ပုံပြင်လေး တစ်ပုဒ်ကြားဖူးတယ်
တစ်ခါတုန်းက လယ်သမား တစ်ယောက်ရှိတယ်။ သူ့မှာ သားတစ်ယောက်နဲ့ မြင်းတစ်ကောင်ရှိတယ်။ တစ်နေ့တော့ သူ့ရဲ့မြင်း က ထွက်ပြေးသွားရော။ အိမ်နီးချင်းတွေက အဘိုးအိုကို ပြောကြတယ်။
“သင့်ရဲ့မြင်း ထွက်ပြေးသွားတာ သင်တော်တော် ကံဆိုးတာပဲနော်”
အဘိုးအိုက “ကံဆိုးတာလား ကံကောင်းတာလား ဘယ်သူသိမှာလဲ” လို့ဖြေတဲ့အခါ
အိမ်နီးချင်းတွေက “ဒါကံဆိုးတယ်ဆိုတာ အသိသာကြီးကို” လို့ပြန်ပြောကြတယ်။
တစ်ပါတ် အတွင်းမှာပဲ အဖိုးအို ရဲ့မြင်းဟာ အကောင် နှစ်ဆယ်လောက်ပါတဲ့ မြင်းရိုင်းတစ်အုပ်ကို ခေါ်ပြီး အိမ်ပြန်လာတယ်။ အိမ်နီးချင်းတွေကလည်း လာပြီး ဂုဏ်ပြုစကားပြောကြတာပေါ့။
“သင်ကံကောင်းလိုက်ပုံများ သင့်ရဲ့မြင်းကို ပြန်ရတဲ့ အပြင် နောက်ထပ် မြင်းနှစ်ဆယ်ကောင်တောင် ရလိုက်တယ်”
အဘိုးအိုက “ကံကောင်းလား ကံဆိုးလား ဘယ်သူသိနိုင်မှာလဲ” လို့ပြန်ဖြေတယ်။
နောက်နေ့ကျတော့ အဘိုးအိုရဲ့သားက မြင်းရိုင်းတစ်ကောင်ကို တက်စီးရင်းနဲ့ ပြုတ်ကျပြီး ခြေထောက်ကျိုး သွားပါလေရော။ အိမ်နီးချင်းတွေက အဘိုးအိုကို
“သင် ကံဆိုးလိုက်တာနော်”လို့ ပြောကြပြန်ရော။
အဘိုးအိုကတော့ “ကံကောင်းလား ကံဆိုးလား ဘယ်သူသိနိုင်မှာလဲ” လို့ပြောပြန်တော့
အိမ်နီးချင်းတွေက “ဒါလောက် သိသိသာသာ ကံဆိုးနေတာကို ဘယ်သူသိမှာ လဲလို့ပြောနေသေးတယ်။ တော်တော် ရူးမိုက်တဲ့ အဖိုးအိုပါလား” လို့ပြောကြတာပေါ့။
နောက်တစ်ပါတ်ကျတော့ ရွာထဲကို စစ်သားတွေ ရောက်လာပြီး အရွယ်ရောက်တဲ့ လူတွေကို စစ်ထဲဝင်ဖို့ လာခေါ်ပါတယ်။ အဖိုးအိုရဲ့ သားက ခြေထောက်ကျိုးနေတော့ မပါသွားဘူးပေါ့။ အိမ်နီးချင်းတွေက
“သင်ကံကောင်းပုံကတော့ သင့်သားစစ်ထဲ မသွားရဘူးနော်” ဆိုတော့
အဖိုးအိုက “ဘယ်သူသိမှာလဲ ”လို့ ပြန်ဖြေလိုက်တယ်တဲ့။
*********************
ပုံပြင်လေး ကတော့ ဒါပါပဲ။
ဒီပုံပြင်လေးက ပေးချင်တဲ့ အသိကတော့ “လှံထမ်းလာတာ မြင်ရတယ်။ ကံထမ်းလာတာတော့ မမြင်နိုင်ဘူး”ဆိုတာပါပဲ။ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ကံဆိုးပြီထင်နေတာကနေ ကံကောင်းလာတာကို ကြုံဖူးကြမှာပေါ့။ အလုပ်ပြုတ်သွားလို့ စိတ်ညစ် မနေပါနဲ့။ ဒီထက်ကောင်းတဲ့ အလုပ်မရဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ချစ်သူနဲ့ လမ်းခွဲရလို့ စိတ်ညစ်နေလား။ နောက်ကျမှ ဒီလိုလူမျိုးကို ငါဘာလို့ အရင်တုန်းက တမ်းတမ်းစွဲခဲ့ပါလိမ့် ဆိုပြီး မမြင်လာနိုင်ဘူးလား။ အဖြစ်အပျက်လေး တစ်ခုကို ကြည့်ပြီး ကံဆိုးလား ကံကောင်းလား ပြောနေတာ အချည်းနှီးပါပဲ။ ကျွန်တော်တို့ မြင်နေရတာ အဖြစ်အပျက်ကားချပ် တစ်ခုရဲ့ တစ်ရာပုံ တစ်ပုံ ပဲ ရှိပါသေးတယ်။ ကံထမ်းလာတာကို ဘယ်သူမြင်နိုင် မှာလဲလေ…..


2 comments:
အဟတ်..ဟတ်
ရူပ်နေတာပဲ..ကံကောင်းတာရော. ကံဆိုးတာေ၇ာ..
မူးတွားပီဂျာ..
လူ့ဘ၀ဆိုတာ ကံဆိုးခြင်းတွေ ကံကောင်းခြင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြဇာတ်တစ်ပုဒ်ပဲ ထင်တယ်နော် ... ကံဆိုတာ အလုပ်လို့ ပြောကြပေမယ့် အတိတ်ကံကလဲ ရှိသေးတယ်လေ ... ။
Post a Comment