jp Ulmuka_ဇီးကွက်: အော် သိုင်းလောက..

Thursday, June 19, 2008

အော် သိုင်းလောက..

ငယ်ငယ်တုန်းက သိုင်းဝထ္တုတို့ သိုင်းကားတို့ဆို အရမ်းကြိုက်ခဲ့တာ.. ( အမှန်ကတော့ အခုလဲ ကြိုက်တုန်းပါပဲ :P) နဂါးနိုင်ဓါးတို့ ၊ သိမ်းဌက်ပစ် သူရဲကောင်းတို့ဆို ကြိုက်မှကြိုက်။ အဲဒီမှာ သုံးတဲ့ စကား တစ်လုံးရှိတယ်.. သိုင်းလောကတဲ့။ ငယ်ငယ်တုန်းကတော့ သိုင်းလောက ဆိုတာ သိုင်းသမား တွေပဲ စုနေတဲ့ နေရာလို့ ထင်ခဲ့တာ။ နောက်တော့ ဘယ်ဟုတ်မလဲ.. သူတို့လဲ ရိုးရိုးလူတွေလို နေတာပဲကိုး။ ဒါပေမယ့် သိုင်းသမားဖြစ်ရင်တော့ သိုင်းလောက စည်းမျဉ်းစည်းကမ်းတွေ ၊ ကျင့်ဝတ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ရှိလာတာပေါ့။ အဲဒါကို သိုင်းလောကလို့ ခေါ်တာပေါ့လေ။

သိုင်းသမားတွေထဲမှာလဲ အမျိုးမျိုး ရှိတယ်ဗျ။ တစ်ချို့က ၀ါသနာပါလို့ သင်တာ ရှိသလို.. တစ်ချို့က အပျော်သင်တာ.. တစ်ချို့ကျတော့ လည်း သူများ သင်လို့ လိုက်သင်တာ... တစ်ချို့ကျတော့ တိုင်းပြည်နဲ့ လူမျိုး အတွက်ဆိုပြီး သင်တာလဲ ရှိသေးတယ်.. ( အဲဒီတုန်းက မန်ချူးတွေ တရုတ်ပြည်ကို အုပ်ချုပ်နေတာကိုး.. အဲဒီ မန်ချူးတွေကို တော်လှန်ဖို့ အတွက် ပေါ့) တစ်ချို့ကျတော့ ဒီ မန်ချူးတွေကနေ တရုတ်တွေကို နှိပ်ကွပ်ဖို့ သင်ခိုင်းတာလည်း ရှိတယ်. .။ တစ်ချို့ကျတော့ ခိုးဆိုး တိုက်ခိုက်လုယက်ဖို့ သင်တာ ( အောက်လမ်းသိုင်းသမား လို့ လဲ ခေါ်တယ်.. သူတို့က လက်နက်ပုန်းတို့ အဆိပ်တို့ သုံးတယ်လေ)

ဘာပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်နဲ့ပဲ သင်သင် သိုင်းသမား ဖြစ်လာပြီဆို သိုင်းလောကရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြေရှင်းကြတာပေါ့.. ။ သိုင်းသမား တစ်ယောက် အသတ်ခံရတာတို့ လုပ်ကြံခံရတာတို့ဆိုရင် ရဲကို မတိုင်ဘူး။ သူ့ရဲ့ ဆွေမျိုးသားချင်းတွေ မိတ်ဆွေ အပေါင်းအသင်းတွေကနေ လက်စားချေတယ်။ တစ်ခါတစ်လေလည်း တစ်ချို့တွေက လက်စားချေချင်ပေမယ့် သူချေချင်တဲ့ လူတွေကို သူမနိုင်လို့ သို့မဟုတ် အဲဒီလူက သေသွားတာတို့ ဖြစ်ရင် ကျန်ခဲ့တဲ့ သား သမီးတွေ ဆွေမျိုးတွေကို လက်စားချေတယ်။ အမှန်ကတော့ ဆိုင်မှ မဆိုင်တာလေနော့။ လုပ်ရင် လုပ်တဲ့ လူတွေနဲ့ ရှင်းကြပေါ့။ ထားပါလေ ဒါက သိုင်းလောကကိုး... ။

နောက်ပြီးတော့ သိုင်းလောက ကို စိတ်ကုန်လို့ နှုတ်ထွက်သွားတဲ့ လူတွေလည်း ရှိတယ်ဗျ။ သူတို့ရဲ့ လုပ်နည်းကတော့ ရွှေခွက်ထဲမှာ လက်ဆေးပြီး ဒီတစ်သက် လက်နက်ကို ဘယ်တော့မှ မကိုင်တော့ဘူးလို့ သစ္စာဆိုတာ...။ အခမ်းအနားနဲ့ ကြီးကြီးကျယ်ကျယ် လုပ်တာဗျ..။ သိုင်းလောကထဲက လူတွေကို ဖိတ်ကြားပြီးတော့ လုပ်ရတာ..။ တစ်ချို့ကျတော့ လဲ ဘာအခမ်းအနားမှ မလုပ်ပဲ တောထဲမှာပဲ သွားပြီး ဇာတ်မြုပ်နေတာလဲ ရှိသေးတယ်။

သိုင်းလောက လို့ပြောလိုက်တော့ သူလဲ လူ့လောကလိုပဲ တူရာ တူရာတွေ စုသွားတဲ့ သဘောလေးတွေ တွေ့ရတယ်ဗျ။ အနု အရွ အလှအပကို ဦးစားပေးတဲ့ သိုင်းသမားတွေက တစ်စု၊ အကြမ်းပတမ်းတိုက်ကွက်တွေ ဦးစားပေးတဲ့ သိုင်းသမားတွေက တစ်စု၊ တိုင်းပြည်အတွက် မျိုးချစ်သိုင်းသမားတွေ က တစ်စု စသဖြင့်ပေါ့.. ဒီကြားထဲ ဟိုမရောက် ဒီမရောက် ဟိုစပ်စပ် ဒီစပ်စပ် သိုင်းသမားတွေ လည်း ရှိသေးတယ်။ အဲ အလွမ်းသိုင်းတွေ ဘာတွေ ကျင့်တဲ့ လူတွေလည်း ရှိသေးတယ်ဗျ... ဟို သိုင်းသမား လင်းမြွေဆို အလွမ်းသိုင်း ထိပ်ခေါင် တင်လို့တောင် ပြောရမယ်ထင်တယ်..

