jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၁ ) - ကြားဖြတ်တိုက်ပွဲ

Monday, June 23, 2008

သိုင်းလောက အပိုင်း ( ၁၁ ) - ကြားဖြတ်တိုက်ပွဲ

သိုင်းလောက ကြားဖြတ် ( ၁ )

မိုးချစ်သူ လေထဲ ခုန်တက်သွားသည်နှင့် သူမ၏ ပွဲသိမ်း ရေသူမရေငုပ် သိုင်းကွက်ဖြင့် ဂျူလိုင်ဒရမ်း ကို တိုက်တော့မည်မှန်း ဇီးကွက်သိလိုက်သည်။ သိုင်းဂိုဏ်း တစ်ခုထဲတွင် ပညာ သင်ကြားခဲ့ရသောကြောင့် အထူးပြုသည့် သိုင်းမတူသော်ငြား ( မိုးချစ်သူက ရေသိုင်း ၊ ဇီးကွက်က လေသိုင်း ဖြစ်သည်။) ဂိုဏ်းတူ သိုင်း မောင်နှမ ဖြစ်သည့် အလျှောက် မည်သည့် အကွက်ကို မည်သို့ သုံးမည်ဆိုတာ သိနေလေသည်။

` ဒီအကွက် သုံးလိုက်ရင်တော့ ဂျူလိုင် ဒရမ်းတော့ မလွယ်လောက်ဘူး´ ဇီးကွက်က ဒေါက်စိုးအား ပြောလိုက်သေးသည်။ သို့သော် လေထဲ တစ်ဝက် တပျက်မှ ပြုတ်ကျလာသော မိုးချစ်သူတစ်ယောက် ဂျူလိုင် ဒရမ်း၏ လက်ဝါး ထိသွားသော အချိန်တွင် ဇီးကွက်လည်း စကားကို ရပ်၍ လျှပ်တပြက် လှုပ်ရှားလိုက်သည်။

ဖလပ်ဖလပ်ဖလပ် ( တောင်ပံခတ်သံ )

အသံသာ ကြားလိုက်ရသည် လူက မည်သို့ လုပ်လိုက်သည် မသိ။ လူကို မြင်လိုက်သည့် အချိန်တွင် လက်တစ်ဖက်ဖြင့် မိုးချစ်သူကို ဖေးမထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဂျူလိုင် ဒရမ်း၏ လက်ဝါးကို ကာဆီးထားသော ဇီးကွက်ကို တွေ့လိုက်ရသည်။ ( စလိုး မိုးရှင်းဖြင့် မြင်ယောင် ကြည့်ကြပါရန် )

`ညီမတော် ဘာဖြစ်သွားတာလဲ´

`ဘာဖြစ်သွားမှန်းမသိဘူး အစ်ကိုတော် ။ ခြေထောက်တွေက လှုပ်ဖို့ အားမရှိတော့ဘူး´

`ဟေ အတွင်းအားကို စုစည်းကြည့်စမ်း။ ´

` အတွင်းအားလည်း စုလို့ မရတော့ဘူး။ လူက လှုပ်ဖို့အားကို မရှိတော့တာ´

`ဒါဆို သွေးရိုးသားရိုးတော့ မဖြစ်နိုင်တော့ဘူး။ အဆိပ် တစ်ခုခု ဖြစ်ရမယ်´

`ညီမတော် ဘာမှလည်း မစားမိပါဘူး အစ်ကိုတော်။ မုန်တိုင်းဖြစ်ပြီး ကတည်းက ၀မ်းလျှောမှာ စိုးလို့ ရေတောင် ရေသန့်ပဲ သောက်တယ်။ ခုနက ဒီရေသန့်ကို ပိုသန့်အောင် ကိုဂျူလိုင်ဒရမ်းရဲ့ ရေသန့်ဆေးပြားတောင် ထည့်သောက်လိုက်သေးတယ်´

`ဒါဆို ဒီရေကို ရေခဲတောင်က သိုင်းမယ်တော်ကို စစ်ဆေးခိုင်းမှပဲ။ သိုင်းမယ်တော်ခင်ဗျား ဒီရေကို အဆိပ် ရှိမရှိ တစ်ချက် စစ်ဆေးပေးပါ´

