jp Ulmuka_ဇီးကွက်: ထွက်ပေါက်

Saturday, January 5, 2008

ထွက်ပေါက်

ငယ်ငယ်တုန်းက တရုတ်ကျောင်းမှာ သချာင်္သင်ရတယ်။ သချာင်္ကလည်း တော်တော်ခက်ပါတယ်။ ကျွန်တော်တို့လည်း စိတ်ညစ်တာပေါ့။ ဆရာက အိမ်စာတွေပေး၊ ကျွန်တော်တို့က မပြီး။ မပြီးတော့ ကျောင်းပြေးတာပေါ့။ နောက်နေ့ကတော့ ဆရာက ဌက်ကုလားအုပ် အကြောင်းပြောပြပါတယ်။ ဌက်ကုလားအုပ်တွေက ရန်သူလာရင် ထွက်မပြေးပဲနဲ့ သူရဲ့ ခေါင်းကို သဲထဲ နှစ်လိုက်တယ်တဲ့။ သူကတော့ သူရန်သူကို မမြင်ရင် လုံခြုံပြီလို့ ထင်နေတာပေါ့။ အမှန်တကယ်ကတော့ သူကသာ မမြင်ရတာ၊ သူ့ရန်သူက တဖြည်းဖြည်း နီးလာနေတယ်တဲ့။ ပြီးတော့ ဆရာက ကျွန်တော်တို့ကို ဆုံးမပါတယ်။ မင်းတို့လဲ ဒီလိုပဲတဲ့။ ကိုယ်ကြောက်တဲ့ အရာ တစ်ခုခုလာရင် (ကျောင်းသားဆိုတော့ စာမေးပွဲပေါ့လေ) ပုန်းရှောင်နေလို့ မရဘူးတဲ့။ ကိုယ်က မမြင်ချင်၊ မသိချင် ဟန်ဆောင်နေပေမယ့်လည်း သူကတော့ တဖြည်းဖြည်းနဲ့ နီးလာမှာပဲတဲ့။ စာတွေခက်လို့ မကျက်တဲ့ကျောင်းသားဟာ စာမေးပွဲလာရင် ဘယ်ဖြေနိုင်မလဲ။ စာတွေခက်ပေမယ့် ကြိုးစားပြီး ကျက်တဲ့ ၊ မသိတာတွေရှိရင် ဆရာကို မေးတဲ့ ကျောင်းသားကတော့ စာမေးပွဲရောက်ရင် ကောင်းကောင်းဖြေနိုင်မှာပဲလေ။

လူတွေဟာ တစ်ခုခု စိတ်ညစ်စရာ တွေကြုံလာရင် ထွက်ပေါက်ရှာတတ်ကြပါတယ်။ စီးပွါးရေး အဆင်မပြေတာ၊ လူမူရေး အဆင်မပြေတာ၊ အိမ်ထောင်ရေး အဆင်မပြေတာ၊ အလုပ်ကိစ္စ အဆင်မပြေတာ စသည်ဖြင့်ပေါ့လေ။ အဆင်မပြေတာတွေရှိလာရင် သူတို့က အဲဒီအဆင် မပြေတာတွေကို ဖြေရှင်းဖို့ မစဉ်းစားပဲ ထွက်ပြေးလေ့ရှိတယ်။ ဥပမာ စီးပွါးရေး အဆင်မပြေလို့ ၊ အသည်းကွဲလို့ ၊ စာမေးပွဲကျလို့ ၊ စိတ်ညစ်လို့ အရက်သောက်ကြတယ်။ ဘာလို့ သောက်သလဲလို့မေးရင် အရက်သောက်လိုက်ရင် စိတ်ညစ်တာတွေ အဆင်မပြေတာတွေကို မေ့သွားတယ်တဲ့။ အမှန်တကယ်ကတော့ အဲဒါက ပြဿနာကို ရှောင်ပုန်းနည်းတစ်ခုပါပဲ။ အရက်သောက်လို့ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့ အပြင် ပိုတောင်ဆိုးစေပါတယ်။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ ထိခိုက်လာပါတယ်။ အရက်မူးပြီး သောင်းကျန်းလို့ အိမ်က ရပ်ကွက်ရုံးမှာ လိုက်ခေါ်ရတာမျိုး၊ ကိုယ့်သားသမီးတွေကို အရက်သမားသားသမီးတွေလို့ ခေါ်ပြီး အရှက်ခွဲခံရတာမျိုးပေါ့လေ။ ကျန်းမာရေးကို ထိခိုက်တာကတော့ နောက်ပိုင်းမှ ဖြစ်တာဆိုပေမယ့်လည်း သူလည်း ကိုယ့်မိသားစုကို ထိခိုက်တာပါပဲ။ ဘယ်သူကမှ နင်အရက်သောက်လို့ ဖြစ်တာ ကိုယ်ဖြစ်ကိုယ်ခံ ဆိုပြီးတော့ ပစ်မထားရက်ကြပါဘူး။


