ဒီတစ်ခေါက် ရန်ကုန် ရောက်ရောက်ခြင်း လုပ်ဖြစ်တာက ဂျာနယ်ဝယ်ဖတ်တာပါပဲ။ သတင်းတွေကတော့ ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။ ဒါပေမယ့် သတင်းငတ်နေတော့ ဘာဖြစ်ဖြစ်ကွာဆိုပြီး ဂျာနယ်သည်ကို ခေါ်လိုက်ပါတယ်။ အရင်တုန်းက weekly eleven ကိုတော့ ဖတ်နေကျ။ အခုတော့ အသစ်ထပ်ထုတ်ထားတဲ့ BiWeekly Eleven တဲ့။ ဖတ်ကြည့်လိုက်မယ်ဆိုပြီး ၀ယ်လိုက်တော့ တော်တော်ကို တန်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းပါးတွေ ပါလို့ပါ။ ပထမဆုံး ဆရာမဂျူးရဲ့ `ကျွန်တော့် ကို လာခေါ်ကြပြီ´ …. ဆရာမရဲ့ စာကို ဖတ်ပြီး ဧရာဝတီတိုင်းကို မသွားချင်တဲ့ ကျွန်တော့်ရဲ့ ၀မ်းကွဲညီတွေကို ပြောပြပါတယ်။ သူတို့က ဘာပြောလဲဆိုတော့ ` အခု လူတွေ ဒီလောက်သေနေတာ ၊ အလောင်းတွေလည်း မမြုပ်ရတဲ့ နေရာက မမြုပ်ရသေး။ ကပ်ရောဂါတွေက ဖြစ်မလားမသိ.. မသွားရဲဘူး၊ ကြောက်တယ် ´တဲ့။ ကျွန်တော်က `ငါတို့တွေက အရင်တုန်းက ဘင်္ဂလားဒေ့ရှ်မှာ မုန်တိုင်းတိုက်တယ် ဆိုလည်း ကိုယ့်နဲ့ မဆိုင်သလိုလို၊ ဆူနာမီဆိုတာ ကြားဖူးလိုက်ရုံလေး.. အခုတော့ နာဂစ်က ကိုယ့်ကို ခေါ်နေပြီလေ။ ငါတို့မှ မလုပ်ရင် ဘယ်သူလုပ်မလဲ.. အခု ကိုယ့်အလှည့် ရောက်နေပြီ ´ လို့ ပြောပြတော့ သွားမယ် တကဲကဲ ဖြစ်ကုန်ကြပါတယ်။ သွားလည်း သွားလိုက်ကြပါတယ်။ ဆရာမကို အထူး ကျေးဇူးတင်ပါတယ်။
နောက်တစ်ပုဒ်က ဆရာ ဒေါက်တာ ခင်မောင်ညိုရေးတဲ့ ` အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ခြင်း ´ ဆိုတဲ့ ဆောင်းပါး။ ဆရာ ရေးထားတာ ကောလဟာလတွေကြောင့် အလွန်အမင်း ကြောက်လန့်သွားတဲ့ အကြောင်းပါ။ ဘာလို့ လူတွေက ကြောက်တဲ့လူတွေကို ပို ဖြဲခြောက်ချင်ကြပါလိမ့်။ မုန်တိုင်းပြီးတဲ့ နောက် ဒုတိယ မုန်တိုင်းတဲ့၊ ပြီးတော့ ငလျင်တဲ့… ခြောက်ခြားပြီး သွေးပျက်အောင် ဘာလို့ လုပ်ချင်ကြပါလိမ့်။
ဘာပဲ ပြောပြော ဒီဂျာနယ်ကို ၀ယ်ဖတ်လိုက်တာ ဒီဆောင်းပါး နှစ်ပုဒ်နဲ့တင် အမြတ်ထွက်သွားပါတယ်။ အခု ဆရာ ဒေါက်တာ ခင်မောင်ညိုရဲ့ ဆောင်းပါးကို မျှဝေလိုက်ပါတယ်။
အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ခြင်း
