လူငယ်တစ်ယောက် သည်ဒေါသအလွန်ကြီးသည်။ ထို့ အပြင် စိတ်နောက်ကိုယ်ပါ
အလွန်လုပ်တတ်သည်။ တစ်နေ့တွင် ဖခင်ဖြစ်သူက သူ့အား သံ တစ်အိတ်ပေးပြီး
“သားရေ ၊ မင်းစိတ်ကို မင်းမထိန်းနိုင်ပဲ ဒေါသ အလျှောက် ပြောဆို ပြုမူ မိတဲ့ အခါတိုင်း အနောက်ဖက် ခြံစည်းရိုးတိုင်မှာ သံ တစ်ချောင်းရိုက်လိုက်” ဟု ပြောသည်။
ပထမ တစ်ရက်တွင် သားသည် ခြံစည်းရိုးတိုင်ပေါ်တွင် သံ ၃၇ ချောင်း ရိုက်ဖြစ်သည်။ ထို့နောက် သူသည် တစ်ဖြည်းဖြည်းကိုယ့် ကိုယ်ကို ထိန်းချုပ်နိုင်လာ သဖြင့် ခြံစည်းရိုးပေါ်တွင် ရိုက်ရသော သံချောင်း အရေ အတွက် မှာ တဖြည်းဖြည်း လျှော့ နည်းလာသည်။ နောင်ဆုံးတွင် သူသည် ကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင် လာကြောင်းတွေ့ရှိရသည်။ ထိုအကြောင်းကို ဖခင်အား ပြောပြသော အခါ ဖခင်က
“သား၊ အခု အချိန်က စပြီး သားစိတ်ကို သားထိန်းနိုင်တဲ့ အခါတိုင်းမှာ သံတစ်ချောင်းကို ခြံစည်းရိုးပေါ်ကနေ ပြန်နှုတ်ကြည့်ပါ” ဟု ထပ်မံစေခိုင်းလိုက်ပြန်သည်။
ရက်များ ကြာလာသောအခါ သားသည် ခြံစည်းရိုးပေါ်ရှိ သံများအား တစ်ချောင်းမကျန် နှုတ်ယူပြီးသွားလေသည်။ ထိုအခါ ဖခင်က သား၏လက်ကိုဆွဲကာ ခြံစည်းရိုးတိုင်ရှိရာ သို့ ခေါ်သွားပြီး ဤသို့ပြောလေသည်။
“သားရေ၊ တော်ပါတယ်။ သားလုပ်တာ တွေအရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီ ခြံစည်းတိုင်ပေါ်က အပေါက်တွေကို ကြည့်လိုက် ပါဦး။ ဒီ အပေါက်တွေဟာ ဘယ်တော့ မှ အကောင်းပကတိ ပြန်မဖြစ်လာနိုင်တော့ဘူးကွယ့်။လူတွေ ဒေါသထွက်နေတဲ့ အချိန်မှာ ပြောတဲ့ စကားတွေကလည်း အပြောခံရတဲ့ လူဆီမှာ အနာရွတ်တွေ အဖြစ် ကျန်ခဲ့စေနိုင်တယ်။ ဒီခြံစည်းရိုးက အပေါက်တွေလိုပဲပေါ့။ လူတစ်ယောက်ကို ဒါးနဲ့ ထိုးလိုက်ရင်၊ သားဘယ်လောက်ပဲ တောင်းပန်တောင်းပန် အမာရွတ်ကတော့ တစ်သက်လုံး ကျန်ခဲ့မှာပဲ။ ဒီလိုပါပဲ မျက်စိနဲ့ မမြင်နိုင်တဲ့ စကားလုံးတွေက လည်းလူကို အတိုင်းအဆမရှိ ထိခိုက်ခံစားစေနိုင်တယ်ကွယ့်”
******************************************
အင်တာနက်ကနေ ဖတ်ရတဲ့ စာတစ်ပိုဒ်ပါ။
Anger is a condition in which the tongue works faster than the mind.