သိုင်းမယ်တော်ကလည်း သူမ၏ ဆံထိုး ( တစ်ခါသုံးတူ လို့တော့ ပြောတာပဲ ) ကို ယူ၍ ရေထဲသို့ နှစ်လိုက်ရာ ၀ါးတူအတွင်းမှ မျောက်များ ပြုတ်ကျ သေဆုံးလာလေသည်။

` အားပါး ရှားပါး လှတဲ့ သာခွေယိုင် အဆိပ်ပါလား။ ငါ့ မျောက်တွေတောင် မခံနိုင်ဘူး။ ဒါပေမယ့် မပူပါနဲ့ မိုးချစ်သူရယ်။ ငါ့ရဲ့ ရေခဲတောင် မှာ ပွင့်တဲ့ပန်း တစ်ပွင့်ကို စားလိုက်ရင် ဒီအဆိပ် မပြောနဲ့။ လင်းမြွေ အဆိပ်တောင် မကြောက်ရဘူး ။ ´

ဇီးကွက်မှ ၀င်၍ ` ဆရာမကြီး လင်းမြွေက အဆိပ်မရှိဘူးထင်တယ်´

`တယ်လေ ဇီးကွက်က ဇီးကွက်လို နေစမ်း။ ငါစိတ်တိုလာရင် ဒိုင်မလုပ်တော့ဘူးနော်။´

သူခမျာမှာလည်း ခြိမ်းခြောက်စရာ မျောက်တွေ သေကုန်လို့ ဒိုင်မလုပ်တော့ဘူးလို့ ပြောင်းခြိမ်းခြောက်ရ တာပေါ့လေ။ ဇီးကွက်မှာလည်း ရှိစု မဲ့စု နှစ်ယောက်သော ဒိုင်ရှိပါတယ်။ တစ်ယောက်ကထွက်ရင် ဘယ်မျှတတော့မလဲ။ ဒေါက်ထက်ကို ဖားထားတဲ့ လူတွေက အများကြီးလေ။ ဒါနဲ့ ကြောက်ကြောက်နဲ့

` ဟုတ်ကဲ့ မယ်တော်.. မပြောနဲ့ဆို မပြောပါဘူး။ ထွက်တော့ မထွက်လိုက်ပါနဲ့လေ။´

` အေး ဒီလိုမှပေါ့။ ရော့ ရေခဲတောင်မှာ ပွင့်သောပန်း။ ဒီပန်းကို မင်းညီမကို ကျွေးလိုက်။´

ဇီးကွက်လည်း ရှားရှားပါးပါး ရေခဲတောင်မှာ ပွင့်သောပန်းကို ယူ၍ မိုးချစ်သူအား တိုက်ကျွေးရာ မိုးချစ်သူက ` တိုင်းရင်းဆေး မသောက်ချင်ဘူး။ အားဆေး ပိုလီဘိုင်ရွန် နဲ့ နူထရိုပေးလ် ( အာရုံကြောအားဆေး ) ပဲ ထိုးပေးပါ ´လုပ်နေ၍ ဆေးမရှိသော ဒေါက်ထက်နှင့် ဇီးကွက်တို့မှ `တိုင်းရင်းဆေးလည်း စွမ်းပါတယ်ကွယ်´ လို့ပြောပြီး ဆေးချော့တိုက် လိုက်ရသေးသည်။

`ကဲ လက်သိုင်းသမားကြီး သိုင်းစည်းကမ်းကို ဖောက်ဖျက်တာ ပေါ်တင်ကြီး ။ ဒီတော့ ပြိုင်ပွဲကနေ ထုတ်ပယ်ပေးဖို့ ဒိုင်လူကြီးကို တောင်းဆိုပါတယ်´

ဒေါက်ထက်နှင့် သိုင်းမယ်တော် ခွန်မြလှိုင်တို့မှ ခေါင်းကုတ်၍ ` သူက ဆေးကို မှားထည့်လိုက်တာပါလို့ ပြောတယ်ကွယ့်။ ဒီတော့ တို့က အရေးယူလို့ ဘယ်သင့်တော်ပါ့မလဲကွယ်´