အင်္ဂလိပ်-မြန်မာ အဘိဓာန် တစ်ခုတွင် Panic ကို အလွန်အမင်း ကြောက်ရွံ့ တုန်လှုပ်ခြင်းလို့ အဓိပ္ပါယ် ဖွင့်ထားပါတယ်။
ကျွန်တော်တို့ဟာ ယုန်ကလေးတွေကို ကြည့်၍ သူတို့ဟာ ကြောက်ရွံ့နေတာကို တွေ့ရမယ်။ ဒါကို ကျွန်တော်တို့က Panic ဖြစ်တယ်လို့ မခေါ်ပါဘူး။ Timid ဖြစ်တယ်လို့သာ ပြောပါတယ်။ ဒါကြောင့် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ခြင်း Panic ဖြစ်တာ ဘယ်လိုလဲလို့ ကျွန်တော် စဉ်းစားခဲ့ပါတယ်။
`ရိုးရိုး ကြောက်ရွံ့တာ မဟုတ်ဘူး။ လုပ်မထိ ကိုင်မထိ ဖြစ်တယ်ဆိုတာမျိုးကို Panic ဖြစ်တယ်လို့ဆိုတာပဲ´ လို့ အင်္ဂလိပ်စာ ဆရာတစ်ဦးကဆိုတယ်။ သူပြောတာကို ကျွန်တော် ထောက်ခံပါတယ်။ အထက်အရာရှိက ဆူလိုက်လျှင် လုပ်မထိ ကိုင်မထိ ဖြစ်သွားတာမျိုးကို Panicking လို့ ပြောနိုင်ပါတယ်။
လူတွေဟာ အားနည်းတယ်ဗျ၊ ခွန်အားဗလ ဘာမှ မသန်စွမ်းဘူး။ ဒီတော့ ကျောက်ခေတ်လောက်ဆီကို စဉ်းစားကြည့်ကြပါစို့။ လူသားတွေဟာ သူ့ထက်ကြီးတဲ့ သတ္တ၀ါတွေကို ကြုံတွေ့ရရင် ဘယ်လောက် ရင်ခုန်ခြောက်ခြားမလဲ။ ဒါဟာအသက် အန္တရာယ်လေဗျာ။ လူဟာသေရမှာကို အလွန်အမင်းကြောက်တယ်။
ဟုတ်တယ်။ အသက်အန္တရာယ်ကို လူတင်မကဘူး ။ တိရစ္ဆာန်တွေလည်း ကြောက်ကြတာပဲလေ။ မုဆိုးတွေ ပြောတယ်။ ခွေးတွေဟာ ကျားဟိန်းသံကြားရင် လမ်းမလျှောက် နိုင်တော့ဘူး။
အင်း ဒါဟာလည်း ကြောက်ရွံ့တုန်လှုပ်မှု ကြီးမားလို့ ဖြစ်တာမျိုးပေါ့။ ကျွန်တော်ငယ်ငယ်က ရွာကို သူပုန်တွေ ၀င်စီးတယ်။ သေနတ်သံတွေကြား ကြောက်လွန်းလို့ ဒူးတွေတုန်နေတယ်။ လမ်းလျှောက်လို့မရတော့ဘူး။ အမေ ဆွဲခေါ်သွားရတယ်။ တကယ်တော့ တုန်လှုပ်ခြင်းအဆင့် ဒီဂရီများစွာ ရှိမှာ ဖြစ်တယ်။ လူတစ်ယောက်နှင့် တစ်ယောက်လည်း တူမှာ မဟုတ်ပါဘူး။
မေလ ၂ ရက်နေ့က လေပြင်းမုန်တိုင်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်းတိုက်မယ်လို့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားသတင်းတွေက ကြေငြာသွားတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကလူတွေ ဘယ်သူမှ သိပ်ပြီးဂရုမစိုက်ကြဘူး။ မုန်တိုင်းတိုက်ပြီးတဲ့နောက် မိတ်ဆွေ တစ်ယောက်ကိုမေးကြည့်တော့ မုန်တိုင်းဆိုတာ ဒီလို ကြီးကြီးမားမားလို့ မထင်ထားဘူး။ လုံးဝလည်း မကြောက်ရွံ့ခဲ့ပါဘူး။ တကယ်တမ်းမှာ ည ၁၁ နာရီက စတိုက်တဲ့ မုန်တိုင်းဟာ အတော်ဆိုးတာပဲလို့ သဘောပေါက်တယ်။ ပထမ လေပြင်းတွေတိုက်တယ်။ မှန်ကွဲ သံ တွေကြားရတယ်။
