သိုင်းပြောင်းပြန်ဆြာကြီး ဟန်သစ်ငြိမ် ၏ ဒေါသ
ရှေးရှေးတုန်းက ပေါ့ဗျာ...
မြက်ခင်းပြင်ပေါ်မှာ သုံနှစ်သား ကောင်လေးတစ်ယောက် သိုင်းချနေတယ်။ တစ်ယောက်တည်း ထင်တိုင်းကျဲနေတာပါ။
အဲဒီသတင်းကိုကြားတော့ သိုင်းလောကမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ သူရှိနေတဲ့ မြက်ခင်းပြင်ကို သိုင်းလောကမှာရှိတဲ့ ဆရာ့ဆရာကြီးတွေ၊ အသီးသီးသော သိုင်းဂိုဏ်းတွေ၊ သိုင်းအဖွဲ့ချုပ်တွေ... အစုံစုံ အဖုံဖုံ၊ ဘုရားဖူးလာသလိုမျိုး အလျှိုလျှိုရောက်လာကြတယ်။
"ဒါက ကျုပ်တို့ 'ဋ" ဂိုဏ်းက ကစားဟန်ပဲ"
"ဘယ်ဟုတ်မလဲ၊ ဒါ ကျုပ်တို့ 'ဠ' ဂိုဏ်းက အကွက်ဗျ"
"တယ်... ဒါ ကျုပ်တို့ 'ဍ' ဂိုဏ်းရဲ့ အတွင်းအားချနည်းဗျ"
အဲလို တစ်ယောက်တစ်ပေါက်တွေ ပြောကြတယ်။ ကောင်လေးက ဂရုမစိုက်ဘူး။ သူ့ဟာသူဆက်ချနေတယ်။ ခဏနေအပေါ်မြောက်တက်သွားလိုက် ခဏနေမြေကြီးပေါ် လှိမ့်ပြေးလိုက်၊ လှဲချတဲ့အခါလည်းရှိတယ်။ သေချာတာက သူအရမ်းတက်ကြွနေတယ်။
"ဟာ... ဒါ ကျုပ်တို့ 'ဌ' ကစားကွက်ကို တစ်ပိုင်းဖျက်ထားတာပဲ"
"ဟင်... ကျုပ်တို့ရဲ့ အတွင်းအားချနည်းက ပြောင်းပြန်ကြီးပါလား"
"ဒါဘာလဲ... သိုင်းအပျက်တွေ ချနေတာလား"
"ဟုတ်မယ်၊ သူ့ရဲ့ အရူးချေးပန်း ကစားကွက်တွေ ဖြစ်မှာပေါ့"
"ဟေ့၊ သူ့ကို မောင်းထုတ်လိုက်ကွာ၊ ကြာရင် သိုင်းလောက နာမည်ပျက်မယ်"
သိုင်းလောကသားတွေရဲ့ တစ်ယောက်တစ်ပေါက် အသံတွေ ထိမ်းမရအောင် ကျယ်လောင်လာတဲ့အခါမှာပဲ ကောင်လေးက ချနေတာကိုရပ်လိုက်တယ်။
ချက်ချင်းပဲ ဆူညံနေတဲ့အသံတွေလည်း တိတ်သွားတယ်။ သူက 'အဟမ်း…' ဆိုပြီး လည်ချောင်းရှင်းလိုက်တယ်။ အားလုံးရဲ့မျက်စိတွေ၊ နားတွေက သူ့ဆီရောက်သွားတယ်။
"ဟူး ..."
သူအမောဖြေတယ်။
"မင်းဘာတွေလုပ်နေတာလဲ" ရှေ့ဆုံးမှာရပ်နေတဲ့လူက စိတ်မရှည်တော့ အော်လိုက်တယ်။
"အမ်... ကျွန်တော် မော်ဒန် ပါးဖောမန့်စ် (Modern Performance) တစ်ခု ဖန်တီးနေတာဗျ..."
"ဟာ..."