`အော်ဒီလိုကိုး။ ရပါတယ် ရပါတယ်။ ဒိုင်လူကြီးတွေ အတွက်ဆိုပြီး ရေသန့်ဆေးပြားတို့ အိမ်သာဆောက်နည်းကျမ်းတို့ကို လက်ဆောင်ပေးနေကတည်းက တစ်မျိုးထင်နေတာ။ အခုတော့ လက်တွေ့ပေါ့လေ။ ဒါပေမယ့် ဂိုဏ်းတူ အစ်ကို တစ်ယောက်အနေနဲ့ မိုးချစ်သူကို ထိထားတဲ့ လက်ဝါးတစ်ချက် အကြွေးတော့ ပြန်ဆပ်ရလိမ့်မယ်။ ကဲ သိုင်းကွက်ကို ကြည့်ပေတော့။´

ဇီးကွက်မှ ပြောပြောဆိုဆို သူ၏ နာမည်ကြီး ဇီးကွက် အိပ်မက် ၁၆ ချက် ( အိပ်နေတုန်း ထွင်ထားလို့) ထဲမှ ဇီးကွက် အစာချီ သိုင်းကွက်ဖြင့် ဂျူလိုင် ဒရမ်းအား တိုက်ခိုက်လိုက်သည်။ ဂျူလိုင် ဒရမ်းကလည်း ခေသူမှ မဟုတ်ပဲလေ.. ကျင့်ထားသမျှ လက်သီး လက်ဝါးသိုင်းများအနက်မှ တောင်ဖြိုလက်သီးဖြင့် ရင်ဆိုင်လိုက်လေသည်။ သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများမှာ လျင်မြန်သလောက် ကြမ်းတမ်းလှ၍ ဘေးမှ ၀င်ဆွဲမည့် ဒိုင်လူကြီးများပင် မသိချင် ယောင်ဆောင်နေနေ ရသည်။ ( နောက်တွင် ထိုပြိုင်ပွဲ အကြောင်းကို သိုင်းလောကတွင် တသသ ပြောကြရသည်ဟု ဆို၏။ ဤကား စကားချပ် )

တစ်ချီတွင် ဇီးကွက်မှ ဇီးကွက် လေ၀ဲ သိုင်းဖြင့် လက်ဝါးကွက် အရိုက် ဂျူလိုင်ဒရမ်းမှ လေခွင်းလက်သီးဖြင့် အထိုး လက်သီးနှင့် လက်ဝါး ထိပ်တိုက် တွေ့ကြရာ သိုင်းပညာ ပြိုင်ပွဲတစ်ခုတွင် အမြင့်မားဆုံးသော ယှဉ်ပြိုင်ခြင်းဖြစ်သည့် အတွင်းအား ပြိုင်သည့် အဆင့်သို့ ရောက်ရှိသွားလေသည်။ နှစ်ယောက်စလုံး၏ ဦးခေါင်းမှ အငွေ့များထွက်လာရာ အဝေးမှ ကြည့်ပါက ရေမသန့်၍ ရေကို ကျိုသောက်ရသော နှာခေါင်းချောင်း ကျေးရွာမှ ရေနွေးအိုး နှစ်လုံး အလား ထင်မှတ်ရသည်။ အထွတ်အထိပ် အချိန်သို့ ရောက်နေပြီ ဖြစ်နေသဖြင့် နှစ်ယောက်စလုံးမှာ အားကို မလျော့ရဲကြပေ။ အတွင်းအားမှာလည်း သူမသာ ကိုယ်အသုဘ ဖြစ်နေ သဖြင့် ကြာလျှင် နှစ်ယောက်သား အားကုန်၍ မာလကီးယားပေတော့မည်။ ထို အခြေအနေကို မြင်သော မိုးချစ်သူနှင့် ခေးအော့စ်တို့မှလည်း မိမိတို့၏ သိုင်းအစ်ကိုနှင့် အဖိုးကို ကယ်တင်ရန် မသိမသာ လှုပ်ရှားလာနေကြသည်။

