jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၄-၅ ) - မွန်ချောက်ဖုံ၏ ဘ၀ဇာတ်ကြောင်း

Friday, June 27, 2008

သိုင်းလောက အပိုင်း ( ၁၄-၅ ) - မွန်ချောက်ဖုံ၏ ဘ၀ဇာတ်ကြောင်း

"မွန်ချောက်ဖုံ လာပီဟေ့ ဟေ့ဟေ့ဟေ့ဟေ့ "
ပဲ့တင်ထပ်အက်ခိုးသံ ၆၃၀၀ ကို Nokia ၆၃၀၀ ဟန်းဖုန်းဖြင့် လွင့်မျောဝဲဝင့်စေလိုက်သော ခြောက်သွေ့ ကွဲအက်လှသော ခြောက်ခြားဖွယ် ကြိမ်းဝါးသံပိုင်ရှင်ကား အသူနည်း။ သိုင်းလောကသားများ လှုပ်ရှားကုန်ကြသည်။
မွန်ချောက်ဖုံတဲ့ ဘယ်မှာလဲ ဘယ်ကလဲ။
အော်ဇီကျွန်းသခင်ကြီးက ကိုယ်ယောင်ဖျောက်နေရာမှ ဂျီတော့တွင်ဘွားကနည်း ပေါ်လာသလို ဖြတ်ကနဲကိုယ်ထင်ပြရင်း ဆွေးဆွေးမြေ့မြေ့ ငြီးငြူလိုက်သည်။
"အော် မွန်ချောက်ဖုံပါလား ဒါဆိုပြန်လမ်းမဲ့ကျွန်းကနေ သူပြန်လာပြီပေါ့ "
"ဟင် ဘာ ဘာ ဘာပြောတယ် ပြန်လမ်းမဲ့ကျွန်းက ပြန်လာတယ်ဟုတ်လား ဒါဆို သေရွာက ပြန်လာတာနဲ့ အတူတူပဲပေါ့ "
ရေခဲတောင်မယ်တော်ကြီးက ထိတ်လန့်တကြားရေရွတ်လိုက်ရှာသည်။
"ဟုတ်တယ် မှန်တယ်"
အီးအိုးသခင်က ဆီပုံးတကာတွင် အော်နေကျအသံအတိုင်း ဖြတ်ဖြတ်လူးအော်ဟစ်လိုက်သည်။
" ပြန်လမ်းမဲ့ကျွန်းဆိုတာ ဘယ်သိုင်းသမားမှမသွားရဲတဲ့ မိစ္ဆာကျွန်း သွားပြီးရင်လဲ ပြန်လမ်းမရှိတဲ့ ကဝေမှော်ကျွန်းလို့ ကျွန်ုပ်တို့ငယ်စဉ်ကတည်းက သိထားတာ။ ခုတော့ ပြန်လမ်းမဲ့ကျွန်းကနေ ပြန်လာနိုင်သူပေါ်လာပြီပေါ့။ ဘယ်လိုမှော်သိုင်းပညာရှင်မို့ ပြန်လမ်းမဲ့ကျွန်းကို အံတုပြီး ပြန်လာနိုင်ရသလဲ။ ကြက်သီးများထပါဘိတော့တယ်"