ဒေါသဖြစ်နေတဲ့ အချိန်မှာ လျှာက စိတ်ထက်ပိုမြန်တယ်တဲ့။
ကျွန်တော် ဒေါသ အလျှောက် ပြောခဲ့တဲ့ စကားတွေက ဘယ်သူတွေကို ဘယ်လောက် အထိ ထိခိုက်နာကျင်စေခဲ့ ပြီလဲ။
စိတ်ကို နာကျင်စေမှုဆိုပြီး တရားစွဲကြရင်တော့ ကျွန်တော်တော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း လောက်တော့ ကျမယ်ထင်တယ်။ စိတ်ကို နာကျင်စေမှု က အပြစ်ကြီးတယ်လေ။
ကိုယ့် အပေါ်ကောင်းတဲ့ သူငယ်ချင်းတွေကိုလည်း စိတ်မထင်ရင် မထင်သလို ပြောခဲ့ဖူးတယ်။ ကိုယ့်ကိုကောင်းစေချင်လို့ ပြောတဲ့ ဆုံးမစကားတွေကိုလည်း ဟားတိုက်ခဲ့ဖူးတယ်။ အမှန်တရားတွေ ပေမယ့် သူများ မနှစ်သက်တာကို သိသိကြီးနဲ့ ပြောဖူးတယ်။ ပြီးမှ ပြန်တောင်းပန်တော့ အားလုံးက ခွင့်လွှတ်ကြပါတယ်။ ဒါပေမယ့် ဒီဒဏ်ရာတွေက တော်တော်နဲ့ ပြန်ကောင်းပါ့မလား။ ကိုယ် အမှတ်မထင် ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ တဖက်ကလူ ရင်ထဲမှာ သေရာပါတဲ့ အထိ ဖြစ်သွားတယ်ဆို ကောင်းပါ့မလား။ ပြောပြီးရင် နောင်တ ရမယ်မှန်း သိရက်နဲ့ ပြောထွက်တဲ့ ဒီပါးစပ်ကြီးကို ပဲ အပြစ်တင်ရမလား။ ဒီပါးစပ်ကို နိုင်အောင် မထိန်းနိုင်တဲ့ ကိုယ့် ဦးနှောက်ကပဲ အပြစ်ရှိနေလား။ဘာမှ မပြောပဲ နေတာ အကောင်းဆုံး ဖြစ်လိမ့်မယ်ထင်တယ်။ အမြင်မတော်တာ တွေ့ရင် ပြောချင်တဲ့ ဒီပါးစပ်ကြီးကို အပ်နဲ့ ချုပ်ထားတာ ကောင်းလိမ့်မယ် ထင်ပါ့။


2 comments:
ကိုယ့်ရဲ့ သတိမထားမိပဲ အမှတ်တမဲ့ပြောလိုက်တဲ့စကားလေးက
တစ်ခါတလေ သူများတွေအတွက်
စိတ်အနှောက်အယှက်ဖြစ်တတ်တော့
စိတ်တိုးတဲ့အခါ စကားများများမပြောတာကောင်းပါတယ် -စာအုပ်တစ်အုပ်မှာဖတ်ဖူးတယ် စာရေးဆရာတော့ နာမည်မသိတော့ဘူး နိုင်ငံခြားစာရေးဆရာပါ-
ပျော်နေတဲ့အခါမှာ သူများကို တစ်ခုခုလုပ်ပေးမယ်လို့ ကတိမပေးပါနဲ့တဲ့။
စိတ်တိုးနေတဲ့အခါမှာလည်း သူများကို စာမပြန်မိစေနဲ့တဲ့
သံကိုမရိုက်မိအောင်ထိန်းနိုင်ရင် အကောင်းဆုံးပေါ့နော်။ ဒီပို့စ်လေးကမှတ်သားစရာပါ။
Post a Comment