`ကျွန်တော်ကတော့ နောက်ဖေး အခန်းထဲမှာ ရှိနေတယ်။ အိမ်ရှေ့အခန်းထဲ ထွက်လာတော့.. ဟာ.. အိမ်ရှေ့အခန်းဟာ တယ်လင်းတာပဲ ဆိုပြီးကြည့်လိုက်မိတယ်။ ဒီတော့မှ ခေါင်မိုးမှာ သွပ်တစ်ချပ်မှ မရှိတော့တာကို တွေ့ရတာပဲလေ။´
ကျွန်တော်တို့ ရှေ့မှာ ဂြိုဟ်တို စလောင်းတွေ၊ သွပ်ပြားတွေ၊ ပျဉ်ချပ်တွေ ၀ဲပျံနေတာကို တွေ့ရတယ်။ မနက် ၅ နာရီလောက်ရောက်တော့ ပိုဆိုးလာတယ်။ လေပြင်းတွေနောက်မှာ မိုးတွေရွာလာတယ်။ ကျွန်တော်တို့ လမ်း ၃၀ အောက်လမ်းမှာ အိမ်တစ်အိမ်ဆိုရင် အမိုးရော အကာရော လွင့်ထွက်သွား တော့တာပဲ။ နောက်ရေတွေ ကြီးလာတယ်လေ။ ညနေ ၃ နာရီလောက်မှာ ရေတွေ ကျသွားတယ်။ ညနေ ၃ နာရီလောက်မှာ ရေတွေ ကျသွားတယ်။ `ညနေဘက်လိုက် ကြည့်တော့ သစ်ပင်ကြီးတွေ၊ ကြေငြာဆိုင်းဘုတ် (Bill Board) တွေ လမ်းပေါ်လဲကျနေတယ်။ လမ်းတွေလည်း ပိတ်ကုန်တယ်။ အဲဒီနေ့က ၃ ရက်နေ့ပေါ့နော်။ ကားတွေ ထွက်လို့ မရဘူး။ လမ်းတွေ ပိတ်ကုန်တယ်။
နောက်တစ်နေ့လည်း လမ်းပေါ် ဘတ်စ်ကား မထွက်ဘူး။ ဖုန်းတွေကုန်လို့ သတင်းတွေလည်း မသိရဘူး ဒီနောက် လက်ကိုင်ဖုန်းတွေ သုံးလို့ရလာတယ်။ တစ်ခါတစ်ခါ ခေါ်လို့ရတယ်။ ဒီအချိန်မှာ ဖုန်းထဲ မက်ဆေ့ခ်ျ ၀င်လာတယ်။
WARNING! This Storm is first phase second phase will come soon. Don’t go out! MPT လို့ပါတယ်။
လူအတော်များများထံ ဒီမက်ဆေ့ခ်ျ ရောက်တယ်။
တစ်ရက်၊ နှစ်ရက်ကြာတော့ စိတ်အေးသွားတယ်။ ဒီအချိန်မှာ ကောလဟာလ တစ်ခုထပ်ထွက်လာတယ်။ ငလျင်လှုပ်မယ်တဲ့၊ အချိန်အတိအကျပါ ပါလာတယ်။
ဒီတစ်ခါ တုန်လှုပ်ခြောက်ခြားခြင်းရဲ့ သရုပ် လုံးဝပေါ်လာပါတော့တယ်။ မိတ်ဆွေ တစ်ယောက်က မေးပါတယ်။ `ဒီတော့ ရှင်ဘာလုပ်သလဲ´တဲ့ `ဘာလုပ်သလဲ ဟုတ်လား၊ ကျွန်တော် ကတော့ ဘုရားစာပဲ ရွတ်တယ်ဗျ´လို့။
ဒေါက်တာ ခင်မောင်ညို
BiWeekly Eleven


No comments:
Post a Comment