ပြောချင်တာကတော့ ပြဿနာကို တိုက်ရိုက်မဖြေရှင်းပဲနဲ့ ရှောင်ပုန်းနေရင် ပြဿနာက ပျောက်မသွားတဲ့ အပြင် ပိုဆိုးလာတယ် ဆိုတာကိုပါ။ စိတ်ညစ်လို့ ၊ အထီးကျန်လို့ ဆေးလိပ်သောက်တာ ပြဿနာကို ဖြေရှင်းတဲ့နည်း မဟုတ်ပါဘူး။ စာမရလို့ ကျောင်းပြေးတာဟာ ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ အသည်းကွဲလို့ အရက်သောက်တော့ကော အသည်းက ပြန်ဆက်မှာလား။ အရက်သောက်လို့ အသည်းခြောက် (Cirrhosis of liver) ဖြစ်တာပဲ သိတယ်။ ပြန်ဆက်တယ်တော့ မကြားဖူးဘူး။


လူတွေက ဘာလို့ ရှောင်ပုန်းရတဲ့နည်း ကို ပြဿနာ မဖြေရှင်းနိုင်ပဲနဲ့ ပိုကြိုက်ကြလဲ ဆိုတော့ ရှောင်ပုန်းရတဲ့ နည်းကလွယ်တာကိုး။ မသိချင် ဟန်ဆောင်လိုက်၊ သူများကို အပြစ်တင်လိုက်လို့ ပြဿနာ မပြီးသွားပါဘူး။ ပြဿနာကို တိုက်ရိုက် မဖြေရှင်းသေးသ၍တော့ ရှိနေဦးမှာပါပဲ။ စာခက်လို့ ကျောင်းပြေးတဲ့ ကျောင်းသားဟာ စာမကျက် သရွေ့တော့ စာမေးပွဲ အောင်မှာ မဟုတ်ပါဘူး။


ပြောသာပြောရတာပါ။ ကျွန်တော်လည်း ပြဿနာတိုင်းကို အရှိအတိုင်း လက်မခံနိုင်သေးပါဘူး။ ပြဿနာကို အရှိအတိုင်း လက်ခံပြီး ဖြေရှင်းနိုင်ဖို့ အတွက်တော့ ကျွန်တော်တို့ ခွန်အားတွေ လိုပါလိမ့်မယ်။

6 comments:

Layma said...

သိပ်မှန်ပါတယ်...။ အလွယ်ဆုံးဖြစ်တဲ့ ရှောင်ပြေးနည်းကိုမသုံးဘဲ တတ်နိုင်သလောက်ဖြေရှင်းကြည့်ရမှာပါ...။

Winkabar said...

မှန်လိုက်တာ ကိုဇီးကွက်ရယ်။ ဒီလိုပါပဲ ပြဿနာကတော့။ သူ့ကိုဖြေရှင်းချင်တယ် ဆိုရင် အရင်ဆုံးနားလည်မှရမယ်။ နားလည်အောင်လုပ်မယ်ဆိုရင် ရင်ဆိုင်ရမယ်။ ရင်ဆိုင်ဖို့ဆိုရင် အားရှိရမယ်။ အားရှိဖို့ကလည်း မလွယ်တော့ လွယ်တာကိုပဲလုပ်ကြတာပေါ့။ ကိုဇီးကွက်ပြောသလိုပဲ ကြိုးစားပြီးလုပ်ကြည့်ရမှာပါပဲ။

သဇင်ဏီ said...

ဟုတ်ကဲ့..
ရှောင်မပြေးပါဘူး..
တည့်တည့်ရင်ဆိုင်မယ်..
:D :D

ThinkingHoney said...

သိပ်မှန်ပါတယ် အရက်မူးပြီး ထအန်တော့ သူများတွေကို အားနာစရာကောင်းပါတယ် ဆရာဝန်ဆို ပိုဆိုးသေးတယ် တိတ်ခါကျတာပေါ့

လင်းဦး(စိတ်ပညာ) said...

ဟုတ်ပါတယ်... လူတွေဟာ အခက်အခဲတစ်ခုနဲ့တွေ့ရင် ဘယ်လိုရှောင်တိမ်းရမလဲပဲ စဉ်းစားနေကြတယ်..
ဘယ်လိုရင်ဆိုင်မလဲဆိုတာထက် ဘယ်လိုထွက်ပြေးရမလဲဆိုတာကို ပိုပြီးတွေးကြတယ်

ရွှန်းမီ said...

ဦးဇီးကွက်ရဲ့ ငှက်ကုလားအုတ် ပုံလေးတွေနဲ့ တင်ပြပုံလေး မိုက်တယ်.. အားပေးနေပါတယ် . .