jp Ulmuka_ဇီးကွက်: အိမ်ရှင်သို့ ပေးစာ

Monday, January 14, 2008

အိမ်ရှင်သို့ ပေးစာ

မိတ်ဆွေရေ (ဒီလို ခေါ်တာ အကျင့်ပါနေလို့ပါ။ မကြိုက်ရင်လည်း သည်းခံပါ)

မင်္ဂလာပါ။


စာတွေ့ရင် လူကိုတွေ့တယ်လို့မှတ်ပါ။ (လူချင်းကတော့ မတွေ့တာပဲကောင်းမယ်ထင်ပါ့)


ထိပ်ဆုံးအနေနဲ့တော့ မိတ်ဆွေကို တောင်းပန်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ အိမ်တံခါးကို အခွင့် မရပဲ ဖွင့်ဝင်လိုက်လို့ပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော် က စိတ်ကောင်းထားပြီး အိမ်တံခါးကို လွန်ပူတို့ ပုဆိန်တို့နဲ့ မဖွင့်ခဲ့ပါဘူး။ ဒီတော့ မိတ်ဆွေ ပြန်သုံးချင်ရင် သုံးလို့ ရပါတယ်။ (စီးပွါးရေး အရလဲ တွက်ခြေကိုက်တာပေါ့) ။ ကျွန်တော့်ဖက်ကတော့ ဒီအိမ်ကို နောက်တစ်ခေါက် မလာပါဘူးလို့ အာမခံပါတယ်။ ပထမ အချက်က ဒီမျိုးအိမ် တံခါးက ဖွင့်ရတော်တော်မလွယ်ဘူးဗျ။ ဒုတိယ အချက်ကတော့ ကျွန်တော့် လို အဆင့်အတန်းအနေနဲ့ကလည်း ဒီလိုအိမ်မျိုးကို နောက်တစ်ခေါက်လာရတာ မတန်ဘူးလေ။


မိတ်ဆွေရေ၊ ကျွန်တော် မိတ်ဆွေရဲ့ အိမ်ထဲ ၀င်ဝင်ချင်း ခံစားရတာကို ပြောပြမယ်နော်။ မိတ်ဆွေ လက်ထပ်ထားတာ မကြာသေးဘူးထင်တယ်ဗျ။ ဟုတ်တယ်မလား။ ကျွန်တော်လည်း အကြားအမြင် ရနေတာတော့ မဟုတ်ပါဘူး။ မိတ်ဆွေရဲ့ အခန်း အပြင်အဆင် အထား အသို ကို ကြည့်ပြီးပြောတာပါ။ ကျွန်တော်လည်း မကြာခင် လက်ထပ်တော့မယ့်လူ ဆိုတော့ သိတာပေါ့။ အဲဒါကြောင့် ကျွန်တော် မိတ်ဆွေရဲ့ အိမ်ထဲမှာ တော်တော့်ကို သုတ်သုတ်ပြာပြာ အလုပ်လုပ်ရပြီး စိတ်လည်းတော်တော် လှုပ်ရှားနေပေမယ့် မေတ္တာစိတ် ရှေ့ထားပြီး ဘာကိုမှ ဖျက်လို ဖျက်ဆီးမလုပ်သွားပါဘူး။


မိတ်ဆွေရဲ့ အခန်း အပြင်အဆင်ကို ကျွန်တော်တော်တော် နှစ်သက်မိပါတယ်။ ခမ်းနားတဲ့ မီးဆိုင်းတွေ၊ လှပတဲ့ ခန်းဆီးတွေ ၊ ပြီးတော့ ခုတင်ခေါင်းရင်းမှာ ချိတ်ထားတဲ့ မိတ်ဆွေရဲ့ ဇနီးရဲ့ စွဲမက်စရာ ပန်းချီကားချပ်တွေ ကို ကြည့်ခြင်းအားဖြင့် မိတ်ဆွေရဲ့ ကြွယ်ဝမှု အတိုင်းအတာကို ခန့်မှန်းလို့ရပါတယ်။ ခြုံပြီးပြောရရင်တော့ မိတ်ဆွေရဲ့ ချမ်းသာကြွယ်ဝမှုက အားကျ စရာပါပဲ။ ကျွန်တော်လည်း မိတ်ဆွေလောက် ချမ်းသာခဲ့မယ်ဆိုရင် ဒီအလုပ် မလုပ်စားတော့ ဘူးပေါ့ဗျာ။


ကျွန်တော့်ရဲ့ အလုပ်အကြောင်းနည်းနည်းပြောပါရစေဦး။ အဲဒါမှပဲ သင့်အိမ်မှာ ဘာတွေ ဖြစ်သွားတယ်ဆိုတာ သင်သိမှာပေါ့။


