရှိ မိမိလုပ်နေတဲ့ ကုမ္ပဏီက မိမိကို ခံစားခွင့်တိုးပေးသည်ဖြစ်စေ၊ အကယ်လို့ တိုးမပေးခဲ့ဘူးဆိုရင်လည်း မိမိရဲ့ အခု ခံစားခွင့်ထက်ပိုတဲ့ ခံစားခွင့် ပေးတဲ့ အလုပ်ကို ပြောင်းရွှေ့နိုင်မဲ့ အခွင့်အလမ်း ရရှိလာပါလိမ့်မယ်။ အဲဒီအခါ မိမိက နှစ်လမ်းထဲက တစ်လမ်းရွေးရုံပါပဲ။ မိမိကုမ္ပဏီက တိုးပေးတဲ့ ခံစားခွင့်ကို ကျေနပ်တယ်ဆိုရင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ပြီး၊ တိုးမပေးခဲ့ဘူးဆိုရင်တော့ တိုးပေးတဲ့ ကုမ္ပဏီကို ပြောင်းရုံပါပဲ။
သို့အတွက် အခုလက်ရှိအလုပ်သည် မိမိအတွက် မထိုက်တန်ဘူးလို့ ပဲဖြစ်ဖြစ်၊ မိမိရတဲ့ ခံစားခွင့် လခသည် လုပ်နေရတဲ့ တာဝန်နဲ့ မထိုက်တန်ဘူးလို့ ယူဆခဲ့ရင်ပဲ ဖြစ်ဖြစ် အခုထက် ပိုတန်အောင်သာ ကြိုးစားလုပ်ပေတော့ ဗျို့… ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတချို့တော့ ဒီနည်းနဲ့ ကြိုးစားခဲ့တာ အောင်မြင်မှုရခဲ့ပါတယ်။ သူငယ်ချင်းတို့လည်း အဆင်မပြေဘူးဆိုရင် စမ်းကြည့်နိုင်အောင်လို့ ဝေမျှလိုက်ခြင်းပါ။….
မောင်လူအေး


No comments:
Post a Comment