"ဟုတ်တယ် အဆွေတို့ မွန်ချောက်ဖုံဟာ ပြန်လမ်းမဲ့ကျွန်းက ပြန်လာပြီဆိုတော့ အဆုံးမဲ့မြေအောက် သိုင်းမှော်နက်သိုင်းကို အောင်မြင်ပြီးသူပဲဖြစ်ရမယ်။ အခုလို သူပြန်လာတာဟာ ကျွန်ုပ်တို့ရဲ့ ရွှေတံဆိပ်သိုင်းပြိုင်ပွဲကြီးအတွက် ကြီးစွာသောအန္တရာယ်ပဲ။ သူသာပါဝင်လာရင် တရားမျှတစွာယှဉ်ပြိုင်နေတဲ့ အဖြူရောင်သိုင်းပြိုင်ပွဲကို အကျည်းတန်အောင် သူဖန်တီးတော့မယ်။ လက်နက်ပုန်းနဲ့ အဆိပ်ကိုအဓိကသုံးတဲ့ မှော်နက်ပညာကြောင့် ကျုပ်တို့သိုင်းရင်ပြင်မှာ သွေးရောင်လွှမ်တော့မယ်။ သူဟာပြန်လမ်းမဲ့ကျွန်းက ကဝေမမို့ သူဘယ်လိုအောက်လမ်းပညာတွေနဲ့ ရုပ်ဖျက်အစွမ်းတွေ အဆိပ်ပြင်းတွေ ထုတ်သုံးမလဲဆိုတာ မခန့်မှန်းနိုင်ပေဘူး"
အော်ဇီသခင်ကြီးက ပူပန်ကြောင့်ကြစွာ သတိပေးလိုက်သည်။
"အို အဆိပ်ဟုတ်လား အဆိပ်အတွက်တော့ ရေခဲတောင်သခင်မရှိသားပဲ"
အလွမ်းဘုရင်မက မထီလေးစားဖြင့် ဝင်ပြောလိုက်သည်။
"မထင်နဲ့ အလွမ်းဘုရင်မ ရေခဲတောင်မယ်တော်လဲ အခုသိုင်းလောကမှာအသုံးပြုနေကြတဲ့ အဆိပ်မှန်သမျှကို တဖက်ကမ်းခတ်ကုသနိုင်ပေမယ့် ပြန်လမ်းမဲ့ကျွန်းလို စုန်းသရဲပေါတဲ့ ဒေသကအပင်တွေ ထူးဆန်းသတ္တဝါတွေရဲ့ အဆိပ်မျိုးစုံကို ပေါင်းစပ်ဖန်တီးထားမယ့် မှော်နက်အဆိပ်လက်နက်ဆန်းတွေဆိုရင်တော့ ဖြေဆေးရှာဖို့အချိန်ယူရလိမ့်မယ် အားလုံးကဝေမ မွန်ချောက်ဖုံကို လျှော့မတွက်ကြဖို့ အထူးလိုအပ်တယ်"