ပထမဆုံးကတော့ ဧည့်ခန်းပါပဲ။ အဲဒီမှာ မီးခံ သေတ္တာ တစ်လုံးရှိတယ်လေ။ ကြိုးကြိုးစားစား ဖွင့်လိုက်ပြီးတော့မှ ကျွန်တော် တော်တော် စိတ်ပျက်မိပါတယ်။ အထဲမှာက ရည်းစားစာ ဆယ်စောင်ပဲရှိတာကိုးဗျ။ နည်းနည်းပါးပါးဖတ်ကြည့်ရသလောက်ကတော့ မိတ်ဆွေ အရင်တုန်းက ကောင်မလေး တစ်ယောက်ကို ရေးပေးထားတဲ့ စာတွေပဲ။ အချိန်ကမရှိတာရယ်၊ အလုပ်ရှိသေးတာရယ်ကြောင့် ပေါ့ဗျာ။ နို့မို့ဆို တစ်စောင်ချင်း အသေးစိပ် ဖတ်ပါတယ်။ ကျွန်တော်က သူခိုးသာလုပ်တာ၊ စာပေကိုလည်း ချစ်မြတ်နိုးသေးတာကိုးဗျ။ ပထမ အနေနဲ့ သင့်ဇနီး ဒီစာတွေကို မတွေ့သွားအောင်ရယ်။ ဒုတိယ အနေနဲ့ စာအိတ်တွေထဲမှာ ငွေတို့ ၊ အဖိုးတန် ပစ္စည်းတို့ ပါနေမှာ စိုးလို့ စာတွေ အကုန်လုံး ယူသွားပါတယ်။ နောက်မှ ဖွင့်ဖတ်ကြည့်တော့ ပိုက်ဆံတော့ မပါပါဘူး။ ဒါပေမယ့် မိတ်ဆွေ စာရေးကောင်းတာတော့ သိသွားတယ်။ ရည်းစားစာ ရေးထားတာများ အပျံစားပဲဗျာ။ ကောင်မလေးကို ညုထားတဲ့ စကားလုံးတွေက စား တယ်ဗျ။ ဒါကြောင့်လည်း မိတ်ဆွေ မိန်းမချောချော လေး ရထားတာကိုး။ ဒါနဲ့ ရေခဲ သေတ္တာ ထဲက အအေးတစ်ဘူး ယူသောက်သွားတယ်နော်။ တော်တော်သောက်လို့ ကောင်းတာပဲ။ တံဆိပ်တော့ မမှတ်မိတော့ဘူး။


တောင်ဖက်က သင့်အိပ်ခန်းကိုတော့ ကျွန်တော် စေ့စေ့စပ်စပ်ရှာသွားပါတယ်။ အလုပ်က လောလော လောလော နဲ့ လုပ်ရတာကြောင့် အိပ်ယာခင်းတွေ စောင်တွေ ကြမ်းပေါ်မှာ ပဲ ထားခဲ့ရတယ်ဗျာ။ ခင်ဗျားရဲ့ ခြေအိတ်အသစ်တွေတော့ ကျွန်တော်ဝတ်သွားပါတယ်။ ပေမှာ မစိုးရိမ် ရတော့ဘူးပေါ့။ အခန်းထဲက တီဗီကလည်း အကြီးကြီးပဲ။ ရုပ်ထွက်လည်း တော်တော်ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် မယူသွားသလို ဖျက်လည်း မဖျက်ဆီးခဲ့ ပါဘူး။ (ဒီတစ်ချက်နဲ့တင် ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်သင့်နေပြီလေ။ ကျွန်တော်တို့ ဒီအလုပ် လုပ်စားတဲ့ လူတွေက မယူသွားနိုင်တဲ့ ပစ္စည်းတွေဆို ဖျက်ဆီးခဲ့တတ်ကြတာ ကလား) ဒါပေမယ့် ခင်ဗျား မွေ့ယာအောက်က ဒေါ်လာ ၃၆၇၀၀ တော့ ယူသွားတယ်နော်။ ဒီလောက် ပိုက်ဆံအများကြီးကို အိမ်မှာ ထားပုံထောက်တော့ ခင်ဗျားမှာ ပိုက်ဆံမရှားဘူး လို့ ယူဆလိုက်ပါတယ်။


မြောက်ဖက် အခန်းက အံဆွဲတွေကို အကုန်လိုက်ရှာတာ လက်ထပ်လက်စွပ် တစ်ကွင်းပဲ တွေ့တယ်ဗျာ။ ကြည့်ရတာ ခင်ဗျားဇနီးကို မင်္ဂလာ ဆောင်တုန်းက ပေးထားတာနဲ့တူတယ်။ အစကတော့ မယူပဲ ထားခဲ့မလို့ပါပဲ။ ဒါပေမယ့် ကျွန်တော်က လည်း လက်ထပ်မယ့် ဆဲဆဲဆိုတော့ လိုအပ်တယ်လေ။ ဒါနဲ့ပဲ ယူသွားလိုက်တယ်။ ကျန်တဲ့ ပစ္စည်းတွေ ဥပမာ သွားတိုက်တံတို့ ၊ သော့ချိတ်တို့ကိုတော့ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူး။