ထိုအချိန်တွင် `ဖြန်း´ ကနဲ မည်သံ တစ်ချက်ထွက်ပေါ်လာပြီး အဖြူရောင် အရိပ်တစ်ခုသည် အတွင်းအားပြိုင်နေသော လူနှစ်ယောက်အတွင်းသို့ ရောက်ရှိသွားလေသည်။ အတွင်းအား မြင့်မားသော သိုင်းသမားနှစ်ဦး အတွင်းအား ပြိုင်နေချိန်တွင် အတွင်းအား မပြည့်ဝပဲ စက်ကွင်း အတွင်းသို့ ၀င်မိပါက အတွင်းဒဏ် ဖြစ်နိုင်သောကြောင့် ၀င်ရောက်သွားသူအား ပွဲကြည့်ပရိဿတ်များမှ စိုးရိမ်စိတ်ဖြင့် `ဟာ´ ကနဲ ဖြစ်သွားသည်။

ဝင်ရောက်သွားသူကား ဒိုင်လူကြီး အော်ဇီ ကျွန်းသခင် ရှောင်လင် သိုင်းသမားကြီး ဒေါက်ထက်ပင် ဖြစ်လေတော့သည်။ သူ၏ ခေါင်းပေါင်း ( အမှန်ကတော့ ပတ်တီးကြီးပါ။ စည်းတာ မညီလို့ ခေါင်းပေါင်းစလို ဖြစ်နေတာ ။ စကားချပ်။) ပေါင်းထားသော နဖူးထက်တွင် ချွေးသီးချွေးပေါက်များ သီးနေသည်။ သူတစ်ပါး၏ အသက်ကို ကယ်တင်ရန် ကိုယ်ကျိုးစွန့်သော ဒေါက်ထက်အား ဇီးကွက်နှင့် ဂျူလိုင်ဒရမ်းတို့မှ ကျေးဇူးတင်သော အကြည့်များနှင့် ကြည့်ရင်း ဒေါသ ရန်ငြိုးများလည်း ကျေပျက်သွားတော့သည်။

သိုင်းမယ်တော် ခွန်မြလှိုင်မှ အပြေးလာပြီး ဒေါက်ထက်၏ ကျောပြင်ကို လက်ဝါးဖြင့် ပုတ်ကာ အတွင်းဒဏ်ကို ကုစားပေးလိုက်သောအခါမှသာ ဒေါက်ထက်မျက်နှာ သွေးရောင် ပြန်လွှမ်းလာသည်။

`ကဲ မင်းတို့ပြောတော့ သိုင်းပညာ ဖလှယ်တာဆိုပြီး ဒီလောက်တောင် တိုက်ခိုက်ရသလားကွ။ ဂျူလိုင်ကလဲ မှားပြီး ဆေးထည့်မိတာ တောင်းပန်၊ ဇီးကွက်ကလည်း ဒေါသတကြီး တိုက်ခိုက်မိတာကို တောင်းပန်လိုက်။ ´

ဒေါက်ထက်၏ ဖြန်ဖြေပေးမှုကြောင့် ဇီးကွက်နှင့် ဂျူလိုင်တို့လည်း အချင်းချင်းတောင်းပန်ပြီး လက်ဆွဲနှုတ်ဆက်ကာ ကျေအေးလိုက်ကြလေသည်။

ဒေါက်ထက်မှနေ၍ သိုင်းပြိုင်ပွဲကြီးကို နဂို အစီအစဉ်အတိုင်း နောက်တစ်နေ့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း ကြေငြာ လိုက်ပြီး ယနေ့ ပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာလိုက်သည်။

……………………………………………..

ကိုဂျူလိုင်ရေ အတည်စတာ စိတ်ဆိုးရ၀ူးနော်။ လက်ဆွဲလည်း နှုတ်ဆက်ပြီးပြီ ။ ဟီးး… ဒါမှ မကျေနပ်သေးရင် `၀´ ပြည်လာရင် ကဇော်သိုင်း သင်ပေးမယ် နော် … ( ၀ပြည်က ၀ါးစိမ်း အရက်နဲ့ ဧည့်ခံမယ် )