***********************************************************************************************

လွန်ခဲ့သော နှစ်ဆယ့်နှစ်နှစ်တာကာလက သုညမဟာစံအိမ်အရှင်သခင်က ကောက်ယူမွေးစားခဲ့သော မိဘမဲ့ကလေးငယ်တစ်ဦးရှိခဲ့သည်။ အရွယ်ရောက်လာပြီး "ကဝေပျို၏နိဒါန်း "သိုင်းကျမ်းတစ်ခုလုံးကို ထုံးလိုသုတ် ကွမ်းလိုစားနိုင်သော ပါရီမီရှင်ထိုမိန်းကလေးကို အော်မေ့ဂိုဏ်းမှသီလရှင်ဆရာကြီးများက မျက်စေ့ကျခဲ့ပြီး တပည့်သစ်ရွေးချယ်ပွဲတွင် ဖိတ်ကြားခဲ့ရာမှ ကဝေမမွန်ချောက်ဖုံကို သိုင်းလောကတခွင် လူသိများလာခဲ့သည်။ သုညသခင်၏ခွင့်ပြုချက်နှင့် ဝင်ရောက်ယှဉ်ပြိုင်ရင်း တပည့်သစ်ရွေးချယ်ပွဲတွင် အနိုင်ရရန် ရေပန်းအစားဆုံးဖြစ်သော်လည်း အော်မေ့ဂိုဏ်း၏ စည်းကမ်းချက်များအရ ဂိုဏ်းသူသစ်တိုင်းကတုံးတုံးပြီးမှ ဝတ်ဖြူစင်ကြယ်ဖြင့် ခမ်းနားစွာ သင်တန်းသားအဖြစ်လက်ခံလေ့ရှိကြောင်းကိုကား မွန်ချောက်ဖုံမသိရှိထားခဲ့။ နောက်ဆုံးအဆင့် ရွေးချယ်ပွဲအပြီးတွင်တော့ သူမတူအောင်သိုင်းစွမ်းထက်မြက်လှသော ကဝေပျိုလေး မွန်ချောက်ဖုံမှာ ဆံပင်ဖားလျားချကာ ကောက်လိုက်ဖြောင့်လိုက်လုပ်မှုဖြင့် ပြိုင်ပွဲမှထုတ်ပယ်ခံလိုက်ရပြီး သိုင်းလောကအလယ် အရှက်တို့ဟက်တက်ကွဲခဲ့ရသည်။
ထိုအချိန်မှစပြီး သိုင်းလောကကိုစိတ်နာအရှက်ရသွားသော မွန်ချောက်ဖုံမှာ မွေးစားဖခင် သုညသခင်ကြီး၏ အစီအမံကိုလိုက်နာပြီး ကြောက်ခမန်းလိလိ မှော်နက်ပညာများကွန့်မြူးရာ ပြန်လမ်းမဲ့ကျွန်းတွင် အော်မေ့ဂိုဏ်းထက်သာသော အတုမရှိမှော်နက်သိုင်းပညာများလေ့လာရန် ထွက်ခွါသွားလေတော့သည်။
မှော်နက်ပညာကိုမက်မောပြီး စွန့်စားခဲ့ကြသော အစွမ်းထက်သိုင်းသမားတိုင်း ပြန်လာရန်လမ်းမရှိပဲ အသက်ပေးကြရိုးထုံးစံသာရှိသည့် ပြန်လမ်းမဲ့ကျွန်း။ ယခုတော့ အလင်းနှစ်ကိုးသန်းအတွင်း ပြန်လာသူမရှိခဲ့သည့် ထိုမိစ္ဆာကျွန်းမှ ပထမဆုံး တကျော့ပြန်လာခဲ့သော မြေအောက်သိုင်းပညာရှင်တစ်ဦးပေါ် ထွက်လာခဲ့ပေပြီ။ ထိုသူကား......

