ဒီဒေသမှာက ကလေးတွေဟာ ကျောင်းမနေရတာများပါတယ်။ မိဘတွေကလည်း ကျောင်းမပို့နိုင်သလို ရွာတိုင်းမှာ ကျောင်းမရှိတာလည်း ပါပါတယ်။ ရွာထဲ သွားလိုက်တိုင်း နည်းနည်းကြီးတဲ့ ကလေးတွေက သူတို့ ညီငယ် ညီမငယ်တွေကို ပိုးထားတာ အမြဲတွေ့ရတယ်။ မိဘတွေက တောင်ယာသွားနေတော့ နည်းနည်းကြီးတဲ့ ကလေးတွေက ကလေးငယ်လေးတွေကို ထိန်းပြီး မိဘကို ကူညီကြတာပါ။ အသက်နည်းနည်း ကြီးတဲ့ ကလေးတွေ (ဆယ်နှစ်လောက်ရှိရင်ကို) က မိဘနဲ့ တောင်ယာလိုက်ကြပါတယ်။ ရေသယ်တဲ့ လူကသယ်။ ထင်းသယ်တဲ့ လူတွေကသယ်နဲ့။ ကိုယ်တတ်နိုင်သလောက် မိဘကို ကူညီကြပါတယ်။ တွေ့ရသလောက်က ရွာက လူတွေက မြို့ပြက လူတွေထက် မိသားစု စိတ်ဓါတ်ပိုရှိကြတယ်။ ဒါက မိသားစုနဲ့ နေတဲ့ အချိန်ပိုများလို့လဲ ဖြစ်နိုင်တယ်လေ။
မြို့မှာဆိုရင် ကလေးတွေ အသက် သုံးနှစ်လေးနှစ် အရွယ်လောက်က စပြီး မူကြိုပို့ကြပြီ။ အိမ်မှာလည်း မထိန်းနိုင်တာကများများ၊ ကလေး ပညာတတ်စေချင်တာ က နည်းနည်းပေါ့။ တွက်ကြည့်တော့ မူကြိုမှာ နေရတဲ့ အချိန်က တစ်ရက် ရှစ်နာရီ (တစ်ချို့ဆို ဒီထက်တောင် ပိုများသေးတယ်) ၊ တစ်ပါတ်ကို ငါးရက်။ မူကြိုကလေး ကျူရှင်ယူရတယ်ဆိုတာ ကြားဖူးကြလားမသိဘူး။ မယုံမရှိပါနဲ့ တကယ့် ဖြစ်ရပ်မှန်ပါ။ ကျွန်တော့်တူမလေး လေးနှစ်ပဲ ရှိသေးတယ် မူကြိုပို့ထားတာ စာမလိုက်နိုင်လို့တဲ့ စနေ၊ တနင်္ဂနွေ အိမ်မှာ ဆရာမခေါ်သင်ရတယ်။ အစ်မရယ် နင်လည်း အားနေတာပဲ နင် သင်ပေးပါလားဆိုတော့။ နင့်တူမက ငါ့ကို မကြောက်ဘူးတဲ့။ ဆရာမသင်မှ ရတယ်တဲ့။ အစ်မက အရင်က ကျောင်းဆရာမနော်။ သူတောင် မသင်ပဲနဲ့ ဆရာမခေါ်သင်ရတယ်ဆိုတော့ လူကြားလို့မှ မကောင်း။ ဦးလေးတွေကိုတော့ ကြောက်တယ်တဲ့။ ခုတော့ သူ့ဦးလေးတွေက အိမ်နဲ့ အဝေးကြီးမှာ ။ ဘယ်လိုလုပ်ရပါ့မလဲ။ ဒီအရပ် နဲ့ ဒီဇာတ်ဆိုပေမယ့် ပိုပိုဆိုးလာတော့ မခက်ပေဘူးလား။ ကျွန်တော်တို့ တုန်းက ရှစ်တန်းလောက်မှ ကျူရှင်ယူရတယ်။ အခုတော့ မူကြိုနဲ့ ကျူရှင်ယူရတယ်တဲ့။ စိတ်မကောင်းစရာ။ တူမလေး ခမျာ ကစားဖို့ အချိန်တောင် သိပ်မရှိရှာဘူး။ အစ်မကတော့ သမီး ဦးဦးကို စာဆိုပြလိုက်လေ ဆိုပြီး ကြွားနေသေးတယ်။ ကျွန်တော်က စိတ်မကောင်းဘူး။ အိမ်မှာ နေရတဲ့ အချိန်နဲ့ ကျောင်းမှာ နေရတဲ့ အချိန် ယှဉ်ကြည့်လိုက်ရင် ကျောင်းမှာ နေတဲ့ အချိန်က ပိုများနေတယ်။ ညီအစ်ကို မောင်နှမတွေ တူတူနေရတဲ့ အချိန်ဆိုလို့ ကျောင်းဆင်းချိန်ရယ် စနေ၊ တနင်္ဂနွေရယ် ပဲရှိတာလေ။ ဒါတောင် အရင်တုန်းကနော်။ အခုဆိုရင် မနက်ကျူရှင် ၊ ညကတော့ စာကျက်ဝိုင်းနဲ့ စနေတနင်္ဂနွေလဲ ကျူရှင်တွေ၊ ၀ိုင်းတွေ သွားရ ။ ဘယ်မှာလဲ အိမ်မှာ နေတဲ့ အချိန်။