+++++++++++++++++++++++++++
ထိုကဲ့သို့ ငယ်စဉ်ကတည်းကပင် သိုင်းလောက လှုပ်ရှားသွားသည်အထိ အမြီးရှည် အစွမ်းထက်လှသော ထိုကောင်လေးကား၊ နောင်တစ်ချိန်တွင် မြောက်ကျောင်းတိုက်က မျောက်သိုင်းအကျော်အမော် (၀ါ) ဖန်တီးမှု သိုင်းပြောင်းပြန်၊ ခရီအေတစ်ဗီတီ လက်သမားဆြာကြီး (၀ါ) အမှန်အစစ် မငြိမ်တဲ့ ဟန်သစ်ငြိမ် အစရှိသော ဂုဏ်ပုဒ်များစွာဖြင့် ဖင်ပေါ်... အဲ... ထင်ပေါ်ထွန်းပေါက်လာမည့် သုံးနှစ်သား လူငယ်ကလေး `ငြမ်သစ်ဟိန်´ သာ ဖြစ်တော့သတည်း။
ယခု...... ထိုသိုင်းပြောင်းပြန်ဆြာကြီး၏ ဒေါသတို့သည် ခြေမမှ ငယ်ထိပ်အထိတက်ကာ ရေနွေးအိုးပွက်သလို ထကြွဆူဝေနေလေပြီ။ သူ၏ ဒေါသတို့ အသောထရခြင်း အကြောင်းကား...
၁) ညမင်းသား ကိုဇီးကွက်၏ စီစဉ်မှုဖြင့် သမာမတ်မတ်ရင်ပြင်တွင် သိုင်းလောက စိမ်ခေါ်ပွဲကြီး ရှိနေပြီး ဖိတ်စာ (ယုတ်စွအဆုံး လက်ကမ်းစာစောင်) မျှပင် မရရှိခြင်း၊
၂) ဒိုင်ချုပ်ကြီးမှာ ဘော်ဘော်အရင်း (အဖျားမဟုတ်ပါ) ဖြစ်သော အော်ဇီမှ ဆြာဒေါက်ထက် ဖြစ်နေပြီး မည်သည့် အီးမေးလ်၊ ချီးမေးလ်မျှ သူ့ဆီမှ မရောက်ရှိလာခြင်း၊
၃) ထိုမျှမက Annual Gathering ဟု ဆိုအပ်သော ထိုသိုင်းပြိုင်ပွဲကို ဂူအောင်းပြီး စာပေပြောင်းပြန်သိုင်း ကျင့်နေသော ဆြာကြီး ဟန်သစ်ငြိမ် သတိမေ့နေခြင်း၊
၎) ထို့အပြင် အခြားသော သိုင်းလောက မိတ်ဆွေ၊ ရန်သူ စသည်တို့က ထိုပြိုင်ပွဲ၏ Information၊ ကောလဟာလ၊ အလာပ သလာပ၊ ဘာညာကွိကွ တစွန်းတစ တို့ကိုလည်း စီပုံး၊ ကော်မန့်ဘောက်စ် စသည်တို့တွင် လာရောက် သတိမပေးခြင်း၊
၅) ထို့အပြင် သိုင်းပြိုင်ပွဲကျင်းပမည့် သီတင်းကျွတ်လကွယ်ကျော် ( ၁၅ ) ရက်မှာ သူ၏ ဂူအောင်း ကျင့်စဉ် မပြီးစီးခင် ဖြစ်နေခြင်း... တို့ဖြစ်လေသည်။
သို့သော်လည်း 'ဖန်တီးမှု သိုင်းပြောင်းပြန်' ဟု ဆိုသည့်အရှိန်အ၀ါလည်း မညှိုးရလေအောင်၊ ပျားလည်းစွဲသာ၊ ရှဥ့်လည်း... အဲ… အတွင်းအားလည်း ကျင့်သာ၊ ပြိုင်ပွဲလည်း ၀င်သာအောင် ဦးနှောက်တစ်ခြမ်းကို ပါဝါသွင်း အလုပ်ပေးပြီးသကာလ... အဖြုရောင်ဂိုဏ်းသားတို့ ပျော်စံရာ၊ မိုးမလုံ လေမလုံ၊ သမာမတ်မတ် ရှောင်လင်ကျောင်း ရင်ပြင်တော်သို့ မနှေးအမြန် Stay ရှောင်ရန်အလို့ငှာ... အပိုအလို မတော့ဘဲ ဖိုတိုရှော့ပ် (Photoshop) အစွမ်းဖြင့်၊ ထောင်တန်တဲ့ တောင်ပံနှစ်ခုကို ဖန်တီးတပ်ဆင်ပြီး၊ Non-Immigrant (Short Visit) အတွက် အပီအပြင် စီစဉ်ပါလေတော့ သတည်း။
ဆက်ရန်...