တစ်ရက်ထဲနဲ့ ငါးပို့စ်တောင် တင်လိုက်တယ်။ ဟီး။ အားလွန်းလို့ လို့တော့ မထင်ပါနဲ့။ မအားတဲ့ကြားထဲကနေ အိပ်ချိန်တွေ အလုပ်ချိန်တွေ လျော့ပြီး မလင်းရေးပေးတာပါ။ နောက်ထပ်ရှိသေးတယ်။ မတင်သေးဘူး။သိမ်းထားလိုက်ဦးမယ် ဆန့် တငင်ငင်ပေါ့လေ... :P

ဆက်ရန်

၁) ပျားဘုရင်မ၏လက်ရာ သိုင်း ရာဇ၀င်တော် - ဟန်နီ

၂) ခေးအော့စ်၏ ကဗျာသီချင်းသိုင်းနှင့် ဂျူလိုင် ဒရမ်း - လင်း

(မြေး အဖိုး မချဘူးလို့ လာပြောတာ နည်းနည်း နောက်ကျသွားလို့ ရေးပြီးသွားပြီ။ ဟီး ။ ယှဉ်ပြိုင်ခြင်းသည် အဓိကလို့ပဲ သဘောထားပြီး ပြိုင်လိုက်ကြပါနော်.. )

၃) ပန်းချီသိုင်းသမား၏ အလှည့်ရောက်လာခြင်း ( စာမေးပွဲ ပြီး၍) - ရွှန်းမီ


5 comments:

ရွှန်းမီ said...

ပန်းချီသိုင်းသမား၏ အလှည့် ရောက်လာခြင်း

သိုင်းပြိုင်ပွဲ ဒုတိယနေ့ ပြိုင်ပွဲ မစခင် . . .

စွန်လိုလို အရောင်စုံ အရာကြီးတစ်ခု ကောင်းကင်မှာ ပျံဝဲနေရာမှ သိုင်းပြိုင်ပွဲ ကျင်းပရာ ကွင်းပေါ်ကို

တဖြည်းဖြည်း နိမ့်ဆင်းလာသည်။ သေချာဝိုင်းကြည့်လိုက်တော့ အာကာသယာဉ်နှင့် ခပ်မဆင်တဆင်

ဖြစ်နေပြီး အမိုးလေး ပွင့်သွားကာ မိန်းကလေးတစ်ယောက် ခုန်ထွက်လာပြီး နှုတ်ဆက်သည်။

ဟိုင်း.. အားလုံး မင်ရာပါ.. ဆောတီး .. နောက်ကျသွားတယ်..


++++++++++++++++
ဆက်မည်.. မကြာမီ လာမည်.. =) တကယ်လာမည်။

စိုးထက် - Soe Htet ! said...

ကောင်းတယ် ... ချွေးနဲနဲ ပြန်တာ က လွဲ လို့ :P

ThinkingHoney said...

ကောင်းလိုက်တာကွာ
စာကြေတယ် စာကြေတယ် ဒီလောက်ဆိုနင့်မျက်မှန်ထူရခြင်းအကြောင်းရင်း ငါသိသွားပြီ

ဦးစိုးထက်
ဝင်ဖြန်ဖြေထားဦးပေါ့ သူကိုယ်တိုင် အဆိပ်မိထားတာ မသိရှာသေးဝူး
လာမည် (ဒီညပြီးအောင်တင်နော် ဇီးကွက်)

စိုးထက် - Soe Htet ! said...

အင်း .. ဒိုင်ပါ လုပ်ကြံ နေပြီ ... :P

လင်း said...

ဒိုင်သမာဓိကြီးက ပွဲခနရပ်ရန်ညွှန်ကြားနေတယ် ဟန်နီရေ့ ။ လင်းမြွေတောင် ခွင့်ယူလိုက်ပြီ လက်ညောင်းလာလို့ 
ရေခဲတောင် နှင်းသီး အရှာထွက်လိုက်အုန်မးယ် ဆေးဖော်မလို့ ၊ အလွမ်းဘုရင်မတောင် လွမ်းဖို့ အချိန်မရှိအောင် ဇီးကွက်တို့ က ခိုင်းစားနေတာ ။ ဗြတ်စောင်းလေးတီးပြီး လွမ်းလိုက်အုန်းမယ်