အရှေ့ဖက် အခန်းက စာကြည့်ခန်းပဲဗျ။ အစကတော့ ခင်ဗျားကို စာပေ ချစ်မြတ်နိုးတဲ့လူလို့ ထင်လိုက်မိသေးတယ်။ စာအုပ်စင်ကို မွှေကြည့်လိုက်တော့ စာအုပ်တွေ မတွေ့ပဲနဲ့ စာအုပ် အခွံတွေ၊ အဖုံးတွေ ပဲ စီထားတာတွေ့တော့ တော်တော့်ကို စိတ်ပျက်မိတယ်။ ဒါပေမယ့် စင်ဘေးက “ Ocean 11” DVD ခွေတော့ ယူသွားတယ်။ ပထမ အကြောင်းကတော့ ဒီကားက တော်တော်ကောင်းတယ်လို့ ကြားဖူးနေတာကြာပြီ၊ တစ်ခါမှ ကြည့်ဖို့ အခွင့်မကြုံလို့။အခုမှပဲ အိမ်ကို ယူသွားပြီး အေးအေးဆေးဆေး ကြည့်ရမယ်။ ဒုတိယ တစ်ကြောင်းကတော့ လိုင်းတူတဲ့ လူတွေ ဆီကနေ နည်းပညာ အသစ်တွေ သင်ချင်တယ်လေ။ အခုက သတင်းအချက်အလက် နည်းပညာ (IT) ခေတ်ဆိုတော့ ၊ အသစ်အသစ်တွေက အများသားကလား။ မသင်လို့ ဘယ်ဖြစ်ပါ့မလဲလေ။ မိတ်ဆွေကို အကြံပေးချင်တာကတော့ စာအုပ် အခွံတွေ အစား စာအုပ်အစစ်တွေ ၀ယ်ထည့်လိုက်ပါ။ ရှေးလူကြီးတွေ ပြောတာ တကယ်မှန်တယ်ဗျ။ “ပညာ ရွှေအိုး လူမခိုး”တဲ့။


အစကတော့ နောက်ထပ် စေ့စေ့စပ်စပ် ရှာဦးမလို့ပါပဲ။ ဒါပေမယ့် အပြင်မှာ လူသံဆူဆူညံညံ ကြားတာနဲ့ ဒီလောက်နဲ့ပဲ တော်လိုက်တယ်။ဒီနေ့ အမြတ်ရတာက (မိတ်ဆွေဖက်က ကြည့်ရင်တော့ အရှုံးပေါ့လေ)


ငွေသား ၃၆၇၀၀

DVD ၁ ချပ်

ခြေအိတ် ၁ စုံ

လက်စွပ် ၁ ကွင်း

ဖျော်ရည် ၁ ဘူး

ရည်းစားစာ ၁၀စောင်


အဖိုးမဖြတ်နိုင်တဲ့ ရည်းစားစာတွေရတာနဲ့တင် တန်နေပါပြီလေ။


ဒီထက် စာရှည်ရှည်ရေးပြီး မိတ်ဆွေကို နှစ်သိမ့်ချင်ပေမယ့် လည်း အလုပ်က ရှိသေးတာမို့ ခွင့်ပြုပါဦးနော်။


ချစ်ခြင်းမေတ္တာ က ရှည်လျားပေမယ့် ။ စာရွက်က တိုတယ်လေ။ သတိရလွန်းလို့ မှေးစက်မရတဲ့ ညတာက ရှည်လွန်းပြန်တယ်။ နောင်များမှာ ပြန်ဆုံတွေ့ချင်ပါသေးတယ်။ (နှုတ်ဆက်စကား အနေနဲ့ ရည်းစားစာထဲက တစ်ပိုဒ်ကို ကူးရေးလိုက်တာတော့ စိတ်မရှိပါနဲ့နော်)


နာမည်မပါတာ နားလည်ပေးနိုင်မယ်လို့ထင်မိပါတယ်။

14.1.2008

5 comments:

Chaos said...

ချစ်ခြင်းမေတ္တာ က ရှည်လျားပေမယ့် ။ စာရွက်က တိုတယ်လေ။ သတိရလွန်းလို့ မှေးစက်မရတဲ့ ညတာက ရှည်လွန်းပြန်တယ်။ နောင်များမှာ ပြန်ဆုံတွေ့ချင်ပါသေးတယ်။

မိုက်ဒယ်ကွာ
ဒီဟာလေး
ဂွတ်ဂွတ်

Winkabar said...

သြော် သူခိုးကပေးတဲ့စာလား။ တယ်မိုက်တဲ့သူခိုးပါလား။ ကောင်းလိုက်တဲ့အရေးအသားပဲ။

လင်း said...

သူခိုးကလဲနော် ပေါက်ပေါက်ရှာရှာ

သဇင်ဏီ said...

အဟတ်..တခိုး..တခိုး..
ဖမ်းကြပါဗျို့..
တွေးလဲတွေးတတ်ပါပေ့ကွယ်

Layma said...

နောက်နေ့ကျရင် ခိုးရာပါ ရည်းစားစာတွေ ဘလော့မှာ တင်ပေးဦးနော်.. သာခိုးကြီးရေ..။ ခွိ.။