ဖန်တီးမှု သိုင်းပြောင်းပြန်ဆြာကြီး ဟန်သစ်ငြိမ်
`ဆက်ရန်...´ ဆိုလို့ စိတ်ကွက်တော် မမူကြပါနှင့် သိုင်းလောက ဘော်ဘော်အပေါင်းတို့…။
`မဟန်နီ´ မေးလ်ကနေပြီး နားပူနားဆာလုပ်တာရယ်၊ သွေးထားတဲ့ ကလောင်ကို စမ်းချင်တာရယ်ကြောင့်... ရန်ဖြစ်ချိန် မရှိတဲ့ ဟန်သစ်ငြိမ်၊ အမှန်အသစ် လိမ်ရေးလိုက် ရခြင်းသာ ဖြစ်ပါသည်။ နောက်တစ်ပိုင်း မဆက်ခင် (သို့) သိုင်းရင်ပြင်သို့ ကျွန်တော် မရောက်ခင်စပ်ကြား ရွှေတံဆိပ်ကို လုယူနှင့်ကြကုန်လော့...။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်



5 comments:
ကိုဟန်သစ် လက်ရာကတော့ ရေလည်လန်းတယ် မမှီဘူး :) ဆက်ရန်ကို ဘယ်လိုများ ရေးမှာပါလိမ့် စိတ်ဝင်စားတယ် ။
ဒိုင်ချုပ် က အဝေးရောက် တယ်လီပသီ နဲ့ ဖိတ် တာ ... အာရုံ များတဲ့ လူတွေ ဖမ်းမိဖို့ ခက်တယ်လေ ... အာရုံတွေ စုစည်းထားးး :P
ဖြောင်း ဖြောင်း ဖြောင်း . ..
မန်ဘာအသစ်ကို ကြိုဆိုသံ :-)
ဟားး... ဟား..... လက်သမားဆြာကြီး ဟန်သစ်ငြိမ်
ကြွပါခင်ဗျားးးးးးးးး ပရိတ်သတ်ကြီးက ကြိုဆိုပါတယ်။
အရှေ့ကျောင်းတိုက်က ဆိတ်ပညာသိုင်း အကျော်အမော် ဆရာကြီးလင်းဦး၊ အနောက်ကျောင်းတိုက်က မျိုးဆက်အကျော်အမော် ဆရာကြီး ဆာလာအိတ် ရဲမွန်၊ မြောက်ကျောင်းတိုက်က မျောက်သိုင်းအကျော်အမော် လက်သမားဆရာကြီး ဟန်သစ်ငြိမ်၊ တောင်ကျောင်းတိုက်က သားမက်ရှောင်သိုင်း အကျော်အမော် သမီးတစ်ကောင် နွားတစ်ထောင် ဆရာကြီးကလူသစ်... ဆရာကြီး လေးယောက်အထဲမှာ...
မြောက်ကျောင်းတိုက်က မျောက်သိုင်းအကျော်အမော် (၀ါ) ဖန်တီးမှု သိုင်းပြောင်းပြန်၊ ခရီအေတစ်ဗီတီ လက်သမားဆြာကြီး (၀ါ) အမှန်အစစ် မငြိမ်တဲ့ ဟန်သစ်ငြိမ် တော့ သိုင်းပညာ ဖလှယ်ပွဲကို ရောက်လာပြီပဲဗျ။
ကျန်တဲ့ဆရာကြီးတွေကို ပင့်လိုက်ပါအုံး... လှံဖျားနဲ့။ အဟက်...
Post a Comment