**************************************************************************
ညသန်းခေါင်ယံအချိန် သိုင်းလောကသားများအိပ်စက်အနားယူချိန် အတွင်းအားပြန်လည်ဖြည့်တင်းချိန် ဒိုင်အိုလျှိုတိုလမ်းကြားမှာ မှောင်မဲတိတ်ဆိတ်နေသည်။ တိတ်ဆိတ်နေသာပတ်ဝန်းကျင်တွင် အရိပ်မည်းတစ်ခုက မြေပြင်တွင်လမ်းလျှောက်သကဲ့သို့ မဟုတ်ပဲ စက်လှေကားစီးသကဲ့သို့ လျှပ်တိုက်ရွေ့လျားသွားနေသည်။ ထိုအရိပ်မည်းမှာ မှောင်မည်းသောညတွင် ဆံပင်မည်းများကို ဖားလျားချရင်း အလင်းအလျင်ဖြင့် လျင်မြန်စွာရွေ့လျားသွားနေသည်။ ကိုယ်ဖော့စွမ်းအားမြင့်မားလှသော ထိုအနက်ရောင်သိုင်းသမားကို အဆင့်မြင့် ဒြပ်မဲ့မှော်သိုင်းပညာ နားလည်သူတို့ အနီးကပ် သေချာစွာကြည့်နိုင်လျှင်တော့ မျက်ကပ်မှန်တပ်ထားသဖြင့် အဲလေ အဆိပ်ပြင်းများကို စားသုံးရှုရှိုက်ပြီး အဆိပ်အပ်များစွာစိုက်ထိုးခဲ့သဖြင့် အရောင်ပြောင်းကာ စိမ်းဖန့်နေသော မျက်လုံးများနှင့်ဖြစ်ကြောင်း တွေ့နိုင်လေသည်။
အရိပ်မဲဦးတည်သွားလာနေသော နေရာကားအဘယ်နည်း။ အို သိုင်းလောက၏ ယခုနှစ်အရေးအပါဆုံး သိုင်းပြိုင်ပွဲကြီးကျင်းပရာ ရှောင်လင်ကျောင်းတော်ပင်မဟုတ်ပါလော။ အရိပ်မဲက ကိုယ်ဖော့ပျံသန်းနေရာမှ ရုတ်တရက် မြေပြင်သို့ကိုယ်ကိုလျှိုသွင်းကာ ပျောက်ကွယ်သွားလေသည်။ အရိပ်မဲပျောက်ကွယ်သွားရာနေရာသို့ တမဟုတ်ခြင်း သိုင်းသမား၁၅ယောက်က ဝေဟင်မှခုန်ဆင်းလာသည်။ ထိုသူတို့မှာတိုက်ခိုက်ရန် အသင့်အနေအထား။
ဘေးဘီဝဲဟာသို့လှည့်ပတ်ရင်း တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် အရိပ်မည်း ကိုလိုက်ရှာနေကြသည်။ ထိုအချိန်တွင် ပြင်းထန်စူးရှသလို သိမ်မွေ့ထုံအီလှသော အနံ့တစ်မျိုး လေထဲတွင် ဝေ့ဝဲလာကာ သိုင်းလုလင်၁၅ယောက် မတ်တပ်မှလဲကုန်ကြသည်။
"ဟွင်းဟွင်း (ဒါလဲမှတ်ပုံတင်ရယ်သံ) မွန်ချောက်ဖုံရဲ့ နှစ်တထောင် အာပုပ်အဆိပ်ကိုမှ မခံနိုင်ကြပဲကိုး"
သာယာနာပျော်ဖွယ်အသံလေးဖြင့် မြေပြင်မှခေါင်းလျှိုပြီးပြန်ထွက်လာသောအရိပ်မဲက ရယ်မောလိုက်သည်။ ထိုအချိန်တွင် အရိပ်မဲရှေ့သို့ အရိပ်နက်တစ်ခု ပိုးစလေးအလား လျောကျလာသည်။ အသင့်ပြင်ဆင်ပြီးသော အရိပ်မဲက မျက်လုံးစိမ်းများနှင့် စူးစူးဝါးဝါးစိုက်ကြည့်ရင်း
"စပ်မိစပ်ရာကွိစိကွစ"ဟု
ပြာတာတာအသံဖြင့်ရေရွတ်လိုက်သည်။ မီးခိုးများတမဟုတ်ခြင်း ကာဆီးသွားပြီး အရိပ်နက်ဆီသို့ ပျစ်ခဲခဲ လက်နက်ပုန်းများ မိုးရွာသလိုပြေးဝင်သွားသည်။
"ဖုံဖုံ" အရိပ်နက်က အော်ဟစ်လိုက်ပြီး လက်နက်ပုန်းများကို ကျင်လည်စွာရှောင်တိမ်းလိုက်သည်။
"အကိုနက်" အရိပ်မဲမွန်ချောက်ဖုံက ဝမ်းသာအားရအော်လိုက်ပြီး အရိပ်နက်ထံသို့ပြေးသွားခဲ့သည်။
"ဖုံဖုံ နင်အတော်ကိုတိုးတက်လာတာပဲ" မော်ဒန်သိုင်းလုလင် အိပ်မက်နက်က အားရစွာချီးကျူးလိုက်သည်။
"ဟုတ်တယ်အကိုနက် ခုနကကွိစိကွစဆိုတာ ဖုံဖုံပြန်လမ်းမဲ့ ကျွန်း မသွားခင်က ချွဲကုန်းကုန်းဆီက ခိုးသွားခဲ့တဲ့ ကပ်ကော်နူးသိုင်းထဲက နံပါတ်တစ် ကပ်ပြာလူး သိုင်းကွက်လေ။ဒါတောင် ကပ်မခွါအကွက် ကပ်အာဝါးအကွက် ကပ်ငိုနှပ်ရှုံ့အကွက်တွေ မသုံးရသေးဘူး။ ပြစမ်းပြစမ်း နှပ်ပစ်လက်နက်ပုန်းတွေရော ထိသွားသေးလား။ အကိုနက်အခုဘယ်ကိုလာတာလဲဟင်"
"အေး ဆရာသခင်ရဲ့ စေခိုင်းချက်ကြောင့် ငါတို့မောင်နှမ ရှောင်လက်ကျောင်းက သိုင်းပြိုင်ပွဲကိုသွားပြီး ..."
"ဟုတ်ကဲ့ ဖုံဖုံသိတယ် သူတို့ကိုလက်စားချေရမယ် နှောင့်ယှက်ရမယ်မဟုတ်လား "
"မဟုတ်ဘူးဖုံဖုံ နင်အခုသူတို့ကိုမနှောင့်ယှက်နဲ့တော့ နင်သူတို့ကိုအယောင်ပြ သူတို့ဖမ်းတာကိုခံပေးရမယ် အခုနောက်ဆုံးကာစတန်မတ်စေ့အရ အကိုနက်ရဲ့တာဝန်က ပြောင်းလဲသွားပြီ ဒါကြောင့် ဖုံဖုံတစ်ယောက်ထဲမလွှတ်ပဲ ယုရှပြည်မှာ သိုင်းကျမ်းခိုးဖို့တာဝန်တွေကို ပစ်ပြီး ငါလိုက်လာတာပဲ"
"ဟင် ဒါဆို အကိုနက် နင်က ငါ့ကိုကူညီဖို့လိုက်လာတာမဟုတ်ဘူးလား"
"အေး နင့်ကိုကူညီရင်း ငါ့တာဝန်ကိုပြီးမြောက်အောင် လုပ်ဆောင်ဖို့ပဲ ငါ့တာဝန်က သူတို့သိုင်းပြိုင်ပွဲရဲ့ အတုမဲ့ဒိုင်းကြီးကို ဆရာသခင်ဆီအရောက်သယ်ဆောင်ဖို့ "
"ဟင်"