ခက်တာက သိုင်းလောကမှာ ရှိတဲ့ သိုင်းသမားတွေ အချင်းချင်း မတည့်ကြတာပါပဲ။ အေးလေ မိသားစုတစ်စုထဲ မှာတောင်မှ ညီအစ်ကို မောင်နှမတွေ တည့်မှ မတည့်ကြပဲလေ။ ဒီလို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သိုင်းသင်ကြတဲ့ သိုင်းလောကထဲမှာတော့ ပိုဆိုးတာပေါ့။ ခက်တာက တိုက်ခိုက်ရင်လည်း မျက်နှာချင်းဆိုင် စိန်ခေါ်ပြီး တိုက်ကြပေါ့.. အခုတော့ နောက်ကျောက ဓါးနဲ့ထိုးတာတို့ အဆိပ်သုံးတာတို့ လက်နက်ပုန်းနဲ့ ပစ်တာတို့လဲ တွေ့နေရသကိုး.. ။ ဒါလဲ ဆန်းတော့ မဆန်းပါဘူးလေ.. သိုင်းလောက ကိုးဗျ။


PS သိမ်းဌက်ပစ် သူရဲကောင်းကို ပြန်ကြည့်မိလို့ ရေးမိရေးရာ ရေးလိုက်ပါတယ်။ သိုင်းလောကကို သိုင်းလောကလို့ပဲ မြင်ပေးကြပါလို့.. :P

5 comments:

လင်း said...

အောင်မယ် လူကိုများ အလွမ်းသိုင်း ထိပ်ခေါင် တင် လေးဘာလေးနဲ့ ။ ဘာအောက်မေ့နေလဲ ရွှေခွက်ထဲမှာ လက်ဆေးပြီး သိုင်းလောကကိုစွန့် ခွာလိုက်မှာနော်။
အဲတော့မှ ပြန်လာပါလို့ လာမခေါ်နဲ့ ၊ လင်းမြွေတို့ က ဟင်ဆို လှည့်မကြည့်ဘူး

ThinkingHoney said...

ကိုစိုးထက်ရယ်သွားပုံကိုကြည့်ရတာ
ရွှေခွက်မှာလက်ဆေးသွားသလိုပါလားဝေ့ ;)
တို့ကတော့ ကာရံလွတ်သိုင်းကျမ်းနဲ့ ခံစားမှုကျင့်စဉ်ကို အထူးပြုပါတယ်ကွယ်
ဟီးး :D
မရေး မရေးနဲ့ ရေးလိုက်တာ တော်သေးတယ် သိုင်းကားလို၁၀၀၁တွဲဆက်မထွက်လာလို့ ;) :P

JulyDream said...

ကျွန်တော်ကတော့ ဟိုမရောက် ဒီမရောက် ဇော်ယောင် သိုင်းပဲ ကျင့်နေတယ် ထင်တာပဲနော်။ အခုတလော အလွမ်းသိုင်းလေး နည်းနည်း ကျင့်လိုက်ရသေးတယ်။ အဟက်...

"ရွှေခွက်ထဲမှာ လက်ဆေးပြီး ဒီတစ်သက် လက်နက်ကို ဘယ်တော့မှ မကိုင်တော့ဘူးလို့ သစ္စာဆိုတာ..." ဆိုတော့... ကြည့်ရတာ အသားမဲတဲ့ ကုလားတွေရဲ့ လက်ကို မကိုင်တော့ဘူးပေါ့နော်။ လက် က နက်နေတယ် ဆိုတော့ အတော်လေးကို မဲနေတဲ့ သဘောပဲဗျ။ အဟဲ...

အပေါ်မှာလည်း ကိုစိုးထက်ကြီးက လက်ဆေးသွားသလိုပါလား ဝေ့လို့ ရေးထားတာ တွေ့လိုက်တော့- သြော်... ကိုစိုးထက်ကြီးလည်း လက်နက် မကိုင်တော့ဘူးပဲပေါ့။ ဒါဆို လက်ဖြူပဲ ဆက်ကိုင်တော့မယ်လို့ သဘောပေါက်မိပါတယ်။ အင်းလေ... အစ်မက ဖြူချောလေး ဆိုတော့လဲ...

စတာနော်... အတည်... အဟဲ

MgThaJan said...

ကျွန်တော်တို့ကတော့ ဟိုစပ်စပ် ဒီစပ်စပ် သိုင်းသမားတွေဗျ။ နာမည်ကိုက စပ်မိစပ်ရာ ဆိုမှတော့ :P

Layma said...

ဒီပို့ စ်က မှတ်ချက် မှာ သိုင်းလောက ကို သိုင်းလောက လို့  မြင်ပေးပါလို့  ရေးထားပြီး ၂၀ ရက်နေ့  ပို့ စ်မှာ ဘလော့လောက သားတွေ ကို သိုင်းပြိုင်ပွဲ ကျင်းပ ဖို့  ကြံစည်နေတယ်ဆိုတော့ ... ကိုဇီးကွက်ရယ် ... ဘီလို ယူဆလိုက်ရမှာလဲ ...။ :P