ကိုယ့် မိသားစုကိုတောင် ကိုယ် အချိန်မပေးနိုင်မှတော့ မိသားစု စိတ်ဓါတ်ဆိုတာ ဘယ်သိကြပါတော့မလဲ။ အလုပ်ထဲ ရောက်ပြန်တော့လည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေပြန်တော့ အိမ်ကို တစ်နှစ်တစ်ခေါက် ပြန်ရောက်ဖို့တောင် အနိုင်နိုင်။
အခုခေတ်ကြီးမှာ မိဘ မသေခင် အမွေလုတာတို့၊ ညီအစ်ကို အချင်းချင်း ပိုက်ဆံအတွက်နဲ့ မိန်းမ အတွက်နဲ့ ရန်ဖြစ်ကြတာတို့ဆိုတာ မဆန်းတော့ ပါဘူး။ လူ့ အသုံးအဆောင် ပစ္စည်းတွေ ၊ နည်းပညာတွေ တိုးတက်လာပေမယ့် စာရိတ္တပိုင်းက ပျက်ပြားသွားတာကိုး။ အရင်တုန်းက လို အိမ်ထောင်ဦးစီး တစ်ယောက်ရှာတာနဲ့ တစ်အိမ်လုံး စားလောက်တယ်ဆိုတာ ယုံတမ်း စကားတွေ ဖြစ်ကုန်ပြီ။ အိမ်ရှင်မတွေလည်း အလုပ်ထွက်လုပ်နေရတဲ့ ခေတ်ကြီးမှာ ပုခက်လွဲတဲ့ လက်တွေဟာ ကမ္ဘာကို အုပ်စိုးနိုင်ပါတော့မလား။ ကလေးတွေကို မူကြိုတို့ နေ့ကလေးထိန်းတို့ပဲ အပ်ထားခဲ့ရတာလေ။
ကျွန်တော့် ကလေးတွေ (အကယ်၍ ရှိခဲ့ရင်ပေါ့လေ) ကို ဆော့ချိန်တန် ဆော့ရတဲ့၊ ကျောင်းစာကို အလွတ်ကျက် ရုံတင်မကပဲ စဉ်းစားတတ်အောင်ပါသင်ပေးတဲ့၊ ကြက်တူရွေးလို စာပြန်မရွတ်ခိုင်းပဲ အမှားအမှန်ကို ခွဲခြားနိုင်အောင် သင်ပေးတဲ့၊ အတန်းပိုင် ဆရာမဆီမှာ ကျူရှင်မယူရတဲ့၊ ညဆိုရင် စာကျက်ဝိုင်းတို့ ဂိုက်တို့ မလိုပဲ ကိုယ့်ဘာသာကိုယ် စာကျက်ရမယ့် ကျောင်းရှိတဲ့ နေရာမျိုး၊ ကျောင်းပြန်ရောက်ရင် မိဘနဲ့ ဆော့ကစားနိုင်တဲ့နေရာမျိုး၊ စနေ၊ တနင်္ဂနွေမှာ အားကစားလုပ်နိုင်တဲ့ နေရာမျိုးမှာပဲ ကြီးပြင်းစေချင်ပါတယ်။ ကျွန်တော် လောဘများ သိပ်ကြီးမိသွားသလား။
ငါ့သားတွေကို တစ်နေရာမှာ ကြီးပြင်းစေချင်တယ်
အဲဒီနေရာမှာ…
မတရားတာကို ငုံ့မခံဖို့ ငါသင်ကြားပေးချင်လို့ တရားမျှတမှုတို့ ဖူးပွင့်ရမယ်
အားနည်းသူကို ဖေးကူဖို့ ငါလက်တွေ့ပြချင်လို့ နိုင်ထက်စီးနင်းမပြုကြရဘူး
ပြီးတော့…
ဘာသာ၊ သာသနာကို အမှန်တကယ် နှလုံးသားထဲက တန်ဖိုးထားကြပြီး
အရာအားလုံးအထက်မှာ အမှန်တရားရှိမယ်ပေါ့
စမ်းတ၀ါးဝါးနဲ့ လမ်းပျောက်တုံးကတောင် အဲဒီလို ရွှေပြည်တော်ကို ငါတို့မျှော်ခဲ့ကြတယ်
အခုလိုလမ်းကြမ်းတာလောက်တော့ စိတ်မပျက်ချင်ဘူး
ဒါပေမယ့်…
မြေနိမ့်ရာလှံစိုက်တဲ့ မလွတ်မြောက်နိုင်သေးရာအရပ်မှာ
ခရီးဖော်တွေလည်း တဖြုတ်ဖြုတ်ကြွေလွင့်လို့
ကိုယ်ယုံကြည်ရာမပြောရလွန်းလို့ ငါလည်းဆွံ့အနေခဲ့ပြီ
သားတို့ခေတ်ကြရင် ဒီလို ကြယ်မသာ၊လမသာတဲ့ည မရှိရဘူး
ဒီလို ဗြမစိုရ်တရား မခေါင်းပါးရဘူး။
လူဆိုတာ လူလို ကြီးပြင်းခွင့်ရှိရမယ်လေ။
တခြားနေရာက ကလေးတွေ အော်နေကြတယ် Vox populi, vox Dei တဲ့


1 comment:
မိသားစုစိတ်ဓါတ်တွေ ရှားပါးပြီး ကလေးတွေ တစ်ကိုယ်ကောင်းဆန်လာတာတွေ့ နေရတယ်..။ ဒီပို့စ်လေးအတွက် ကျေးဇူး..။
Post a Comment