****************************************************************

ဒန်တန့်တန် လူဆိုးတွေကို လူကြောက်အောင် အမွှန်းတင်ရေးသားခြင်း ဒီတင်ပြီးပါပြီ မစရသေးဘူး မွန်ချောက်ဖုံကိုဖမ်းမိသွားလို့ လူမရှိန်တော့ဘူး ဟွန်းးးးးးးးးးး။
မွန်ချောက်ဖုံ

4 comments:

စိုးထက် - Soe Htet ! said...

မိုက်တယ် ... ဇာတ်ကွက် ထဲ ၀င်အောင် ရေးထားတယ် ...

နောက် မှ ပြန် ဆွဲ ဆန့် ကြတာပေါ့ ...

ပျော်စရာကြီး တစ်ယောက် ... တစ်ပေါက် ... ဟိ ... :P

Anonymous said...

အရေးအသားက ရေရေလည်လည် လန်းတယ်။
ကြိုက်တယ်ဗျို့။

Tea said...

မော်ခြောက်ဖုံ တွေရော မယ်ခြောက်ကင်တွေ ရောပါလားဟေးး.. :) ကျုပ်တို့တော့ ရှိရှိသမျှ သိုင်းကွက်တွေကို ကျန်းဝူကျိရဲ့ သိုင်းမှတ်ဥာဏ်နဲ့ လိုက်မှတ်လိုက်ဦးမယ်..ဟတ်ဟတ်..

Black Dream said...

မော်ဒန်သိုင်းလုလင်ဆိုပါလား...ဂလု...။ ဘုရား..ဘုရား...။ ဆက်မတွေးရဲဘူး...။